အာဏာသိမ်းပြီး ၃ လကျော်(ရက်ပေါင်း ၉၂ ရက်) ကာလအတွင်း စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲမှ သတ်ဖြတ်ခဲ့သူ ၇၆၅ ဦး ရှိခဲ့ပြီဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီး ၃လပြည့်သည့် မေလ ၁ ရက်နေ့ တွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)၏ထုတ်ပြန်သည့် စာရင်းဇယားအရ သတ်ဖြတ်ခံရသူ ၇၅၉ ဦးရှိခဲ့ပြီး၊
ယမန်နေ့ (မေ ၂ ရက်) တွင် နောက်ထပ် ၅ဦး သတ်ဖြတ်ခံရခြင်း ဖြစ်သည်။
သတ်ဖြတ်ခံရသူများမှာ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့ ပြုလုပ်သဖြင့် ရှမ်းပြည်နယ်၊ သီပေါမြို့နှင့် နောင်ချိုမြို့၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့တို့မှ ဖြစ်သည်။
ရှမ်းပြည်နယ်၊ သီပေါနှင့် နောင်ချိုမြို့တို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများပစ်ခတ် ဖြိုခွင်းခံရပြီး ပြည်သူ ၂ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာ ရရှိခဲ့သလို၊ ကချင်ပြည်နယ်၌လည်း ဖားကန့်သပိတ်စစ်ကြောင်းကို သေနတ်၊ မိုင်း၊ လက်ပစ်ဗုံးတို့ အသုံးပြု၍ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် ၁ ဦး ကျည်ထိ သေဆုံး၍ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်၊ ကျန်သူများမှာ လိုက်လံဖမ်းဆီးသဖြင့် ထွက်နေရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့၌လည်း အထွေထွေသပိတ် စတင်ရန် လူစုနေချိန် ပစ်ခတ်ဖြိုခွင်းခြင်း ခံခဲ့ရပြီး အမျိုးသား ၂ ဦး ကျည်ထိမှန်၍ သေဆုံးခဲ့ကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။
AAPP ၏ အဆိုအရမူ အလောင်းဖျက်ဖျက်ခံရမှုများ ရှိသဖြင့် သေဆုံးသူ ၇၆၅ ဦး ထက်ပင် ပိုများနိုင်သေးကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် နေ့စဉ်ရက်စက် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ဖြစ်ပေါ်လျှက်ရှိသည်။
ဖေဖော်ဝါရီ ၁ ရက်မှ မေ ၂ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူပေါင်း ၃၅၅၅ ဦးရှိပြီး ၎င်းတို့အနက် ၈၂ ဦးမှာ ထောင်ဒဏ် ချမှတ်ခြင်းခံထားရသည်ဟု AAPP က ထုတ်ပြန်သည်။
ထို့ပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသော ကြောင့် တိမ်းရှောင်နေသူ ၁၃၉၆ ဦးရှိပြီး ၎င်းတို့အနက် ၂၀ဦးမှာ မျက်ကွယ် သေဒဏ်နှင့် ၁၄ ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၃ နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီကမူ AAPP က ထုတ်ပြန်သည့် အရေအတွက်နှင့် ပတ်သက်၍ ငြင်းဆန်ထားသည်။
You may also like these stories:
သေနတ်နှင့် တကယ်ပစ်ပါက လူ ၅၀၀ ကို နာရီပိုင်းအတွင်း ပစ်သတ်နိုင်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော
အာဏာသိမ်း စစ်ကောင်စီက ၁ ရက်လျှင် ၉ ဦးနှုန်း သတ်ဖြတ်နေ
နိုင်ငံရေးမှုဖြင့် ဖမ်းဆီးထားသူများကို ထောင်တွင်း တရားရုံးများဖြင့် ကြားနာ စစ်ဆေးနေ