သတင်း

NUG က ပြည်ထောင်စုဝန်ကြီး၂ ဦးနှင့် ဒုဝန်ကြီး ၄ ဦး ထပ်မံ ခန့်အပ်

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်မျိုး မင်းနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် နိုင်သုဝဏ္ဏ တို့အား ခန့်အပ်ကြောင်း ယနေ့ ကြေညာ လိုက်သည်။

ယင်းပြင် ဒုဝန်ကြီးများအဖြစ်လည်း ဘဟန်းထန် (လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန)၊ ဦးကျော်နီ (အလုပ်သမား ဝန်ကြီး ဌာန)၊ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း(ပညာရေးဝန်ကြီးဌာန) နှင့် ခေါင်နော (Mrs) (အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေး ဝန်ကြီးဌာန) တို့အား ယနေ့ ထပ်မံတိုးချဲ့ ခန့်အပ်လိုက်သည်။

ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးအောင်မျိုးမင်းက “တာဝန် ကျေရပါစေမယ်။ လူ့အခွင့်အရေးအတွက် ပူးပေါင်း လက်တွဲသွားကြပါစို့” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာက တဆင့် ပြောကြားထားသည်။

NUG ကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ၏ အတည်ပြုမှုဖြင့် ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်တွင် ဖွဲ့စည်း လိုက်ပြီး NUG အစိုးရအဖွဲ့တွင် သမ္မတမှာ ဦးဝင်းမြင့် ဖြစ်ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတ ဒူဝါလရှီး၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ တာဝန်ယူထားကာ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲ ရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖက်ဒရယ် ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန၊ စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနတို့ ဖွဲ့စည်းထားသည်။

ထို့ပြင် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူး ပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန တို့ ဖွဲ့စည်းထားပြီး ယနေ့ မေလ ၃ ရက်တွင် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန တို့ တိုးချဲ့ ဖွဲ့စည်းကာ ဒုဝန်ကြီးများ ခန့်အပ်ထားလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် NLD ပါတီ ခေါင်းဆောင်များကို ဖမ်းဆီးထားပြီး နိုင်ငံတော်အာဏာကို သိမ်းယူထားသည့် စစ်ကောင်စီသည် CRPH နှင့် NUG အစိုးရတွင် ပါဝင်သူများကို ဖမ်းဝရမ်းထုတ်ထားပြီး အဆိုပါ အဖွဲ့အစည်းများကိုလည်း မတရားအသင်း အဖြစ် ကြေညာထုတ်ပြန်ထားသည်။

You may also like these stories:

ဒီတပွဲဟာ အာဏာရှင်ကို အမြစ် ဖြတ်မှရမယ့်ပွဲ

အကြမ်းဖက်မှုကို မနှစ်မြို့သည့် အရာရှိ၊ စစ်သည်များ စစ်တပ်ကို စွန့်ခွာနေ

Loading