စစ်စခန်းများ ကျပြီးနောက် စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း ဗုံးကြဲတိုက်ခိုက်နေ
မြန်မာ-ထိုင်းနယ်စပ်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ က တိုက်ခိုက်သိမ်းယူလိုက်သဖြင့် နယ်စပ် စခန်းတခု ထပ်မံဆုံးရှုံးထားသည့် စစ်ကောင်စီသည် ဖာပွန်ခရိုင်အတွင်းသို့ တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်နေ သည်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် (KPSN) က “တပ်မဟာ ၅၊ မူတြော်ခရိုင်မှာ အခု စစ်ကောင်စီ တိုက်လေ ယာဉ်နဲ့ ပစ်နေပါတယ်။ ဒါးဂွင်မှာ ၄ ကြိမ် ပစ်ပြီးသွားပြီ” ဟု ယနေ့အခြေအနေနှင့် ပတ်သက်၍ သတင်းတို တစောင် ထုတ် ပြန်ထားသည်။
စစ်ကောင်စီ၏ လက်အောက်ခံတပ်များ စခန်းထိုင်သည့် ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ မြန်မာ- ထိုင်းနယ်စပ်၊ သံလွင်မြစ် ကမ်းနံဘေးရှိ သော်လဲထာစခန်းကို ဧပြီ၂၇ ရက် မနက် ၅ နာရီဝန်းကျင်က KNU တပ်မဟာ (၅)သည် ဝင်ရောက် စီးနင်း တိုက်ခိုက်ပြီး သိမ်းဆည်းခဲ့သည်။
သော်လဲထာစခန်းတွင် စခန်းထိုင်သည့် စစ်ကောင်စီ၏ တပ်သားများ ဖာပွန်ခရိုင်အတွင်းမှ တဦးမှ လွတ်မြောက်လာခြင်း မရှိဘဲ အချို့မှာ တိုက်ပွဲတွင် သေဆုံးကာ လက်နက်များသယ်ဆောင်၍ ထွက်ပြေးသည့် တပ်သား ၈ ဦးကိုလည်း KNLA ဘက်မှ ဖမ်းဆီးလိုက်သည်ဟု ဒေသခံများထံက သိရသည်။
သော်လဲထာ စခန်းသည် ယခင်က KNLA ၏ စခန်းဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် စစ်တပ်က သိမ်းဆည်းပြီး စခန်းထိုင်ထားသည့် နေရာဖြစ်သည်။
ထိုင်း- မြန်မာနယ်စပ် စစ်ရေး လေ့လာသူများ အဆိုအရ သံလွင်မြစ်ရိုး တလျှောက်တွင် သော်လဲထ၊ မဲ့ခေါင်ခါး၊ သီမူးထ ဆိုသည့် စစ်တပ်၏ အရေးပါသော စိုးမိုးကုန်း စခန်းသုံးခုရှိရာ ယခုအခါ သော်လဲထနှင့် သီမူးထကို KNUက သိမ်းပိုက်ထား ပြီးဖြစ်သလို မဲ့ခေါင်ခါး စခန်းမှာလည်း ဖာပွန်ရှိ စစ်တပ်နှင့် အဆက်အသွယ်ဖြတ်တောက်ခံထားရသဖြင့် ရိက္ခာ မရောက် သည်မှာ ကြာပြီဖြစ်ကြောင်း၊ ထို့အတွက် ဖာပွန်ခရိုင်ရှိ စစ်တပ်လှုပ်ရှားမှုများကို ထိန်းချုပ်ထားလိုက်နိုင်ပြီဖြစ်သလို KNU တပ်များမှာလည်း ယင်းနယ်မြေတွင် လွတ်လပ်စွာ လှုပ်ရှားခွင့်ရသွားပြီဖြစ်ကြောင်း သိရသည်။
စစ်တပ်စခန်းထိုင်ထားသည့် သီမူးထ စိုးမိုးကုန်းစခန်းကို မတ်လ ၂၇ ရက်နံနက်စောစောက KNU တပ်မဟာ ၅ မှတိုက်ခိုက် သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
စစ်ကောင်စီသည် နယ်စပ်စခန်း ဆုံးရှုံးပြီးနောက် ဧပြီ ၂၇ ရက် နေ့လယ်ပိုးမှစ၍ ဖာပွန်ခရိုင်အတွင်းရှိ KNLA တပ်မဟာ (၅) လှုပ်ရှားသည့် နယ်မြေများ အပြင် ဒေသခံ အရပ်သားများ နေထိုင်သည့် ကျေးရွာများကိုပါ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ် သည်။
