ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ၇၆၀ ခန့် သေဆုံးခဲ့ရပြီးနောက် ယင်းလုပ်ရပ်များကို မနှစ်မြို့သည့် စစ်ဘက်မှ အရာရှိ အကြပ် စစ်သည် ၁၀၀ နီးပါး အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) တွင် ပူးပေါင်းပါဝင်လာကြောင်း သိရသည်။
စစ်တပ်ထဲတွင် မမျှတသည့် အမိန့်များ၊ လွတ်လပ်စွာ ပြောဆိုခွင့် မရှိမှုများ၊ အောက်ခြေနှင့် အပေါ်အဆင့်ဆင့် ကွာဟမှုများနှင့် ပြည်သူကို အကြမ်းဖက် သတ်ဖြတ်နေသည့် လုပ်ရန်များကို မနှစ်မြို့သဖြင့် အရာရှိ စစ်သည်များ စစ်တပ်ကို စွန့်ခွာနေခြင်း ဖြစ်ကြောင်း DSA အပတ်စဉ် ၅၄ မှ ဗိုလ်ကြီး လင်းထက်အောင်က ဧရာဝတီသို့ ပြောသည်။
၎င်းသည် မွန်ပြည်နယ် ရေးမြို့နယ်မှ ဖြစ်ပြီး အရှေ့တောင်တိုင်းဒေသ စစ်ဌာနချုပ်တွင် ၈ နှစ်၊ တြိဂံတိုင်း စစ်ဌာနချုပ်မှာက ၁ နှစ်ခွဲ တာဝန်ထမ်းဆောင်ခဲ့ပြီး မိုင်းပြင်းမြို့နယ် ခမရ ၅၂၈ မှတဆင့် CDM သို့ ဝင်ရောက်လာသည့် စစ်ဘက်ဆိုင်ရာ အရာရှိတဦး ဖြစ်သည်။
ဗိုလ်ကြီး ထင်လင်းအောင်က“အခုဆိုရင် တပ်ကို စွန့်ခွာတဲ့သူက ရာဂဏန်းနီးပါး ဖြစ်လာတော့မှာပါ။ သူတို့ဘာကြောင့် စွန့်ခွာလဲဆိုရင် တပ်ထဲမှာ အကျဉ်းချထားသလို လုပ်တယ်။ မတရားတဲ့ အမိန့်တွေပေးတယ်။ မတရားတဲ့ လုပ်ရပ်တွေ လုပ်ခိုင်းတယ်။ အမှားကိုပဲ လုပ်ဆောင်နေရတယ်။ အမှန်အတွက်ကို ပြန်လည်တင်ပြခွင့် မရှိဘူး”ဟု ပြောသည်။
၎င်းက ဆက်၍ “ဒါတွေကို တဖြည်းဖြည်းနဲ့ တပ်က လူတွေလည်း သိလာတယ်။ သူတို့ရဲ့ တကိုယ်ကောင်းဆန်တဲ့ သူတို့ အကျိုးစီးပွားအတွက်ပဲ လုပ်နေတယ်ဆိုတာကို မြင်လာတယ်။ မြင်လာတဲ့အတွက် အခုလို တဖြည်းဖြည်းနဲ့ စွန့်ခွာလာတယ်လို့ မြင်တယ်”ဟု ပြောသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အကြမ်းဖက် လက်နက်အင်အား အသာစီးဖြင့် ဖိနှိပ်သော်လည်း စစ်ကောင်စီသည် အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခြင်းမရှိပေ။ တချိန်တည်းတွင် စစ်ကောင်စီသည် ၎င်းတို့၏တပ်များ ညီညွတ်အောင် အပြင်းအထန် ရုန်းကန်နေရကြောင်း ဗိုလ်ကြီးလင်းထက်အောင်ကဲ့သို့ တပ်ကို စွန့်ခွာလိုသူများက သက်သေပြနေသည်။
စစ်အာဏာသိမ်းအပြီး ယခုအခါ ပြည်သူလူထု၏ ထောက်ခံမှု လုံးဝကင်းမဲ့သည့် နီးပါးဖြစ်နေသော မြန်မာစစ်တပ်၏ စိတ်ဓာတ်ရေးရာက အတော်ပင် ကျဆင်းသွားနေသည်။ ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA များက စစ်ကောင်စီတပ်ဖွဲ့များ ထိုင်သော စစ်စခန်းများကို ဝင်ရောက် စီးနင်း သိမ်းပိုက်သည့်အခါ ကြာရှည် တောင့်ခံ မထားနိုင်တော့သည်ကို စစ်ရေးစောင့်ကြည့်လေ့လာသူများက ထောက်ပြလာသည်။
ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းသည့်အခါ ၎င်းတို့၏ လူကြီးများနှင့် နိုင်ငံရေး ခေါင်းဆောင်များကြား နိုင်ငံရေး ပဋိပက္ခအဖြစ်သာ ရှုမြင်ခဲ့ကြသော်လည်း နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မမြသွဲ့ သွဲ့ ခိုင် သေနတ်မှန် သေဆုံးချိန်တွင် တပ်တွင်းရှိ စစ်သားများကြားတွင် ဝေဖန်ပြောဆိုမှုများ ရှိလာကြောင်း အသက် ၂၄ နှစ်အရွယ် အခြား စစ်ဗိုလ်တဦးကလည်း ဧရာဝတီသို့ ဖွင့်ဟသည်။
၎င်းသည် တပ်မတော် နည်းပညာ တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး တက္ကသိုလ် တက်ရောက်နေသည့် သက်တမ်း အပါအဝင် စစ်မှုထမ်းသက် ၈ နှစ် ရှိပြီ ဖြစ်ပြီး ပညာသည်လိုင်းအုပ်စုမှ စစ်သားတဦး ဖြစ်သည်။
၎င်းက“ဒါကြီးက ငါတို့နဲ့ မဆိုင်သလို နေလို့ မရတော့ဘူး။ တချိန်ချိန်မှာ ပြည်သူတွေကို သတ်တဲ့ ကျည်ဆံက ကိုယ့်ကျည်ဆံလည်း ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးက ဝင်လာပြီဗျာ။ အဲဒီအချိန်မှာ ဒီတိုင်းပဲ ဆက်ပြီးတော့ မဆိုင်သလို မနေချင်တော့ ဘူး။ စစ်သား ၈၀ ရာခိုင်နှုန်းလောက်မှာ အဲဒီစိတ်ရှိတယ်လို့ ကျနော်ယုံတယ်”ဟု ပြောပြသည်။
ထို့ပြင် ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းရာတွင် စစ်တပ်က ဦးဆောင်ပါဝင်ခဲ့သည့် မြောက်ဥက္ကလာတွင် လူအစုလိုက် သတ်ဖြတ်မှုများ၊ ပဲခူးနှင့် လှိုင်သာယာ ဖြစ်စဉ်များကို ကြည့်ပြီးနောက် စစ်တပ်၏ လုပ်ရပ်များကို ရွံရှာလာပြီး စစ်ယူနီဖောင်း ဝတ်ဆင်ရန် မသတီတော့ကြောင်း ဆိုကြသည်။
“အဲဒီလိုတွေကြောင့် အခုလို ထွက်လာရတာ ဖြစ်တယ်”ဟု အထက်ပါ စစ်ဗိုလ်က ပြောသည်။
သတင်းစီးဆင်းမှုကို တားဆီးရန် မိုဘိုင်းအင်တာနက်ကို ပိတ်ပင်ခြင်းသည် တပ်တွင်းမှ စစ်သားများကို ပြင်ပကမ္ဘာနှင့် တိုက်ရိုက် အဆက်အသွယ်ဖြတ်ရန် ရည်ရွယ်ချက်လည်း ပါသည်။ ထိပ်တန်းတပ်မှူးများသည် ၎င်းတို့၏ တပ်သားများနှင့် မိသားစုများကို ပုံမှန်ခြိမ်းခြောက်ဝါဒဖြန့်ကာ ဖရိုဖရဲမဖြစ်ရေးနှင့် အဖွဲ့အစည်းတည်မြဲရေးအတွက် စိတ်ဓါတ်စစ်ဆင်ရေးလုပ်နေရသည်။
“ပြည်တွင်းပြည်ပမီဒီယာများသည် မိမိတို့အစိုးရ၏ စီးပွားရေး၊ န်ိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနှင့် လူ့အခွင့်အရေး ပြဿနာများကို မဟုတ်မမှန် ဝေဖန်နေသည်” ဟု စစ်အရာရှိများနှင့် မိသားစုများ မတွေဝေရေး စစ်ကောင်စီက ၎င်း၏ တပ်မှူးများနှင့် မြေပြင်တပ်များသို့ ဧပြီလ ၁၆ ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်သည်။
ထိုနောက် “တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့တပ်များနှင့် မိသားစုများ မီဒီယာသတင်းများကို နားမထောင်စေရန်နှင့် ထိုထုတ်လွှင့်မှုများသည် အလိမ်အညာများဖြစ်ကြောင်း အနည်းဆုံး တပတ်လျှင် နှစ်ကြိမ်ရှင်းပြရန်” ထိုသတိပေးချက်က ညွှန်ကြားသည်။
ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲ ပြီးသည့်အခါ NLD ပါတီ မဲအပြတ်အသတ် အနိုင်ရသည့်အပေါ် စစ်တပ်မှ ကစထမှူးများ၊ တိုင်းမှူး များ၊ တပ်မမှူးများ ကိုယ်တိုင် တပ်ထဲသို့ ရောက်လာပြီး NLD သည် မဲလိမ်သဖြင့် ရွေးကောက်ပွဲနိုင်ခြင်း ဖြစ်ကြောင်း လာရောက် ရှင်းလင်းခဲ့သေးသည်ဟု CDM ပြုလုပ်သည့် စစ်ဗိုလ်များထံမှ သိရသည်။
“ကျနော်ကိုယ်တိုင် တပ်ပြင်ပမှာ ဖြစ်တဲ့အတွက် NLD ကို မဲထည့်ခဲ့တယ်။ ကျနော်တယောက်တည်း ခံစားချက်နဲ့တောင် NLD ကို မဲထည့်ခဲ့တာ ဖြစ်တဲ့အတွက် ကျနော်လိုလူမျိုး အများကြီး ရှိတယ်။ မဲလိမ်တယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဒါကိုပဲ NLD က မဲလိမ်တယ်ဆိုတာကို ပြောတယ်။ အဓိကကတော့ သူတို့ အာဏာကို လက်မလွှတ်ချင်တာပဲ” ဟု ဗိုလ်ကြီး ထင်လင်းအောင်က ပြောသည်။
နိုင်ငံရေးလေ့လာသူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က လက်ရှိ စစ်တပ် ဗိုလ်ချုပ်ကြီးများသည် ပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်ပေးနေခြင်း မဟုတ်ဘဲ စစ်တပ် ကြီးစိုးရေးဝါဒအတွက် ရည်ရွယ်ချက်ရှိရှိ အမိန့်ပေးနေသည်ကို အောက်ခြေအဆင့်ဆင့်က သဘောပေါက်လာပြီးနောက် ယခုလို CDM လှုပ်ရှားမှုတွင် ပါဝင်ပြီး ပြည်သူနှင့် ပူပေါင်းလာခြင်း ဖြစ်ကြောင်း ပြောသည်။
“ဒီနေ့ အာဏာလု စစ်ကောင်စီရဲ့ လုပ်ရပ်တွေက အလွန်တရာမှ စက်စုပ်ရွံရှာဖွယ်ရာ ကောင်းပါလားဆိုတဲ့ အမြင်မှန် အ တွေးမှန်တွေ သူတို့ ရလာတဲ့အတွက် ဒီနေ့မှာ ပြည်သူဘက်ကို ကူးပြောင်းလာတယ်။ ဓမ္မဘက်နဲ့ အဓမ္မဘက်က စည်း ခြားသွားပါပြီ”ဟု ဦးထွန်းကြည်က ပြောသည်။
