မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း ယမန့်နေ့ မေလ ၃ ရက်ကစတင်ပြီး ယနေ့အထိ ဒေသခံပြည်သူများနှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့အကြား ပစ်ခတ်မှုများဖြစ်ပွားလျှက်ရှိရာတွင် နှစ်ဖက်သေဆုံးဒဏ်ရာရမှုများရှိ ကြောင်း ဒေသခံ သတင်းရင်းမြစ်များက အတည်ပြုသည်။
ဒေသခံ တဦးက “မနေ့ကဖြစ်တဲ့ ထန်းပင်ကုန်းရွာနားမှာပဲ အခုလည်း ထပ်ပြီးပစ်နေကြတယ်။ မနေ့ကတော့ ပြည်သူဘက်က ၂ ဦး ကျတယ်၊ စစ်တပ်ဘက်က ၁ ဦးသေတာတော့ သေချာတယ်၊ ဘယ်လောက် သေသလဲတော့ အရေအတွက်အတိ အကျတော့ အတည်ပြုဖို့က ခက်နေသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယမန့်နေ့ မနက်ပိုင်းက ထီးလင်းမြို့နယ်ပညာရေးမှူးရုံးအနီး လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ်များက လိုက်လံရှာဖွေဖမ်းဆီးရာမှာ ထီးလင်း-ဂန့်ဂေါကားလမ်းပေါ်ရှိ ဝက်သက် ရွာအဝင် လမ်းအနီးတွင် ပြည်သူများနှင့် ပစ်ခတ်မှုများစတင်ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။
အဆိုပါပစ်ခတ်မှုဖြစ်ပြီးနောက် ဆိုင်ကယ် ၆ စီးနှင့် တူမီးသေနတ် ၂ လက်အား သိမ်းဆည်းရမိခဲ့ကြောင်း စစ် ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။

ယင်းနောက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ထီးလင်းဘက်သို့ ပြန်လာသည့် စစ်ကောင်စီတပ်များအား ထန်းပင်ကုန်း ကျေးရွာ အနီးတွင် ပြည်သူများဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုများဖြစ်ပြီးနောက် မနက် ၉ နာရီခွဲခန့်တွင် ဂန့်ဂေါမြို့မှ ထီးလင်းမြို့သို့ စစ်ကူလိုက်လာသည့် စစ်ကောင်စီတပ်များနှင့် ပြည်သူများ အကြား ထန်းပင်းကုန်းရွာအနီးတွင်ပင် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်များအတွင်း စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး၊ ပြည်သူများဘက်က ၃ ဦးကျဆုံး ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြကြသော်လည်း စစ်ကောင်စီဘက်က သေဆုံးမှုကို အတည် ပြုချက် မတွေ့ရသေးပါ။
စစ်ကောင်စီဘက်က ယနေ့သတင်းထုတ်ပြန်ရာတွင်မူ ပစ်ခတ်မှုများအတွင်း ပြည်သူများဘက်က အမျိုးသား ၃ ဦး ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ထန်းပင်ကုန်းရွာနေ နေမျိုးအောင်ဆိုသူအား တူမီးသေနတ်နှင့်အတူ ဖမ်းမိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး တူမီးသေနတ်ဒဏ်ရာရရှိပြီး မော်တော်ယာဉ် ၁ စီးကျည်ထိမှန်ပျက်စီးခဲ့ ကြောင်း ဖော်ပြထားသည်။
ပစ်ခတ်မှုများဖြစ်ပွားနေသည့် ထန်းပင်ကုန်းရွာသည် ထီးလင်းမြို့ မြောက်ဘက် ၃ မိုင်ခန့်အကွာတွင်တည်ရှိပြီး လတ်တလောတွင် ရွာအတွင်းရှိ သက်ကြီးရွယ်အိုများအား ဘုန်းကြီးကျောင်းတွင် စုစည်းထားမှုများရှိကြောင်း လည်း ဒေသခံတဦးကပြောသည်။
ယမန်နေ့ညပိုင်းကလည်း ထီးလင်းမြို့နှင့် ၁၈ မိုင်ခန့်ကွာဝေးသည့် ဆေးမင်းတောကျေးရွာ ရဲစခန်းတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများအား အတိအကျမသိရသေးကြောင်းလည်း ၎င်းကပြောသည်။
You may also like these stories:
ဟားခါးမှာ တိုက်ပွဲ ဆက်ဖြစ်၊ စစ်ကောင်စီတပ်မှ ၄ ဦး ထပ်မံ သေဆုံး
ဟားခါးတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ ၄ ဦး ကျဆုံး
နောင်ချို သပိတ် ဖြိုခွင်းခံရ၊ တဦးသေပြီး ဒဏ်ရာရသူ အများအပြားရှိနေ