ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ထံတွင် စစ်သင်တန်းတက်ပြီး ပြန်လာသည့် လူငယ်များကို ကယားပြည်နယ်၊ ဖရူဆိုမြို့အဝင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းသည် မဖြစ်သင့်ကြောင်း KNPP အတွင်းရေးမှူး -၂ ခူးဒယ်နီရယ်က ဧရာဝတီကို ပြောသည်။
၎င်းက “သူတို့ကလည်း ဆန္ဒပြတာကလွဲလို့ ဘာမှလုပ်တာ မဟုတ်ဘူး။ ဒါကတော့ လူထုရဲ့ လုံခြုံမှုအတွက် ကာကွယ်ချင်တဲ့ လူငယ်တွေပဲ တက်ကြတာ။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့၊ ကိုယ့်ကိုယ်ကို စီမံအုပ်ချုပ်ဖို့ သင်တန်းတက်တဲ့ လူတွေပဲ ဖြစ်တယ်။ ဘာမှနှောင့်ယှက်ဖျက်ဆီးမယ့်သူတွေလည်း မဟုတ်ဘူးဆိုတော့ ဒါက မဖမ်းသင့်ဘူး” ဟု ဆိုသည်။
အဖမ်းခံလိုက်ရသည့် လူငယ်များသည် တိုက်ခိုက်ရေးသင်တန်းတက်ရန် လာခြင်းမဟုတ်ဘဲပြည်သူလူထုနှင့် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရန် လာတက်ခြင်းဖြစ်ပြီး သင်တန်းတက်ပြီးနောက် ၎င်းတို့ နေရပ်သို့အပြန်တွင် အဖမ်းခံလိုက်ရခြင်း ဖြစ်ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။
KNPP ထံတွင် စစ်သင်တန်း သွားတက်သည့် လူငယ် ၇၄ ဦးသည် ဧပြီ ၃၀ ရက်၊ ည ၇ နာရီအချိန်တွင် ဖရူဆိုမြို့အဝင် စစ်ဆေးရေးဂိတ်၌ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး အဖမ်းခံရစဉ် ယင်းလူငယ်များအား ရိုက်နှက်မှုများရှိကြောင်း ဖရူဆိုမြို့ ဒေသခံတဦးကပြောသည်။
“လွိုင်ကော်ဒေသခံ လူငယ်တွေပေါ့။ စစ်သင်တန်းသွားတက်တာ အပြန်မှာ အဖမ်းခံထိတယ်။ အခုတော့ လွိုင်ကော်ထောင်မှာ။ သူများတွေ ယူဆတာတော့ ဒလန်ရှိတယ်ပေါ့။ ဒလန်က စစ်သားတွေကိုအကြောင်းကြားလိုက်တာ။ သူတို့လာနေပြီဆိုပြီး ပြောလိုက်တော့ လမ်းမှာ သူတို့တားပြီး တခါတည်းဖမ်းလိုက်တာ” ဟု ၎င်းက ပြောပြသည်။
KNPP အတွင်းရေးမှူး -၂ ခူးဒယ်နီရယ်က ကာကွယ်ရေး သင်တန်းတက်မည့် လူငယ်များအနေဖြင့် ၎င်းတို့ သင်တန်းတက်ရောက်ရန် စီစဉ်ထားသည့် အကြောင်းကိစ္စကို လူသိမများစေရန် သတိထားသင့်သည်ဟု အကြံပြုသည်။
၎င်းက “အမှန်ကတော့ သူတို့ထွက်လာကတည်းက သူတို့ကြားထဲမှာ သူလျှို၊ ဒလန်တွေက ပါကောင်းပါနိုင်တယ်။ စစ်ကောင်စီကလည်း သူ့လူတွေကို ထည့်လာနိုင်တယ်။ အမှန်ကတော့ စစ်မတိုက်ဖူးကြလို့ပါ။ ကျနော်တို့က စစ်တိုက်ဖူးတဲ့သူတွေဆိုတော့ ဒီဟာကြီးကို သွားချပြလို့မရဘူးလေ။ ကျနော်တို့သင်တန်းသွားတက်မယ်။ လက်နက်ယူမယ် ပြန်လာချမယ်ဆိုတဲ့ ကြွားချင်တဲ့ လူတွေလည်းရှိတော့ခက်တော့ ခက်တယ်။ ဒီခေတ်က ဆိုရှယ်မီဒီယာကလည်း ကောင်းနေ၊ သုံးနေတော့ ကျနော်တို့လည်းလိုက်ပြောရတော့ ခက်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၈ ရက်ကလည်း နယ်စပ်မှပြန်လာသည့် လူငယ်တချို့ကို ပဲခူးတိုင်း ၊ ရွှေကျင်မြို့နယ်တွင် စစ်သင်တန်းတက်ပြီး ပြန်လာသူများဟု စွပ်စွဲပြီး မြန်မာစစ်တပ်ကဖမ်းဆီးထိန်းသိမ်းထားမှုများလည်း ရှိသည်။
မြန်မာနိုင်ငံအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်အကြမ်းဖက်မှုများ ပိုမိုများပြားလာသည်နှင့်အမျှ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များထံ ဆက်သွယ် သွားရောက်ပြီးစစ်သင်တန်းတက်သည့် လူငယ်များ တနေ့တခြား များပြားလာနေသည်။
ထို့သို့ စစ်သင်တန်းတက်သည့် လူငယ်များအကြောင်းကို အမေရိကန်နိုင်ငံအခြေစိုက် New York Times သတင်းဌာနနှင့် ကာတာနိုင်ငံအခြေစိုက် အယ်ဂျားဇီးရား သတင်းဌာနတို့က စုံစမ်းဖော်ထုတ်ကာဆောင်းပါးများ ရေးသားလျက်ရှိပြီး ပြည်တွင်းပြည်ပတွင် လူသိများနေသည်။
You may also like these stories:
စစ်အာဏာသိမ်းပြီး ၃ လကျော်အတွင်း ပြည်သူ ၇၆၅ ဦး အသတ်ခံရ
NUG က ပြည်ထောင်စုဝန်ကြီး၂ ဦးနှင့် ဒုဝန်ကြီး ၄ ဦး ထပ်မံ ခန့်အပ်
ဟားခါးတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ ၄ ဦး ကျဆုံး