ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့တွင် ယနေ့မနက်ပိုင်းက လူထုသပိတ် အကြမ်းဖက် ဖြိုခွင်းခံရပြီး တဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိထားကြောင်း သိရသည်။
နောင်ချိုမြို့နယ် သပိတ်ကို ယနေ့မနက်ပိုင်း ၈ နာရီခွဲခန့်က စတင်ရန် စီစဉ်ခဲ့သော်လည်း စုရပ်နှင့် အနီးတဝိုက် နေရာအနှံ့အပြားတွင် အာဏာသိမ်း စစ်ကောင်စီတပ်များ နေရာယူထားပြီး သပိတ်ပူးပေါင်းရန်လာသည့်သူ မှန်သမျှကို ကျည်အစစ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သည်။
သပိတ်ကြောင်းတွင် ပါဝင်ခဲ့သည့် အမျိုးသမီးတဦးက “မနက် ၈ နာရီမခွဲခင်ကတည်းက ညီမတို့ သွားကြတယ်။ စုရပ်တွေ အားလုံးနဲ့ လမ်းတွေထဲမှာ စစ်သားတွေက နေရာယူထားပြီးပြီ။ ၉ နာရီလောက်မှာ စပစ်တော့ အားလုံး ထွက်ပြေးရတယ်။ မြင်မြင်ရာကို ပစ်တယ်။ အခုအချိန်ထိ (နေ့လည် ၂ နာရီခန့်)ကို ပိတ်မိနေတဲ့သူတွေ ရှိတုန်းပဲ” ဟု ပြောသည်။
အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဈေးရပ်ကွက် နယ်မြေ (၉ ) နေ အသက် (၄၀) အရွယ် ဦးဝင်းနိုင်ဆိုသူ မှာ ဆီးခုံတွင် ကျည်ထိမှန်ပြီးပွဲချင်းပြီးသေဆုံးခဲ့သည်။ ဒဏ်ရာရသူ အများအပြားရှိပြီး အမျိုးသား တဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြင့် ကုသမှု ခံယူနေရကြောင်း သိရသည်။

လက်ရှိအချိန် (နေ့လည် ၂ နာရီ) ခန့်အထိ လိုက်လံ ဖမ်းဆီးမှုများ ရှိနေပြီး လူငယ် ၁၄ ဦးထက် မနည်း အဖမ်းဆီးခံထားရကာ ဒဏ်ရာရသူနှင့် ဖမ်းဆီးခံရသူ စာရင်းကို အတည်မပြုနိုင်သေးပေ။
နောင်ချိုမြို့နယ်၏ လူထုသပိတ်များကို စစ်အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်ခဲ့ပြီး အားကောင်းသည့် လူထုသပိတ်များ ပြုလုပ်နိုင်ခဲ့သည်။
စစ်ကောင်စီဘက်မှ အကြမ်းဖက်ဖြိုခွင်းမှုများကို မတ်လအတွင်းက စတင်လုပ်ဆောင်ခဲ့သော်လည်း လူထုမှ ရှောင်တိမ်းပြီး သပိတ်များကို အထိအခိုက် မရှိအောင် ဆောင်ရွက်ခဲ့ကြသည်။
စစ်အာဏာသိမ်းမှု ရက် ၉ ၀ မြောက်သည့် ယနေ့၊ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့တွင် အကြမ်းဖက် ဖြိုခွင်းမှုနှင့် ထိပ်တိုက်တွေ့ကာ တဦးကျဆုံးခဲ့ရခြင်း ဖြစ်သည်။
You may also like these stories:
မူဆယ်နယ်စပ် ကုန်သွယ်ရေး ရပ်လုနီးဖြစ်
စီးပွားရေးပြိုကွဲနေချိန် ကျောက်မျက်ရောင်းရာမှ စစ်ကောင်စီ ဒေါ်လာသန်းချီရ
အင်တာနက်ပြတ်တောက်မှုကြောင့် စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်သူများ ရှင်သန်ရန် ကြိုးစားနေရ