မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းက ခုခံနေတဲ့ ပြည်သူတွေကို အာဏာသိမ်းစစ်တပ်က စစ်ကူထပ်ဖြည့်ကာ ထပ်မံဖိနှိပ်လာသည့်အတွက် ယနေ့မနက်ပိုင်းမှာပင် အပြန်အလှန်ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပစ်ခတ်မှုများမှာ ယမန့်နေက ဖြစ်ခဲ့သည့် ထန်းပင်ကုန်းရွာအနီးတွင် မနက် ၈ နာခန့်က တကြိမ်နှင့် ၁၁ နာရီခန့် က တကြိမ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုများလည်း ရှိနေသည်။
ဒေသခံတဦးက “အခုက ဟိုကစစ်ကြောင်းထိုးတယ်၊ ဒီကစစ်ကြောင်းထိုးမယ်နဲ့ သတင်းတွေတော့ ထွက်နေတာပဲ။ သူတို့လုပ်ရင်လည်း သေရင်လည်းသေတော့ ပြန်လုပ်ရတော့မှာပဲ။ ရွာကိုတော့ အထိအခိုက် မခံနိုင်တော့ဘူး။ ကျနော်တို့ရှိတဲ့ လူငယ်လေးတွေရဲ့ အားနဲ့ပဲ ခုခံရတော့မှာပဲ” ဟု ပြောသည်။
ယနေ့မနက် ပစ်ခတ်မှုတွင် ပြည်သူများဘက်က တဦးဒဏ်ရာရရှိခဲ့ပြီး ကျဆုံးသူမရှိခဲ့ဘဲ အာဏာသိမ်းစစ်တပ် ဘက်က ၃ ဦးထိမှန်ဒဏ်ရာရကြောင်းသိရသည်။ ထိုသုံးဦး သေဆုံးသွားပြီဟု ကြားသိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးဟု ဆိုသည်။
ယင်းအပြင် ကား ၃ စီးဖြင့် တက်လာသည့် စစ်ကောင်စီတပ်များအား ပြည်သူများဘက်က တိုက်ခိုက်မှုကြောင့် ကား ၂ စီးမီးလောင် ပျက်စီးသွားကြောင်းလည်း သိရသည်။
လတ်တလော ညနေ ၄ နာရီခန့်အထိ နှစ်ဖက်ပစ်ခတ်မှုများ ငြိမ်သက်လျှက်ရှိသော်လည်း အာဏာသိမ်းစစ်တပ် ဘက်မှ စစ်ကူးများအနေဖြင့် ဂန့်ဂေါမြို့မှ စစ်ကား ၄ စီး ထပ်မံတက်လာနေကြောင်း သတင်းများရရှိထားသည်ဟု ထီးလင်းမြို့ခံတဦးကပြောသည်။
၎င်းက “ဒီနေ့ ဂန့်ဂေါ ဘက်ကနေ စစ်ကား ၄ စီထပ်တက်လာတယ်။ အခြေအနေက ပိုပြီးရှုပ်ထွေးလာမယ့် သဘောရှိ တယ်။ ဒီနေ့က သူတို့ဘက်က ပိုထိတဲ့သဘောရှိတယ်။ ကား ၂ စီးလည်း မီးလောင်သွားတာသေချာတယ်။ သူ တို့(စစ်တပ်)က အခဲမကျေဘူးဖြစ်နေတယ်။ အခြေအနေက အန္တရာယ်ရှိနေတယ်” ဟု ပြောသည်။
ထန်းပင်ကုန်းရွာအနီး ယမန့်နေ့က အပြန်အလှန်ပစ်ခတ်မှုများတွင် ပြည်သူဘက်က ၃ ဦးကျဆုံးခဲ့ရပြီး အာဏာ သိမ်းစစ်တပ်ဘက် ၄ ဦး သေဆုံးကြောင်း ပြောဆိုမှုများရှိသော်လည်း သီးခြားအတည်ပြုချက်များ မရသေးပါ။
အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ယမန်နေ့က ပစ်ခတ်မှုဖြစ်စဉ်များတွင် ပြည်သူများဘက်က အမျိုးသား ၃ ဦးထိမှန်ဒဏ်ရာဖြင့် သေဆုံးပြီး ထန်းပင်ကုန်းရွာသားတဦးအား တူမီးသေနတ်ဖြင့် ဖမ်းမိကြောင်း၊ စစ်ကောင်စီ ဘက်က ၃ ဦးလည်း တူမီးသေနတ်ဒဏ်ရာရရှိကြောင်း ယနေ့သတင်းထုတ်ပြန်ထားသည်။
ထန်းပင်ကုန်းရွာသည် ထီးလင်းမြို့မြောက်ဘက် ၃ မိုင်ခန့်အကွာတွင် တည်ရှိပြီး အာဏာသိမ်းစစ်တပ်က ဒေသ တွင်း ကျေးရွာများအား ဝင်ရောက်ကာ ဖိနှိပ်နေခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့်ဖွဲ့စည်းကာ တူမီးသေနတ်၊ လက်လုပ်သေနတ်များဖြင့် ပြည်သူများက စတင်ခုခံနေကြခြင်းဖြစ်သည်။
You may also like these stories:
တမူးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ် အပစ်ခံရ၊ နှစ်ဦး ပွဲချင်းပြီး သေဆုံး
ထီးလင်းမြို့နယ်တွင် ပြည်သူနှင့် အာဏာသိမ်းတပ် အပြန်အလှန်ပစ်ခတ်မှု ဆက်တိုက်ဖြစ်နေ