ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဧပြီ ၃ ရက်က ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခကြား လေတပ်မှ အရာရှိ ၃ ဦး နှင့် အရပ်သား ၃ ဦး သေဆုံးသွားသည်ဟု သတင်းရရှိသည်။
မိုးမောက်မြို့နယ် အတွင်း ဧပြီ ၃ ရက်၊ မနက် ၁၀ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် စစ်တပ်၏ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစင်းကို KIA က ပစ်ချရာ ရဟတ်ယာဉ် မီးလောင်ပျက်ကျပြီး လေတပ်မှ အရာရှိ ၃ ဦး သေဆုံးသွားခြင်း ဖြစ်သည်။
KIA ၏ ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားသည့် လေတပ်မှ အရာရှိ ၃ ဦးသည် ဗိုလ်မှူး ကျော်ဇေယျာထွဏ်း၊ ဗိုလ်ကြီး သန်းထွန်းလင်း၊ တပ်ကြပ်ကြီး ကျော်စွာအောင် တို့ ဖြစ်သည်။
စစ်ရေးပဋိပက္ခဖြစ်ပွားနေချိန်တွင် KIA က ပစ်ခတ်လိုက်သဖြင့် ရဟတ်ယာဉ်ပျက်ကျပြီး လေတပ်အရာရှိများ သေဆုံး သည့် သတင်းကို စစ်ကောင်စီဘက်မှ တစုံတရာ ထုတ်ပြန်ခြင်း မရှိပါ။
ဧပြီ ၃ ရက်က ရဟတ်ယာဉ်ပျက်ကျပြီးနောက်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ကုန်းလော ကျေးရွာအ တွင်းသို့ ကျည်များ ကျပေါက်ကွဲကာ ဘုန်းကြီးတပါးအပါအဝင် အရပ်သား ၇ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့သည်။
လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိထားသူများသည် ပစ်ခတ်တိုက်ခိုက်သံများ ကြားရသဖြင့် ဘုန်းတော်ကြီးကျောင်း တွင် ခိုလှုံနေပါက ဘေးအန္တရာယ်လွတ်နိုင်မည်ဟု ယူဆပြီး စုဝေးပုန်းအောင်းနေရာ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျည် ကျပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာ ရသွားကြခြင်း ဖြစ်သည်။
ဒဏ်ရာရရှိထားသူများအနက် ဘုန်းကြီးတပါးနှင့် အရပ်သား ၂ ဦး သည် ဧပြီ ၃ ရက်၊ ညနေပိုင်းတွင် ထပ်မံ ဆုံးပါး သွားခြင်း ဖြစ်သည်။
ကုန်းလောကျေးရွာမှ အမျိုးသားတဦးက “အရပ်သား ၂ ယောက်ကတော့ မနေ့ကတည်းက သဂြိုဟ် လိုက်ပြီ။ ဆရာတော်က ဒီနေ့မှ သဂြိုဟ်တာ။ မနေ့က ဆုံးတဲ့ထဲမှာ အရပ်သား ၂ ဦးလုံးက အမျိုးသားတယောက်နဲ့ အမျိုးသမီး တယောက် အသက် ၅၅ နှစ်နဲ့ ၄၈ နှစ်တွေ။ ဆရာတော်က ဝါတော် ၁၆ ဝါရှိပြီ။ အသက်က ၅၁ ရှိပါပြီ” ဟု ပြောသည်။
လက်နက်ကြီးကျည်စ ထိမှန်ထားသည့် အခြား အရပ်သား ၅ ဦးသည် ဗန်းမော်မြို့ရှိ စစ်ဆေးရုံတွင် ဆေးကုသမှုခံယူ နေဆဲ ဖြစ်သည်။
ဗန်းမော်မြို့၊ စစ်ဆေးရုံတွင် ဆေးကုသနေဆဲ ၅ ဦးထဲတွင် အသက် ၈ နှစ်အရွယ် ကလေးငယ်တဦးပါဝင်ပြီး ၎င်းသည်လည်း ဝမ်းဗိုက်တွင် ကျည်စ ထိမှန်သဖြင့် ဒဏ်ရာ ပြင်းပြင်ထန်ထန် ရရှိထားသည်။
ကုန်းလောကျေးရွာတွင် နေထိုင်သည့် လူဦးရေ ၃၀၀၀ ကျော်သည်လည်း ကျေးရွာကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင် နေကြရဆဲ ဖြစ်သည်။
စစ်တပ်နှင့် KIA သည်လည်း စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။
You may also like these stories:
မြန်မာ့အကျပ်အတည်း တုံ့ပြန်မှုပေါ် ASEAN အနာဂတ် မူတည်နေ
စစ်ကောင်စီဖြုတ်ချရေးနှင့် ဖယ်ဒရယ်ရေး “အမျိုးသား ညီညွတ်ရေး အစိုးရ” ရည်မှန်း
ဒါက နောက်တကြိမ် အာဏာသိမ်းမှုသက်သက် မဟုတ်ဘူး