စစ်တပ်က အာဏာသိမ်းလိုက်ခြင်းကြောင့် ကချင်စစ်ဘေးရှောင်ဒုက္ခသည် တသိန်းကျော်ကို နေရပ်ပြန်ပို့ရေး အစီအစဉ် များ အားလုံး ရပ်ဆိုင်းသွားသည်ဟု ကချင်လူသားချင်း စာနာထောက်ထားမှု ကော်မတီ (KHCC) ၏ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ဧရာဝတီကို ပြောသည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်က “တကယ်လို့ အာဏာသိမ်းတဲ့ ကိစ္စမရှိခဲ့ရင် ဒုက္ခသည်တွေ နေရပ်ပြန်ရေးက အများကြီး တိုးတက် အောင်မြင်နေပါလိမ့်မယ်။၂၀၂၃မှာ အပြီးလုပ်ဖို့ ရည်မှန်းချက်ပန်းတိုင် ရှိတယ်။၂၀၂၁မှာ အိမ်ခြေ ၅၀၀၀ ဝန်း ကျင် ပြန်ပို့ပီး ၂၀၂၃မှာ အပြီးအစီး နေရပ်ပြန်ပို့ဖို့ပါ။ နိုင်ငံခြားအထောက်အပံ့ မရသည့်တိုင်အောင် ကိုယ့်နည်း ကိုယ့် ဟန်နဲ့ ပြန်ဖို့ ကျနော်တို့ အားလုံး ဆွေးနွေးထားခဲ့ပြီးပြီ။ ဒါပေမယ့် အာဏာသိမ်းမှုတွေ ဖြစ်လာတော့ ကျနော်တို့ ဘာမှ လုပ်လို့ မရဘူးဖြစ်နေတယ်” ဟု ပြောသည်။
စစ်ဘေးရှောင်ဒုက္ခသည် ဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေး နေသည့် ကုလသမဂ္ဂ (UN) သည်လည်း အာဏာသိမ်းစစ်ကောင်စီကို အစိုးရတရပ်အနေဖြင့် ညှိနှိုင်းဆက်ဆံခြင်း မပြု လုပ်သေးသည့်အပြင် ကချင်ပြည်နယ်တွင်လည်း စစ်ရေးတင်းမာမှုများ ပြန်ဖြစ်ပွားနေသဖြင့် ဒုက္ခသည်များကို နေရပ် ပြန်ပို့ရေး အစီအစဉ်မှာ လုံးဝ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ဆိုသည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် KHCC သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ရှိ ကချင်စစ်ဘေးရှောင်ဒုက္ခသည်များကို နေရပ်ရင်းသို့ပြန်ပို့ကာ ပြန်လည်နေရာချထားရေးလုပ်ပေးရန် အတွက် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီကတည်းက နိုင်ငံတော် သမ္မတရုံးနှင့် တိုက်ရိုက်ညှိနှိုင်းကာ ဆောင်ရွက်နေသည့် ကော်မတီဖြစ်သည်။
KHCC သည် ခရစ်ယာန်ဘာသာရေးအသင်းများမှဆရာတော်ကြီးများ ဦးဆောင်ပါဝင်ကာ ဖွဲ့စည်းထားပြီး ၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်မှ ၂၀၁၈ ခုနှစ်ကြား စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ကချင်စစ်ဘေးရှောင်ဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးအတွက် ဦးဆောင်ပြုလုပ်နေသည့် ကော်မတီ ဖြစ်သည်။
ဒုက္ခသည်များကို နေရပ်ရင်းသို့ ပြန်လည်နေရာချထားရေး လုပ်ပေးရန် စီစဉ်ရာ၌ ဒုက္ခသည်များဆိုင်ရာ အကူအညီပေး နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အကူအညီများ၊ အစိုးရ၏ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှုများ ရရှိရေးအတွက် KHCC က ညှိနှိုင်းရသည့်အပြင် နေရပ်ပြန်မည့် ဒုက္ခသည်များ ထပ်မံ ထွက်မပြေးရစေရန်အတွက်လည်း နှစ်ဖက်တပ်များ၏ စစ်ရေးအာမခံချက်၊ သဘောတူညီချက်များကို ရယူရသည်။
ယခုအခါ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကြားတွင်လည်း တိုက်ပွဲများ ပြင်းပြင်းထန်ထန်ပြန်ဖြစ်ပွားနေကာ နှစ်ဖက်တပ်များကြား ညှိနှိုင်းနိုင်သည့် အခြေအနေလည်း မရှိပါ။