ဧပြီ ၂၇ ရက် နေ့လယ်ပိုင်းမှ ဧပြီ ၁၈ ရက် နေ့လယ်ပိုင်းအထိ ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၈ ကြိမ် ဗုံးကြဲ တိုက်ခိုက်ထားပြီဖြစ်သည်။
KNU တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက “သူတို့က ရွာနီးချုပ်စပ်တွေမှာပဲ ဗုံးကြဲတယ်။ အထူးသဖြင့် ရွာ တွေကို ဦးတည်ပြီး တိုက်တဲ့ သဘော၊ အိမ်တွေ ဖြူဖြူဝါဝါ အဆောက်အဦး တွေ့တာနဲ့ သူတို့က ဗုံးကြဲနေတာပဲ။ ပြည်သူ လူထုအတွက်ကတော့ စိုးရိမ်ရပါတယ်။ လူထုက မတ် ၂၇ ရက်ကတည်းက ဗုံးခိုကျင်းတွေရော ဗုံးခိုတဲ့ နေရာတွေရော ရှောင်တိမ်းနေတယ်။ ဘယ်လောက်ထိ စိတ်ချလုံခြုံမှု ရှိမယ်ဆိုတာကတော့ ပြောရခက်ပါတယ်” ဟု ဆိုသည်။

ဖာပွန်ခရိုင်အတွင်း စစ်တပ်၏ ရှေ့တန်းစခန်းများကို မတ်လကတည်းက KNU တပ်မဟာ (၅) က တိုက်ခိုက်သိမ်းယူခြင်း၊ စစ်တပ်၏ ရှေ့တန်းတပ်စခန်းများ ရိက္ခာပြတ်အောင် လမ်းကြောင်းများ ပိတ်ဆို့ ဖြတ်တောက်ခြင်းများ ပြုလုပ်သဖြင့် မတ် ၂၇ ရက် ၃၁ ရက်အထိ စစ်တပ်က တိုက်လေယာဉ်များဖြင့် ဖာပွန်ခရိုင်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာတွင် KNU တပ်စခန်းများကိုသာ တိုက်ခိုက်ခြင်း မဟုတ်ဘဲ ဒေသခံ အရပ်သားများ နေထိုင် သည့် ကျေးရွာများကိုပါ ဗုံးကြဲသဖြင့် မတ်လ ၂၇ ရက်မှ ယနေ့ထိ တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေ ရသည့် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေမှာ တသောင်းကျော် ရှိခဲ့သည်။
ထိုစစ်ဘေးရှောင် တသောင်းကျော်သည် တောတောင်အတွင်း မလုံခြုံသဖြင့် မတ်၂၈ ရက်တွင် သံလွင်မြစ်ကို ဖြတ်ကူး ကာ ထိုင်းနိုင်ငံနယ်စပ်တွင် ခိုလှုံသော်လည်း ထိုင်းအာဏာပိုင်များက ပြန်လည် မောင်းထုတ်ခဲ့သဖြင့် မတ်၂၉ ရက်တွင် ဖာပွန်ဘက်ခြမ်းသို့ ပြန်လာခဲ့ရသည်။
ထိုင်းအာဏာပိုင်များသည် ဒုက္ခသည်များကို ပြန်လည် မောင်းထုတ်သည့်အပြင် ထိုင်းနိုင်ငံတွင်းမှ နယ်စပ်သို့ လူသားခြင်း စားနာထောက်ထားမှု အကူအညီလာပေးမည့် သူများကိုလည်း တားမြစ်ခဲ့သည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက မြန်မာနိုင်ငံဘက်မှ ဒုက္ခရောက်ပြီး ပြေးလာသည့် သူများကို ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်ခိုလှုံခွင့်ကို ပိတ်ပင်ထားမည် မဟုတ်ကြောင်း ပြောဆိုသော်လည်း မြေပြင်တွင် ထိုင်းနိုင်ငံအာဏာပိုင်များက မိမိ နေရပ်သို့သာပြန်ရန် ပြန်လွှတ်နေသဖြင့် ကရင်စစ်ဘေးရှောင်ဒုက္ခသည်များသည် ထိုင်းနိုင်ငံဘက်သို့လည်း ထပ်မံ ခိုလှုံရန် မဝံ့မရဲ ဖြစ်နေကြသည်ဟု သိရသည်။