၎င်းက ဆက်၍ “တပ်ထဲမှာလည်း ဒီလို အတွေးအခေါ် ရှိတဲ့လူတွေ များသွားပြီ ဖြစ်လို့ တပ်ထဲမှာ ရှိတဲ့ အရာရှိစစ်သည်တွေ အနေနဲ့ ပြည်သူ့ဘက်ကို တဖြည်းဖြည်းနဲ့ ပြောင်းလာမယ်လို့ ယုံကြည်တယ်။ မယုံရင်လည်း ဗိုလ်ချုပ်ကြီးတွေ စမ်းကြည့် လိုက်ပါ။ ကြာလာလေလေ တပ်ပျက်လာလေလေ။ ကြာလာလေလေ သွေးပျက်လာလေလေ ဖြစ်လာမယ်ဆိုတာတော့ သေချာတယ်”ဟု ပြောသည်။
ယခင်က စစ်တပ်သည် စစ်ရာဇဝတ်မှုများကို တိုင်းရင်းသားနယ်မြေများ၊ ရခိုင်မြောက်ပိုင်းတို့တွင် ကျူးလွန်ခဲ့သော်လည်း ယခုအခါ ပြည်မသို့ ရောက်ရှိလာပြီး ပဲခူး၊ လှိုင်သာယာ ဖြစ်စဉ်များကို ကြည့်၍ သိနိုင်ကြောင်း၊ စစ်တပ်ကြီးစိုးရေး ဝါဒ အတွက် သေနတ်နှင့် အာဏာကို တည်ဆောက်မည်ဆိုသည့် စစ်ဗိုလ်ချုပ်များ၏ အတွေးအခေါ်မှာ လက်ရှိအချိန်တွင် အလုပ်မဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
လက်ရှိအချိန်တွင် တပ်ထဲရှိ အရာရှိ စစ်သည်တချို့ မှာလည်း တပ်ကို စွန့်ခွာ၍ CDM ပြုလုပ်ရန် စဉ်းစားနေကြသော်လည်း ထောက်ထားစရာ မိသားစုများ ရှိနေသဖြင့် မထွက်နိုင်ကြသေးခြင်း ဖြစ်ကြောင်း၊ သို့သော် အရမ်း စိတ်ပျက်လာပါက ထွက်လာကြဖွယ်ရှိကြောင်း CDM ပြုလုပ်နေသည့် စစ်ဘက်အရာရှိတချို့က ဧရာဝတီသို့ ပြောသည်။
“တပ်ထဲမှာ ၈၀ ရာခိုင်နှုန်း လောက်က အခုအခြေအနေကို မကြိုက်ကြဘူး။ တကယ်လို့ ဖက်ဒရယ်အာမီ ပေါ်လာရင် သူတို့က ဖက်ဒရယ်အာမီဘက်ကိုလည်း ကူးပြောင်းလာမယ့် သဘောထားတွေ ရှိပါတယ်။ သူတို့ကိုယ်တိုင်လည်း ပါဝင်ပြီးတော့ တိုက်ခိုက်ပေးကြမယ်လို့ ယုံကြည်တယ်”ဟု ဗိုလ်ကြီး ထင်လင်းအောင်က ပြောသည်။
အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကမူ တိုင်းပြည်တွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ကာကွယ်စောင့်ရှောက်မည့် တပ်မတော်တခု လိုအပ်နေပြီ ဖြစ်ကြောင်း ပြောသည်။
“Professional တပ်မတော်တခု ဖြစ်ရမယ်။ အကြမ်းဖက်မှုနဲ့ လက်တုံ့ပြန်တဲ့ တပ်မတော် မဟုတ်ဘူး။ အရပ်သား အစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ရှိရမယ်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်တဲ့ တပ်မတော်တခု ဖြစ်ရမယ်”ဟု ဧရာဝတီသို့ ပြော ဆိုထားသည်။
You may also like these stories:
ကြောက်ရွံ့ခြင်းက စစ်တပ်မကွဲအောင် စွဲကပ်ထားသည်
ဆန္ဒပြသူတွေကို သူတို့က ရာဇဝတ်သားတွေလို မြင်ကြတယ်
ကျရှုံးနိုင်ငံအဖြစ်မှ မြန်မာနိုင်ငံ ရှောင်လွှဲနိုင်မလား
ဆန္ဒပြသူများကို သုတ်သင်ရန် ညွှန်ကြားထားကြောင်း တပ်တွင်းမှတ်တမ်းများက ပြသ