ဆင်းရဲနွမ်းပါးသည့် HIV/AIDS ဝေဒနာရှင်များအား ကူညီစောင့်ရှောက်ရေး ဖွင့်လှစ်ထားသည့် NLD .AIDS. Center (NAC) အား စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ဝင်ရောက်ကာ ဝေဒနာရှင်အချို့ ဖမ်းဆီးသွားကြောင်း စင်တာ ဦးစီးတည်ထောင်သူ ဒေါ်ဖြူဖြူသင်းက လူမှုကွန်ရက်က တဆင့် အသိပေး ကြေညာလိုက်သည်။
ဖမ်းဆီးခံရသူများတွင် ART ဆေးသောက်နေရသည့် ကလေး ၃ ဦးနှင့် အခြား ဆေးကုရန်ရောက်ရှိနေသူ ၉ ဦးတို့ ပါဝင်ကြောင်း သိရသည်။
ဒေါ်ဖြူဖြူသင်းက “ဆေးသောက်နေတဲ့သူတွေက အရင်ကတည်းက ကျန်းမာရေး မကောင်းတဲ့သူတွေ ဖြစ်နေတာကြောင့် တစုံတခုဖြစ်ခဲ့ရင် အာ ဏာရူးတွေရဲ့ တာဝန်သာဖြစ်တယ် ဆိုတာ သိစေချင်တယ်။ အာဏာရူးတွေအတွက် အချိန်မရှိတော့ဘူး ဆိုတာ သိစေချင်တယ်။ လူတိုင်းအပေါ် အငြိုးထားပြီး လုပ် နေတဲ့၊ လုပ်ခဲ့တာတွေက ပြန်ပေးဆပ်ဖို့အတွက် ပြင်ဆင်ထားပါ လို့ပဲပြောချင်ပါတယ်” ဟု ဆိုထား သည်။
NAC Center အား ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁၁ ရပ်ကွက်၊ ဟိုင်စင်ဒူးဝါးလမ်းတွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
NAC Center တာဝန်ရှိသူ တဦး၏ ပြောကြားချက်အရ ဖမ်းဆီးခံရသူ ဝေဒနာရှင် ၃ ဦးအနက်၂ ဦးမှာ တက္ကသိုလ် ဒုတိယနှစ် တက်နေသည့် လူငယ်များ ဖြစ်ပြီး ၁ ဦးမှာ သက်ကြီးပိုင်းထဲက ဖြစ်ကြောင်း သိရ သည်။
NAC တာဝန်ရှိသူက “ဖမ်းသွားတဲ့သူတွေကို လူတွေ့ ခွင့်တောင်းတာ မပေးဘူးလို့ သိရတယ်။ ည ၈ နာရီ ဆို သူတို့က ဆေးသောက်ရမှာလေ” ဟု ပြောသည်။
အခြားသော သတင်းအချက်အလက်များအရ အခြားဖမ်းဆီးခံရသူ ၉ ဦးတွင် NAC စင်တာရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကျန်းမာရေးစောင့်ရှောက်ဂေဟာတွင် ရောက်ရှိနေသည့် အလုပ်သမား ဆေးရုံ မှ CDM ဝင်ထားသူများလည်း ပါဝင်ကြောင်းလည်း သိရသည်။
NAC တည်ထောင်သူ ဒေါ်ဖြူဖြူသင်းသည်၂၀၂၀ ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) အဖွဲ့ဝင်တဦး ဖြစ် သည်။
၎င်းအား CRPH တွင် ပါဝင်သည့်အတွက်လည်း နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု အပါအဝင် တည် ဆဲ ဥပဒေများဖြင့် အမှုဖွင့်အရေးယူထားကြောင်း အာဏာသိမ်း စစ်ကောင်စီက မတ်လ ၂၃ ရက်က နိုင်ငံ ပိုင် သတင်းစာများတွင် ကြေညာခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁၇ ရက် ညပိုင်းကလည်း စစ်ကောင်စီအဖွဲ့ဝင်များက မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဒေါ်ဖြူဖြူသင်း ရုံးခန်းအား အကြမ်းဖက်ဝင်ရောက်ကာ ဖျက်ဆီးမှုများလည်း ပြုလုပ်ခဲ့သေးသည်။
You may also like these stories:
ကိုတင်ထွဋ်ပိုင် ကို မတွေ့သဖြင့် မိခင်ဖြစ်သူကို ရိုက်နှက်ဖမ်းဆီးသွား
ဒီတပွဲဟာ အာဏာရှင်ကို အမြစ် ဖြတ်မှရမယ့်ပွဲ
ကချင်စစ်ရှောင် ၁ သိန်းကျော် နေရပ်ပြန်ရေး အာဏာသိမ်းပြီးနောက် ရပ်ဆိုင်းသွား