ထိုင်းအာဏာပိုင်များ၏ လုပ်ရပ်အပေါ် လူ့အခွင့်အရေးအဖွဲ့အစည်းများက ဝိုင်းဝန်းဝေဖန်ကြသည့်နောက်တွင် ဧပြီလ ပထမပတ်မှစ၍ ကရင်ဒုက္ခသည် များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ထိုင်းနိုင်ငံ နယ်စပ်မှ တဆင့် ပေးပို့ခွင့်ပြုခဲ့သည်။
စစ်ဘေးရှောင်ဒုက္ခသည်များသည် ယာယီအမိုးအကာနှင့် အစားအသောက် အထောက်အပံ့များ ရရှိသော်လည်း စစ်ရေး ပဋိပက္ခဖြစ်ပွားနေသည့် တောတွင်း၌သာ လှည့်လည်နေထိုင်နေရဆဲ ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ ဧပြီ ၂၄ ရက်၊ စာရင်းအရ ဖာပွန်ခရိုင်တွင် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဒုက္ခသည်မှာ၂၃၀၀၀ ကျော် ရှိပြီဖြစ်သည်ဟု သိရသည်။
NUG ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒေါ်ဇင်မာအောင်က ကရင် စစ်ဘေးရှောင်ဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက်တွင် ခိုလှုံနိုင်ရန်၊ စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးရန်အတွက် ထိုင်းအစိုးရကို ပူးပေါင်းဆောင်ရွက်ပေးရန် အတွက် ဆက်သွယ်နေပါသည်ဟု ပြောသည်။
ယခုအခါ သော်လဲထာစခန်း ဆုံးရှုံးလိုက်ရခြင်းကြောင့် စစ်တပ်က တိုက်လေယာဉ်များဖြင့် ပြန်လည် ဗုံးကြဲနေသဖြင့် ဒုက္ခသည်များအနေဖြင့် ဘေးလွတ်ရာ ထိုင်းနိုင်ငံ နယ်စပ်တွင် ခိုလှုံခွင့် ရရန် လိုအပ်နေပြီဟု ပဒိုမန်းမန်းက ဆိုသည်။
ပဒိုမန်းမန်း က “ထိုင်းက လူမှုအဖွဲ့အစည်းတွေက လူသားချင်း လုံခြုံမှုအတွက် တစုံတရာ ကူညီပေးဖို့ ထိုင်းအစိုးရကို ဆော်သြနေတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး NUG အစိုးရကလည်း တစုံတရာ ဘာမှ ထွက်ပေါ်လာတာ မရှိတော့ ကျနော်တို့က ထိုင်းအစိုးရပေါ်ပဲ ဖြစ်ဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းပဲ ဖြစ်ဖြစ် လေကြောင်း တိုက်ခိုက်မှုတွေပေါ်မှာ ဒုက္ခ သည်တွေ တိမ်းရှောင်နိုင်ဖို့ NUG အနေနဲ့ သဘောထား ထုတ်ပြန်မှုတွေ လုပ်ရမယ်လို့ ယူဆပါတယ်” ဟုလည်း ဆိုသည်။
ဖာပွန်ခရိုင်အတွင်း စစ်ရေးအခြေအနေမှာ ငြိမ်သက်ခြင်း မရှိသေးပါ။
စစ်တပ်နှင့် စစ်ရေးတင်းမာနေသည့် KNU သည်၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ရေးထိုးထားကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။
KNU သည် စစ်တပ်က အာဏာသိမ်းသည့် လုပ်ရပ်ကို လက်မခံနိုင်ကြောင်း ဆန့်ကျင်ပြီး ဆွေးနွေးနေဆဲငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုလည်း ရပ်ဆိုင်းကာ ၎င်း၏ လက်အောက်ခံ တပ်များသည်လည်း လူထုဘက်မှ ရပ်တည်ပြီး စစ်ကောင်စီ ၏ တပ်များကို အင်အားချိနဲ့အောင် လုပ်မည်ဟုဆိုကာ မြေပြင်တွင် စစ်တပ်ကို တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။
You may also like these stories:
တမူးပစ်ခတ်မှု စစ်ကောင်စီ စစ်သား၃ ဦးနှင့် CDM စစ်သားတဦးသေဆုံး