ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (ဈ) ရပ်ကွက်ရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင်၏ နေအိမ်ကို လာရောက်ရှာဖွေရာတွင် ၎င်းကိုမတွေ့ရသဖြင့် မိခင်ဖြစ်သူ အသက် ၆၄ နှစ်အရွယ် ဒေါ်မိငယ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက် ဖမ်းဆီးသွားကြောင်း သိရသည်။
ယနေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင်တို့ ညီအစ်ကို နှစ်ဦးကို လာရောက် ရှာဖွေခြင်းဖြစ်ပြီး ထိုနှစ်ဦးစလုံးမှာ မိခင်အိမ်တွင် မနေတော့သည်မှာ ကြာပြီဖြစ်ကြောင်း ကိုတင်ထွဋ်ပိုင်၏ ညီမ ဖြစ်သူက ပြောသည်။
“အင်အားများများနဲ့ အမေ့ကို လာခေါ်တယ်။ ဖုန်းတောင်းတာ အမေက မပေးဘူး။ သူတို့ ရှာလို့လည်းတွေ့ရော တိုင်ထောင့်လေးမှာ ထိုင်ခိုင်းပြီး အမေ့ကို ရိုက်တယ်။ အိမ်မှာ အလုပ် လုပ်ဖို့ရောက်နေတဲ့ အန်တီက နင့်အမေလောက် ရှိတဲ့သူကို အဲဒီလောက်ရိုက်ရလားလို့ ပြောမှ ရပ်သွားတာ။ အိမ်က ရှာလို့ ရတာတွေကိုလည်း ဆာလာအိတ် နှစ်အိတ်နဲ့ သယ်သွားတယ်” ဟု မျက်မြင်တွေ့ရသူအမျိုးသမီး၏ ပြောကြားချက်ကို ကိုးကားပြီး သမီးဖြစ်သူက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီ ခန့်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူက အထောက်အပံ့ ယူမည်လားဟု လာရောက် မေးမြန်းရာ ဒေါ်မိငယ်မှ မယူရန် ငြင်းဆန်ခဲ့သည်ဟု သိရသည်။
ဒေါ်မိငယ်သည် အသက် ၈၅ နှစ်အရွယ် အမေဖြစ်သူနှင့် အသက် ၆၅ နှစ်အရွယ် အစ်မဖြစ်သူတို့နှင့် အတူနေထိုင်သူဖြစ်ပြီး ထိုဖြစ်ရပ်ကြောင့် ကျန်ခဲ့သည့် သက်ကြီးရွယ်အို နှစ်ဦးမှာလည် စိုးရိမ်ကြောက်လန့်လျက် ရှိသည်ဟု သမီးဖြစ်သူက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ CDM လုပ်ဆောင်နေပြီး တိမ်းရှောင်နေသူတချို့ကို နေအိမ်များ၌ လိုက်လံရှာဖွေရာ ၎င်းတို့ အလိုရှိသူများကို မတွေ့ရှိပါက ကျန်သည့် မိသားစုဝင်များကို ဖမ်းဆီးခေါ်ဆောင်သွားမှုများ ပြုလုပ်လျက် ရှိသည်။
You may also like these stories:
နောင်ချို သပိတ် ဖြိုခွင်းခံရ၊ တဦးသေပြီး ဒဏ်ရာရသူ အများအပြားရှိနေ
အကြမ်းဖက်မှုကို မနှစ်မြို့သည့် အရာရှိ၊ စစ်သည်များ စစ်တပ်ကို စွန့်ခွာနေ
စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးသွားသည့် သားအမိ ၂ ဦးအဆက်အသွယ်ပြတ်နေ