အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် ဝန်ထမ်းများ တာဝန်ပြန်ထမ်းဆောင်မည်ဆိုပါက တရားစွဲဆိုထားမှုများအား ပြန်လည် ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း အာဏာ သိမ်း စစ်ကောင်စီက ၎င်း၏မီဒီယာများမှ တဆင့် ထုတ်ပြန်ကြေညာသည်။
CDM လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် အရေးယူခံခဲ့ရသည့် နိုင်ငံ့ဝန်ထမ်းတချို့သည် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိသည့်အပြင် စိတ်လှုပ်ရှားလွယ်မှုကို အသုံး ချခံရခြင်း၊ ဖိအားပေးခြိမ်းခြောက် အကျပ် ကိုင်ခံရခြင်းတို့ကြောင့် ပါဝင်ခဲ့ကြရသဖြင့် အရေးယူခံခဲ့ရသူများ ရှိသည်ဟု ဆိုသည်။
ထိုကဲ့သို့သော ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းအဖြစ် နိုင်ငံ့တာဝန်များကို ပြန်လည် ထမ်းဆောင်နိုင် ရေး စဉ်းစားသုံးသပ် ဆောင်ရွက်နိုင်ရန် အသိပေးထုတ်ပြန်သည်ဟု လည်း ကြေညာချက်တွင် ဖော်ပြထားသည်။
အာဏာသိမ်းစစ်ကောင်စီသည် CDM တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်း အများအပြားကို ရာထူးမှ ထုတ်ပယ်ခြင်း၊ တရားစွဲဆိုခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ ဝန်ထမ်းလိုင်းခန်းများမှ အကြမ်းဖက်ပစ်ခတ် ဖယ်ရှားခြင်းများ ပြုလုပ်နေ ရာမှ ယခုကဲ့သို့ ထုတ်ပြန်ကြေညာလာခြင်း ဖြစ်သည်။
တဖက်တွင်လည်း စစ်ကောင်စီက ပညာရေးဝန်ထမ်းများအား လုပ်ငန်းခွင်ပြန်ဝင်ရန် ဖိအားပေးခြင်း၊ ဖမ်းဆီးရ မိခြင်း မရှိသေးသည့် CDM ဆရာဝန်များ၏ မိသားစုဝင်များကို ဖမ်းဆီးခြင်း၊ CDM ဆရာဝန်များ လုပ်ငန်းခွင် ပြန်ဝင်ရန် မိဘများအပေါ် ဖိအားပေးခြင်းများ ပြုလုပ်လျက်ရှိသည်။
CDM ဆရာဝန်တဦးက “အခုချိန်ထိ ခံယူချက်ကတော့ အရင်အတိုင်းပဲ မပြောင်းလဲသေးဘူး။ ဆက်ပြီးတော့ လည်း တိုက်သွားမှာပါ။ ဒီဟာကြီးက သူတင်းကိုယ်တင်း အတင်းနိုင်ဆုံး သူက နိုင်မယ်လို့ပဲ ထင်တယ်” ဟု ပြော သည်။
ဆက်လက်၍ ၎င်းက ဝန်ထမ်းများ အလုပ်လာမတက်သဖြင့် အိမ်မှမိသားစုဝင်များကို ဖမ်း ဆီးခြင်းသည် ပြန်ပေး ဆွဲသည့် သူပုန်အဖွဲ့အဆင့်သာ ရှိသည်ဟု ဆိုသည်။
၎င်းက “သူတို့ရဲ့ ရုပ်မြင်သံကြားတွေကနေတဆင့်တော့ ပြောမှာပဲ။ ကျမတို့ရဲ့ CDM တွေက အားလျော့လာပါပြီ။ သူတို့ဘက်နိုင်သယောင်တော့ ဟန်ဆောင်ကြမှာပဲ။ ဟန်ပြတွေအားလုံးကတော့ လုပ်နေမှာပဲ။ ဖိနှိပ်မှုတွေ၊ ခြိမ်း ခြောက် မှုတွေကြောင့် ဝန်ထမ်းတွေ အလုပ်ပြန်ဝင်ကြရင်တောင်မှပဲ သူတို့ရဲ့အာဏာသိမ်းမှုကြီးက မအောင်မြင် နိုင်ပါဘူး။ ကျမတို့ပဲ နိုင်မယ်လို့ ယုံကြည်တယ်” ဟုလည်း ပြောဆိုသည်။
ရန်ကုန်တက္ကသိုလ်မှ CDM ဆရာတဦးကလည်း အဆုံးထိ CDM လုပ်မည်ဟု ဆုံးဖြတ်ထားသောကြောင့် စစ် ကောင်စီဘက်မှ လုပ်ချင်ရာလုပ်၊ ထုတ်ချင်ရာထုတ် အရေးစိုက်နေစရာ မလိုဟု ဆိုသည်။
CDM လှုပ်ရှားမှုသည် အာဏာသိမ်းစစ်ကောင် စီ၏ အစိုးရယန္တရား မလည်ပတ်နိုင်ရန် ရည်ရွယ်သည့် လှုပ်ရှားမှု တခုဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းပေါင်း ၂ သိန်းကျော်က ယင်းလှုပ်ရှားမှုတွင် ပါဝင်နေသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ့ဝန်ထမ်း အများအပြား CDM တွင် ပါဝင်လာခဲ့ ပြီး ယနေ့ အာဏာသိမ်းမှု ၈၇ ရက်မြောက်နေ့အထိ စစ်ကောင်စီ၏ အစိုးရယန္တရား လည်ပတ်နိုင်ခြင်း မရှိသေး ပေ။
တဖက်တွင်လည်း CDM တွင် ပါဝင်သည့် အစိုးရဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများကို လစာပေးနိုင်ရန် ကြိုးပမ်းနေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အဖွဲ့က ထုတ်ဖော် ပြောဆိုထားသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော မြန်မာပြည်သူများ၏ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အော်စလိုတက္ကသိုလ်ရှိ ပါမောက္ခ ၆ ဦးက မတ်လတွင် လက်မှတ်ရေး ထိုးပြီး အဆိုပြုထားသည်။
၁၉၈၈ခု စစ်တပ်အာဏာသိမ်းစဉ်ကလည်း ဝန်ထမ်းများ လုပ်ငန်းခွင် ပြန်ဝင်ရန် ပြောကြားပြီး နောက်ပိုင်းတွင် မေးခွန်း ၃၂ ခုကို ဖြေဆိုခိုင်းကာ အဖြေပုံစံအမျိုးမျိုးကို စိစစ်ပြီး ဖမ်းဆီးခြင်း၊ အလုပ်မှထုတ်ခြင်း၊ ရာထူးမတက်စေခြင်း နည်းလမ်းအမျိုးမျိုးဖြင့် နှိပ်ကွပ်ခဲ့သည့် သာဓကများမှာလည်း ထင်ရှားသည်။
You may also like these stories:
စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးသွားသည့် သားအမိ ၂ ဦးအဆက်အသွယ်ပြတ်နေ
ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်သို့ ဝင်ရန် စစ်ကောင်စီ ဖိအားပေး