စစ်အာဏာသိမ်းပြီးနောက် လစဉ်ပုံမှန် ထီဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ရာမှ ယခင်အမြင့်ဆုံးဆု ကျပ်သိန်းတသောင်းခွဲအစား ယခုအခါ ကျပ်သိန်းငါးထောင်သာ ချီးမြှင့်မည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ကျပ် တထောင်တန် ထီလက်မှတ်များ၂၆ ကြိမ်မြောက်အဖြစ် မေလ ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး “က” အ က္ခရာမှ အစဉ်လိုက် “ကဈ” အထိ အက္ခရာ ၄၂ လုံးတွင် ထီစာအုပ် ၂၀၅၃၄၈ အုပ်ရောင်းချခဲ့ရသည့်အတွက် ရငွေ ကျပ်သန်း ၂၀၅၃.၄၈၀ ရှိခဲ့ပြီး ယင်းရငွေ၏ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်း ၁၂၃၂.၀၈၈ အား ချီးမြှင့်မည်ဖြစ် ကြောင်းသိရသည်။
ယခင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသည့် ဆုမဲများမှ ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း၂၅၀ အား တခုချင်းဆုမဲ ကျပ် ၁၀ သန်း (၄)ဆု၊ ဝေဝေဆာဆာဆုမဲ ကျပ် ၃ သိန်း (၂၀ )ဆု၊ ကျပ် ၂ သိန်း (၂၀၀)ဆု၊ ကျပ် ၁ သိန်း(၂၀၀၀)ဆု တို့ကိုလည်း ချီးမြှင့်သွားမည်ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီထံသို့ အခွန်ငွေများ မရောက်ရှိရေး ထီထိုးခြင်းမပြုကြရန် ပြည်သူများကြား တိုက်တွန်းမှုများရှိခဲ့ပြီးနောက် ထီလက်မှတ်ရောင်းအားများ ကျဆင်းခဲ့ကာ ယခုကဲ့သို့ ကျပ်တထောင်တန် ထီလက်မှတ်များအား ထီဆုကြေးလျော့ချလိုက်သည့်အတွက် ပြည်သူ စိတ်ဝင်စားမှု ပိုမိုကျဆင်းလာနိုင်ကြောင်း လည်း ထီရောင်းသူအချို့က ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စတင် ဖွင့်လှစ်ခဲ့သည့်၂၅ ကြိမ်မြောက် ထီဖွင့်ပွဲကို ၁၅ ရက် နောက်ဆုတ်လုပ်ခဲ့ရပြီး၂၆ ကြိမ်မြောက် ထီဖွင့်ပွဲကို ၁ လ နောက်ဆုတ်ကာ ထီလက်မှတ်များ ၂ လခန့်ထိ ရောင်းချခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ၂ လခန့် ရောင်းချပြီးနောက် အုပ်ရေ၂ သိန်းကျော်သာ ရောင်းချနိုင်ခဲ့သည်။
“အာဏာမသိမ်းခင်ကဆို လစဉ် ထီအုပ်ရေ ၃ သန်းကျော်လောက် ရောင်းရလေ့ရှိတယ်။ အခုက၂ လ ရောင်းမှ၂ သိန်းကျော်သာ ရောင်းနိုင်တယ်ဆိုတော့ ဘယ်လောက် ရောင်းအား ကျသွားလဲ သိသာပါတယ်။။ အဲဒီရောင်းရတဲ့ ထီတွေကလည်း ထီထိုးသူတွေဆီထက် ထီဆိုင်လက်ထဲကို ရောက်သွားတာ ပိုများတယ်။ ပြည်သူတွေရဲ့ ထီမထိုးရ CDM အောင်မြင်တယ်လို့လည်း ပြောလို့ရပါတယ်” ဟု အောင်ဘာလေ ထီအကြောင်း လေ့လာသုံးသပ်နေသူ တဦးက ပြောသည်။
စစ်ကောင်စီအနေဖြင့် အောင်ဘာလေထီမှလည်း ဝင်ငွေရရှိမှု လျော့နည်းနေသလို အခြား အခွန်အခများကိုလည်း ပေးဆောင်ခြင်း မပြုကြသဖြင့် အခွန် ဝင်ငွေမရသလောက် နီးပါး ဖြစ်နေကြောင်း သိရသည်။
စစ်ကောင်စီအား လူထုက ပုံစံအမျိုးမျိုးဖြင့် ဆန့်ကျင်နေရာ အစိုးရနှင့် ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများကလည်း CDM လုပ်ကြသလို စစ်တပ်ထုတ်ကုန်များကိုလည်း မသုံးစွဲရေး ဆော်သြမှုများ ရှိနေသည်။
ဖေဖေါ်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းလိုက်ကတည်းက လူထုမှ အောင်ဘာလေထီ ထိုးခြင်းကို သပိတ်မှောက်သဖြင့် လစဉ်ဖွင့်လှစ်သည့် ထီဖွင့်ရက်ကို ရက်ရွှေ့ထားရသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်။
You may also like these stories:
MOB ဘဏ်က CDM ဝန်ထမ်း ၂၀၀ ကျော်ကို အလုပ်က ထုတ်ပယ်
အင်တာနက်ဝန်ဆောင်မှုများ စစ်ကောင်စီ ဆင်ဆာစနစ်ဖြင့် ထိန်းချုပ်လာ