ဒေါက်တာ ခလမ်ဆမ်ဆွန်က “ဗန်းမော်၊ အင်ဂျန်းယန်က ဆိုရင် ပြန်သွားတဲ့ ဒုက္ခသည်တွေပဲ ပြန်ပြေးလာရတယ်။ လေ ယာဉ်တွေကလည်း အမြဲတမ်း တိုက်ခိုက်မှုတွေ ရှိနေတော့လူတွေက မနေရဲတော့ဘူး။ ပိုပြီး စိုးရိမ်ရပါတယ်။ (နေရပ် ပြန်ပို့ဖို့) ဒါကို ကျနော်တို့ အာမ မခံရဲဘူး။ အခုက နေရာတကာမှာ စစ်ဖြစ်နေတယ်” ဟု ပြောသည်။
KHCC သည် ၂၀၂၀ အတွင်း ပူတာအိုမြို့နယ်အတွင်းမှ အိမ်ထောင်စု ၇၇ စု၊ လူဦးရေ ၃၀၀ ကျော်ကို နေရပ်ပြန်ပို့ပေးရန် အိမ်ဆောက်လုပ်ခြင်းများ ပြုလုပ်ပေးနိုင်ခဲ့သည်။
NLD အစိုးရ၏ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည်လည်း ဒုက္ခသည်များကို နေရပ်ပြန် ပို့နိုင်ရေး၊ ဒုက္ခသည်စခန်းများ ပိတ်သိမ်းနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် မဟာဗျူဟာများ ရေးဆွဲနေ လျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခြင်းနှင့် ရင်ဆိုင်လိုက်ရသဖြင့် ဝန်ကြီးဌာနများတွင် စစ်ကောင်စီက ခန့် အပ်သည့် သူများက အစားထိုးနေရာယူထားလိုက်ပြီ ဖြစ်သည်။
စစ်ကောင်စီက ခန့်အပ်သည့် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအတွက် တာဝန်ခံထားသူမှာ ဒေါက်တာ သက်သက်ခိုင်ဖြစ်သည်၊ လက်ရှိတွင် လူမှုကယ်ဆယ်ရေးပိုင်းများတွင် သူ၏ လုပ်ဆောင်ချက် မတွေ့ရသေးပေ။
ဗန်းမော်မြို့ရှိ စစ်ဘေးရှောင် စခန်းတခုတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည်အမျိုးသားတဦးက “ကျနော်တို့ မိသား စုဆို ၂၀၁၃ခုနှစ်ကတည်းက ဒုက္ခသည်ဖြစ်နေတာ။ ၁၀ပေ ပတ်လည် အခန်းကျဉ်းထဲမှာ နေရတယ်။ သူများ ဝေလာတာ ကိုပဲ မျှော်လင့်ပြီး စားနေရတာ အိမ်ကိုတော့ ပြန်ချင်တာပေါ့ဗျာ။ အိမ်ပြန်ဖို့ မျှော်လင့်ချက်ကတော့ အမြဲရှိတယ်။ ဒါပေမယ့် အခုနိုင်ငံရေး အခြေအနေက ပြန်ရှုပ်လာတော့ ဘာမှမပြောတတ်တော့ဘူး” ဟု ပြောသည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တိုက်ပွဲများကြောင့် ရွာလုံးကျွတ် ထွက်ပြေးရသည့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ ဒုက္ခသည်စခန်းများတွင် ထောက်ပံ့သည့် စားနပ်ရိက္ခာကိုသာ မှီခိုနေရပြီး အလုပ်အကိုင် အခွင့်အလမ်းလည်း မရှိ သလောက် နည်းပါးသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
စစ်ဘေးရှောင်ဒုက္ခသည်များကို ကနဦးတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ကူညီထောက်ပံ့သော်လည်း၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထောက်ပံ့မှုများကို လျှော့ချခဲ့သည်။
အချို့ဒုက္ခသည်စခန်းများတွင် ထောက်ပံ့မှု လုံးဝ ရပ်ဆိုင်းသွားသည့် အခြေအနေနှင့် ရင်ဆိုင်ရပြီး အချို့စစ်ဘေးရှောင် စခန်းများမှာ တလလျှင် တဦးအတွက် ငွေ တသောင်းကျော်သာ ထောက်ပံ့ကြေး ရရှိသည်။
ထိုငွေတသောင်းသည် လူတဦးအတွက် တရက်လျှင် စားစရိတ် ငွေ ၆၀၀ ကျပ်ခန့်သာ သုံးစွဲနိုင်မည် ဖြစ်သဖြင့် ဖူလုံခြင်း မရှိပါ။
ထိုသို့ စစ်ဘေးရှောင်စခန်းများတွင်လည်း စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အကျပ်အတည်းများကြောင့် နေရပ်ပြန်ရန် စစ်ဘေးရှောင်ဒုက္ခသည်များကြား မျှော်လင့်နေချိန်တွင် စစ်တပ်က အာဏာသိမ်းပြီး လူထုကို သတ်ဖြတ်ခြင်းများကြောင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆွေးနွေးနေဆဲ ဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များလည်း ရပ်တန့်သွားပြီ ဖြစ်သည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်သည့် KIA နှင့် စစ်တပ်ကြားတွင်လည်း မတ် ၁၁ ရက်မှ စ၍ တိုက်ခိုက်မှုများ စတင်ကာ KIA က စစ်တပ်၏ ရှေ့တန်းတပ်စခန်းများကို ဝင်ရောက်စီးနင်း သိမ်းပိုက်ခြင်းများ၊ စစ်တပ်က လည်း တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ရှိနေသဖြင့် ယနေ့ထိ စစ်ရေး တင်းမာနေကြဆဲ ဖြစ်သည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ်တပ်နှင့် KIA ကြား စစ်ရေးတင်းမာနေသည့် အခြေ အနေအရ တိုက်ပွဲများမှာ ပိုပြင်းထန်ပြီး ရှည်ကြာနိုင်သည့် အခြေအနေ ရှိသည်ဟု သုံးသပ်ကြောင်း ပြောသည်။
“စစ်ရေး အခြေအနေ တင်းမာရင်တော့ စစ်ရှောင်ပြည်သူလူထုတွေ နေရပ်ပြန်ရေးကလည်း ဘာမှ ဆွေးနွေးလို့ မရဘူး။ ဘာမှလည်း ခန့်မှန်းလို့ မရဘူးဖြစ်နေတာ။ ဘာပဲဖြစ်ဖြစ် ဒီနှစ်၂၀၂၁ မှာတော့ ပြန်နိုင်မယ်လို့ ကျနော် မထင်ပါဘူး” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် KIA နှင့် အစိုးရ၊ စစ်တပ်တို့ကြား ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရန် ဆွေးနွေးနေမှုများ အားလုံး ရပ်တန့်သွားပြီး ကချင်ပြည်နယ်တွင်းရှိ မြို့နယ် ၈ မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားထားကာ မိုးမောက်မြို့နယ်တွင် စစ်ရေးအခြေအနေ အတင်းမာဆုံး ဖြစ်နေသည်။
မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်တပ်က မြေပြင်တွင် တိုက်ခိုက်ခြင်းကို လျှော့ချပြီး တိုက်လေ ယာဉ်များဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုသာ ပြုလုပ်လျက် ရှိသည်။
တိုက်လေယာဉ်များပေါ်မှ ကြဲချသည့် ဗုံးများ၊ လက်နက်ကြီးကျည်များမှာ မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ ကုန်းလော စသည့် ကျေးရွာများအတွင်းသို့ ကျကာ လူနေအိမ် ၁၀လုံးထက် မနည်းပျက်စီးပြီး အရပ်သား ၅ ဦး သေဆုံးထားပြီ ဖြစ် သည်။
ထိုသို့ အာဏာသိမ်းပြီးနောက် ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် အင်ဂျန်းယန်မြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ ၉၀၀ ကျော် တောတွင်း၌ ခိုလှုံနေရပြီး မိုးမောက်မြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှ ထွက်ပြေးရသည့် စစ်ဘေးရှောင်ဒုက္ခသည် ဦး ရေမှာလည်း ၅၀၀၀ ကျော် အသစ် ထပ်မံတိုးလာပြီဖြစ်သည်။
အင်ဂျန်းယန်မြို့နယ်အတွင်း တောတွင်း၌ ခိုလှုံနေရသည့် စစ်ဘေးရှောင်ဒုက္ခသည် ၉၀၀ ကျော်သည် စစ်ဘေးရှောင်စခန်း တခု တည်ဆောက်ကာ ခိုလှုံနေရပြီး မိုးမောက်မြို့နယ်အတွင်းမှ ပြေးရသည့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ နေရာ ထိုင်ခင်း အတည်အကျ မရှိသေးဘဲ ခရစ်ယာန်ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာ ကျေးရွာများ၊ ဆွေ မျိုးများထံတွင် ခိုလှုံနေကြရဆဲ ဖြစ်သည်။
You may also like these stories:
မိုးမောက်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲ
စစ်စခန်းများ ကျပြီးနောက် စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း ဗုံးကြဲတိုက်ခိုက်နေ
စစ်ရေးမတည်ငြိမ်သဖြင့် မိုးမောက်ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေးနေရ