ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း လာ ရောက်ပစ်ခတ်သည့် စစ်တပ်၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်မှာ ပစ်ချခံရသဖြင့် ပျက်ကျသွားခဲ့သည်။
မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ ကုန်းလော၊ ဆီဟတ်ကျေးရွာများအနီးတွင် ယနေ့မနက် ၈ နာရီမှစပြီး စစ်တပ်က တိုက် လေယာဉ် ၂စင်း၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစင်း သုံး၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာ ယင်းရဟတ် ယာဉ် အား KIA က ပစ်ချလိုက်ခြင်း ဖြစ်သည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “၁၀နာရီ မိနစ်၂၀ ဝန်းကျင်လောက်မှာ ပစ်ချလိုက်တာ မှန်ပါတယ်။ အဲဒီနေရာက တိုက်ပွဲဖြစ်တဲ့နေရာ ဖြစ်ပါတယ်။ ၈ နာရီကျော် ၉ နာရီလောက်တည်းက စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု လုပ်နေတာ။ Jet Fighter တွေနဲ့ လာပစ်တယ်။ Helicopter Gunship နဲ့လည်း လာပစ်တယ်။ အဲဒါကို ခုခံပြီးမှ ပစ်လိုက်လို့ အခုလို ထိမှန်သွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယင်းတိုက်ခိုက်ရေး ရဟတ်ယာဉ်မှာ မိုးမောက်မြို့နယ် ကုန်းလောကျေးရွာ နမ့်ဆန်ချောင်းအနီးရှိ လယ်ကွင်းထဲသို့ ပျက်ကျသွားပြီး မီးလောင်ကျွမ်းနေသည်ဟု မျက်မြင်တွေ့သည့် ဒေသခံများထံက သိရ သည်။
“လေယာဉ်အမြီးကို ထိပြီး ပျက်ကျတာ။ မီးခိုးတွေ အူနေတာပဲ။ ကုန်းလောရွာဘက်မှာ ကျတယ်။ ဒီဘက်မှာက မနက် တည်းက ပစ်ခတ်သံတွေ ညံနေတာ။ လက်နက်ကြီးတွေနဲ့လည်း တရစပ် ပစ်နေတယ်။ အခြေအနေ မကောင်းဘူး” ဟု မျက်မြင်တွေ့သည့် ဒေသခံတဦးကပြောသည်။
စစ်တပ်၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို ပစ်ချလိုက်သည်မှာ KIA ၏ တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများ ဖြစ်ပြီး မည်သည့် လက်နက်အမျိုးအစားဖြင့် ပစ်ခတ်လိုက်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
ယခုနောက်ပိုင်းတွင် စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား မြေပြင်ထိုးစစ်ထက် လေကြောင်းပစ်အားကို သုံးကာ တိုက်ခိုက်မှု ပိုမိုပြုလုပ်နေရာ တိုင်းရင်းသားလက်နက်ကိုင်များကလည်း လေကြောင်းရန် ကာကွယ်ရန် ပွိုင့် ၅ အမျိုးအစား လေယာဉ်ပစ်စက်သေနတ်ကြီးများ အပြင် လက်နက်မှောင်ခိုဈေးကွက်တွင် ဝယ်ယူရရှိနိုင်သည့် တရုတ်နိုင်ငံ ထုတ် ပခုံးထမ်း လေယာဉ်ပစ်လက်နက် FN-6 ကိုလည်း အသုံးပြုလျက် ရှိသည်။
ပွိုင့် ၅ စက်သေနတ်ကြီး အမျိုးအစားသည် ၁၉၆၀ ခုနှစ် ဝန်းကျင်ကတည်းက လေကြောင်းရန်ကာကွယ်ရေး၊ တန်ပြန် တိုက်ခိုက်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်များ အသုံးပြုခဲ့သည့် လက်နက်ဖြစ်ပြီး၊ ယခင်က တိုက်ပွဲများတွင် ပွိုင့် ၅ စက်သေနတ်ကြီးဖြင့် တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များကို ပစ်ချနိုင်သော်လည်း ယနေ့ခေတ်တွင် လေယာဉ် ကိုယ်ထည်များမှာ ပိုခေတ်မှီခိုင်ခံ့လာသဖြင့် ပွိုင့် ၅ မှာ ရဟတ်ယာဉ်ကို ကျည်ပေါက်ရာ ပေါက်နိုင်သည့် အခြေအနေသာ ပစ်ခတ်နိုင်တော့သည့် အခြေအနေဖြစ်သည့်
ထို့အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် စစ်လက်နက်ပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်ခြင်း၊ မှောင်ခိုဈေးကွက်များမှ ဝယ်ယူခြင်းတို့ဖြင့် အဆင့် မြှင့်ခဲ့ရာ ၂၀၁၈ ခုနှစ်ဝန်းကျင်မှစ၍ မြန်မာ-တရုတ်နယ်စပ် တလျှောက်တွင် အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် တပ်များထဲတွင် ခေတ်မှီပခုံးထမ်း လေယာဉ်ပစ် လက်နက် FN-6 ကို ဝယ်ယူသိုလှောင်ထားခြင်းများ ရှိလာခဲ့သည်.
မြန်မာစစ်တပ်သည့် ရုရှားလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို အသုံးပြုလေ့ရှိပြီး ယခုဖြစ်ရပ်နှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန်ခြင်း မရှိသလို၊ ရဟတ်ယာဉ် ပေါ် ပါဝင်သည့် အဖွဲ့သားများ၏ အခြေအနေနှင့် ပတ်သက်၍ မည်သို့ ရှိသည်ကို မသိရသေးပေ။
သို့သော် စစ်တပ်၏ ရဟတ်ယာဉ်ပျက်ကျပြီးနောက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် နေ့လယ် ၁၂ နာရီခွဲ အချိန်ထိ ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း KIA က ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူက “အခုတော့ မီးလောင်ပြီး မီးခိုးတွေ ထွက်တဲ့ အနေအထားပဲ ကျနော်တို့တွေ သိရပါတယ်။ အသေး စိတ် လူက ဘယ်နှယောက် ပါသွားလဲ။ ထိခိုက်ဒဏ်ရာ ဘယ်လောက်ရှိလဲ အသေးစိတ်က ဘာမှ မသိရသေးပါဘူး။ ပြုတ်ကျတဲ့ နေရာမှာ မီးလောင်သွားတာကိုပဲ ကျနော်တို့ သိရပါတယ်” ဟု ဆိုသည်။
စစ်တပ်သည် တရုတ်- မြန်မာ နယ်စပ်အနီးရှိ မဟာဗျူကျသော အလော့ဘွမ်စိုးမိုးကုန်းကို ပြန်လည်သိမ်းနိုင်ရန် ကြိုးစား နေရာ မိုးမောက်ဒေသတွင်း တိုက်ပွဲတွင် စစ်တပ်က မြစ်ကြီးနားနှင့် ဗန်းမော်လေတပ်စခန်းများကို သုံးကာ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ယင်းလေတပ်စခန်းများကို KIA က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် စစ်တပ်က အသုံးပြုမှု ရပ်ဆိုင်းထားကြောင်း၊ ယခုအခါ အဝေးရှိ မန္တလေး၊ မိထ္တီလာ၊ လားရှိုး စသည့် လေတပ်စခန်းများကို သုံးကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် မိထ္တီလာနှင့် မကွေးလေတပ်စခန်းများကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းက ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ခြင်း ခံထားရပြီး ဖြစ်သည်။
ယနေ့တွင် စစ်တပ်၏ တိုက်ခိုက်ရေး ရဟတ်ယာဉ် ပျက်ကျပြီးနောက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေရာ ကုန်းလော ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ၁ လုံး ကျပေါက်ကွဲပြီး အရပ်သား ၈ ဦး ဒဏ်ရာ ရရှိထားသည်ဟု သိရသည်။
ကုန်းလောကျေးရွာမှ ဒေသခံ တဦးက “ဘုန်းကြီးကျောင်းကို လက်နက်ကြီး တလုံးကျတာ ကျောင်းလည်း ပျက်စီးတယ်။ ဦးပဇ္ဇင်းတပါးအပါအဝင် ၈ ဦး ထိခိုက်ထားလို့ အခုဗန်းမော်အရေးပေါ်ကို ပို့လိုက်ကြပါပြီ။ ကျနော်တို့လည်း အကုန်လုံး ထွက်ပြေးနေရတယ်။ ကျနော်ကိုယ်တိုင်လည်း နောက်တရွာမှာ ထွက်ပြေးနေရတာပါ။ အခုချိန်ထိ ပစ်ခတ်သံတွေက ကြားနေရတုန်းပဲ” ဟု ပြောသည်။
ကုန်းလောကျေးရွာသည် အိမ်ခြေ ၄၅၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော် နေထိုင်သည့် ကျေးရွာကြီး တခုဖြစ်ပြီး မြေပဲနှင့် တောင်ယာသီးနှံများကို စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်း ပြုကြသူများ နေထိုင်သည်။
လတ်တလော ရရှိထားသော သတင်းအရ ဦးပဉ္ဇင်းတပါးနှင့် မိန်းကလေးငယ်တဦး ဗန်းမော်ဆေးရုံတွင် ကွယ်လွန်သွားပြီ ဖြစ်သည်ဟု သိရသည်။
ကုန်းလောကျေးရွာမှ လူဦးရေ ၃၀၀၀ ကျော်မှာ ရွာလုံးကျွတ် ထွက်ပြေးနေရသည့်အပြင် ဆီဟတ်၊ မြို့သစ်၊ မြို့ဟောင်း၊ နွယ်လန်း၊ ဒေါ့ဖုန်းယန် စသည့် ကျေးရွာပေါင်း ၁၀ ရွာကျော်သည်လည်း စစ်တပ်နှင့် KIA ၏ တိုက်ပွဲများကြောင့် မိုးမောက် နှင့် ဗန်းမော်မြို့ပေါ်သို့ စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် ထွက်ပြေးတိမ်းရှောင် နေရသည်။
မိုးမောက်မြို့နယ်အတွင်း စစ်ရေးတင်းမာနေသည့် အဓိကအကြောင်းအရင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ အလော့ဘွမ်ဗျူ ဟာကုန်းကို ဦးတည်ပြီး ဖြစ်ပွားနေခြင်း ဖြစ်ပြီး၊ အလော့ဘွမ်ဗျူဟာကုန်းသည် ဗန်းမော်-မြစ်ကြီးနားမြို့နယ် တကြောကို နယ်မြေစိုးမိုးနိုင်ရန် အရေးပါသည့် ဗျူဟာကုန်း ဖြစ်ပြီး KIA ၏ ဗဟိုအုပ်ချုပ်မှု နယ်မြေကို ဦးတည်သွားနိုင်သည့် လမ်းကြောင်းပေါ်တွင်လည်း တည်ရှိသည်။
ထိုဗျူဟာကုန်းကို မတ် ၂၅ ရက်က စစ်တပ်လက်ထဲမှ KIA က သိမ်းယူလိုက်ပြီး အလော့ဘွမ်ကို ဝန်းရံထားသည့် နယ်မြေ တကြောရှိ စစ်တပ်ရှေ့တန်းစခန်းများကိုလည်း ဧပြီ ၁၁ ရက်မှစ၍ KIA က တိုက်ခိုက်လျက်ရှိသည်။
စစ်ရေးတင်းမာနေရာ စစ်တပ်က မြေပြင်တွင် တိုက်ခိုက်ခြင်းများ မပြုလုပ်ဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းများ ပြုလုပ်နေရာ အရပ်သားများသည်လည်း တိုက်ပွဲကြား ကြားညှပ်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသဖြင့် ထွက်ပြေးနေကြရသည်။
KIA သည်၂၀၁၁ ခုနှစ် ဇွန် ၉ ရက်နှင့် ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင်လည်း စစ်တပ်၏ ရဟတ်ယာဉ် တစင်းကို KIA က ပစ်ချခဲ့ဖူးသည်။
စစ်တပ်နှင့် တိုက်ခိုက်မှုများ ပြင်းထန်နေသည့် KIA သည် အပစ်အခတ် ရပ်စဲရေးစာချုပ် တစုံတရာ ချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။
၂၀၁၈ ခုနှစ်မှစ၍ ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင်ချုပ်ဆိုနိုင်ရန် ညှိနှိုင်းခဲ့သော်လည်း စစ်တပ်က အာ ဏာသိမ်းလိုက်ပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးမှုများလည်း ရပ်တန့်သွားပြီး KIA က စစ်ကောင်စီကို အစိုးရ တရပ်အနေဖြင့် အသိအမှတ်ပြုကာ ဆွေးနွေးရန် လက်ရှိအချိန်ထိ အစီအစဉ် မရှိသေးကြောင်း ပြောဆိုထားသည်။
You may also like these stories:
ဖားကန့်က စစ်တပ်စခန်းများ KIA ဝင်တိုက်
ကချင်စစ်ရှောင် ၁ သိန်းကျော် နေရပ်ပြန်ရေး အာဏာသိမ်းပြီးနောက် ရပ်ဆိုင်းသွား
မိုးမောက်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