ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁၁ ရပ်ကွက်၊ ဟိုင်စင်ဒူးဝါးလမ်းတွင် ဖွင့်လှစ်ထားသည့် NLD AIDS စင်တာတွင် နေထိုင်သည့် CDM ဝန်ထမ်းများအား တပတ်အတွင်း ပြောင်းရွေ့ထွက်ခွာသွားရန် စစ်တပ်မှ ယနေ့လာရောက် ဖိအားပေးခြိမ်းခြောက်ကြောင်းသိရသည်။
လက်ရှိ စင်တာတွင် အလုပ်သမားဆေးရုံးကြီးမှ CDM လုပ်ထားသူ ဝန်ထမ်း ၁၆ ဦးအပါအဝင် မိသား စုဝင်စုစုပေါင်း ၄၂ ဦးရှိ ပြီး ဖိအားပေး ခြိမ်းခြောက်မှုကြောင့် ပြောင်းရွှေ့နေထိုင်ရန် အခက်အခဲများစွာ ရှိနေသည်။
အဆိုပါ NLD AIDS စင်တာကို မေလ ၂ရက်က စစ်တပ်မှ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ပြီးနောက် အဆောက်အဦးများ ပြင်ဆင်ရာတွင် သုံးသည့် ကော်ပိုက် အပိုင်းအစများ၊ ဘိလပ်မြေနှင့် စင်တာစိုက်ခင်းများတွင် သုံးသည့် ဓာတ်မြေဩဇာတို့ကို တွေ့ပြီး ဖောက်ခွဲရေး ပစ္စည်းများ ပြုလုပ်နေသည်ဟု စွပ်စွဲကာ ART ဆေးသောက်နေရသည့် ဝေဒနာရှင် ၃ ဦး၊ အလုပ်သမားဆေးရုံကြီးမှ CDM ဝန်ထမ်း ၈ ဦးနှင့် အပြင်မှ ခေတ္တလာရောက်တည်းခိုနေထိုင်သူ တဦးတို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယနေ့တွင်မူ ART ဆေးသောက်နေရသည့် ဝေဒနာရှင်လူငယ်၂ ဦး၊ အလုပ်သမားဆေး ရုံကြီးမှ CDM ဝန်ထမ်း ၇ ဦးနှင့် စင်တာသို့ ပြင်ပမှ ခေတ္တလာရောက် တည်းခိုနေထိုင်သူ တဦးတို့ကို ပြန်လည်လွှတ်ပေး ခဲ့သော်လည်း အခြားသော ဝေဒနာရှင်တဦးနှင့် အလုပ်သမားဆေးရုံကြီးမှ CDM ပြုလုပ်သည့် ယာဉ်မောင်း ဝန်ထမ်းတို့ကိုမူ ဆက်လက်ဖမ်းဆီးထားဆဲဟု သိရသည်။
စင်တာ တာဝန်ရှိသူ တဦးက စစ်တပ်က ဆက်လက်ဖမ်းဆီးထားသည့် ဝေဒနာရှင်နှင့် ပတ်သက်၍ “ကိုတင့်က သူ့ကိုယ်သူ ART ဆေးသောက်နေတဲ့ လူနာပါလို့ မပြောဘဲ စင်တာလုံခြုံရေး ယူထားတဲ့သူလို့ ပြော လိုက်တယ်လို့ သိရတယ်။ သူ့ကိုလည်း ရိုက်နှက်ခံရတာတွေ ရှိတယ်။ သူက ဆေးမသောက်ရရင် ဆေးယဉ်ပါး ဖြစ်သွားရင် ကျန်မာရေးက ပိုဆိုသွားနိုင်တယ်။ သူဆေးသောက်တာ ကြာပြီ၊ စင်တာရောက်တာပဲ ၄/၅ နှစ် လောက်ရှိပြီ”ဟု ပြောသည်။
လတ်တလောတွင် ဆက်လက် ဖမ်းဆီးခံထားရသူ ၂ ဦးအား ရွှေပြည်သာစစ်ကြောရေးသို့ ပို့ဆောင်လိုက်ကြောင်း သိထားရပြီး အရပ်ဘက်အဖွဲ့အစည်းတခုမှ ART ဆေးပေးနိုင်ရန် ကြိုးပမ်းနေကြောင်းလည်း သိရသည်။
You may also like these stories:
NLD AIDS Center မှ ဝေဒနာရှင် အချို့ကို စစ်တပ် ဖမ်းဆီး