မြန်မာ့နိုင်ငံရေး အခြေအနေမတည်ငြိမ်ခြင်းနှင့် ဥရောပသမဂ္ဂ (EU) အပါအဝင် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ပေးထားသော အထူး အခွန်သက်သာခွင့်များ ပြန်ရုပ်သိမ်းမည့် အခြေအနေများကြောင့် ပြည်တွင်း၌ လာရောက် ရင်းနှီး မြှုပ်နှံထားသည် CMP (လက်ခစားစနစ်) လုပ်ငန်းတချို့သည် ထွက်ခွာရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။
ပြည်တွင်းရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု CMP လုပ်ငန်းတချို့သည် မြန်မာ့နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု အချိန်ကြာမြင့် လာသည်နှင့်အမျှ စိုးရိမ်မှုရှိလာကာ အာဆီယံနိုင်ငံများ ဖြစ်သည့် ဗီယက်နမ်၊ ကမော္ဘဒီးယားအပြင် မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြကြောင်း အထည်ချုပ်လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
“စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့အတွက် တခြား အကြောင်းအရာတွေကတော့ အဓိက မဟုတ်ပါဘူး။ နိုင်ငံရေး တည်ငြိမ်မှု မရှိဘဲ ဘယ်လိုရှေ့ဆက်လုပ်ကြမလဲ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် မေ ၃ရက်က ကမော္ဘဒီးယားအခြေစိုက် ဖနွမ်းပင်ပို့စ်သတင်းတွင် ဟောင်ကောင်လုပ်ငန်းရှင်တချို့က မြန်မာနိုင်ငံ ရှိ ၎င်းတို့၏ စက်ရုံများကို ကမော္ဘဒီးယားသို့ ပြောင်းရွှေ့ရန်အတွက် ကမ်ပုံစပူ ပြည်နယ်ရှိ နေရာ၂၀ ခန့်တွင် လာရောက် ရှာဖွေလျက်ရှိကြောင်း ဖော်ပြထားသည်။
ထို ရင်းနှီးမြှုပ်နှံသူအဖွဲ့သည် အဝတ်အထည်၊ အိတ်နှင့် ဖိနပ်စက်ရုံများ တည်ဆောက်ရန်အတွက် သင့်တော်သည့် နေရာ များ သို့မဟုတ် ရှိပြီးသား စက်ရုံများကို ဌားရမ်းနိုင်မည့် အခြေအနေများကို ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းတွင် လာရောက်စုံ စမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါ အထည်ချုပ်လုပ်ငန်းရှင်က “မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ အခြေအနေ မကောင်းတော့ရင် ဟောင်ကောင်မှ မဟုတ်ဘူး ကိုရီးယားတို့ ဂျပန်တို့ စက်ရုံတွေလည်း ပြောင်းချင်ပြောင်းကြမှာ” ဟု ပြောဆိုသည်။
ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံနေသည့် နိုင်ငံခြား CMP အထည်ချုပ်လုပ်ငန်းများ မြန်မာနိုင်ငံမှ ပြည်ပသို့ ပြန်ထွက် မည့် သတင်းများ ထွက်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က သီးခြားမှတ်ချက် မပေးလိုကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “အခု သတင်းတွေက မျိုးစုံထွက်ပြီး အမျိုးမျိုးလည်း ဖြစ်နေတယ်။ ဒီအခြေအနေမှာ ဘယ်သူ့မှလည်း အမှန်ကို မပြောနိုင်ဘူးလေ။ အခု ကျမပြောလိုက်တဲ့ သတင်းလည်း အမှန်ဖြစ်ချင်မှ ဖြစ်လာမှာမို့လို့ပါ” ဟု ဆိုသည်။
ပြီးခဲ့သည့် ကိုဗစ်ကာလအတွင်း (၂၀၂၀ ပြည့်နှစ်) ၌လည်း ကမာ္ဘ့စီးပွားရေး ကျဆင်းမှုကြောင့် ပြည်ပအမှာစာများထက် ဝက်ခန့် လျော့ကျခဲ့ခြင်း၊ ကိုဗစ် စည်းမျဉ်းစည်းကမ်းများ တင်းကျပ်ခြင်းများ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ယာယီ ပိတ်သိမ်းခြင်းနှင့် အပြီး ပိတ်သိမ်းသည့် လက်ခစား CMP အထည်ချုပ် စက်ရုံပေါင်း ရာနှင့်ချီ ရှိခဲ့သည်။
စက်ရုံအလုပ်ရုံများ အများအပြားရှိသည့် လှိုင်သာယာမြို့နယ်ရှိ သပိတ်စခန်းများကို စစ်တပ်မှ မတ်လအတွင်းက ဖြိုခွဲစဉ်က လှိုင်သာယာနှင့် ရွှေပြည်သာ အထည်ချုပ် စက်ရုံတချို့ မီးရှို့ခံခဲ့ရသေးသည်။
မြန်မာ့အထည်ချုပ် ပို့ကုန်များသည် ဥရောပ နိုင်ငံများ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့ကို အဓိကထား တင်ပို့လျက်ရှိပြီး ပြီးခဲ့ သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထည်ချုပ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ ဘီလီယံနီးပါးအထိ ရရှိခဲ့ကြောင်း စီးပွား/ ကူးသန်း၏ စာရင်းများအရ သိရသည်။
ပြည်တွင်း အထည်ချုပ်လုပ်ငန်းကဏ္ဍသည် လုပ်သားဦးရေ ၅ သိန်းကျော်အထိ ရှိပြီး တရုတ်အထည်ချုပ် စက်ရုံ ၂၃၆ ရုံ၊ ကိုရီးယား အထည်ချုပ် စက်ရုံ ၆၇ ရုံ၊ ဂျပန် အထည်ချုပ်စက်ရုံ ၂၀ နှင့် မြန်မာပိုင် အထည်ချုပ် စက်ရုံ ၉၂ ရုံ၊ စုစုပေါင်း ၄၂၀ ခန့်ရှိကြောင်း သိရသည်။ (ထိုစာရင်းသည် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းချုပ်တွင် အသင်းဝင်ထားသော စက်ရုံစာရင်း ဖြစ်သည်။)
မြန်မာ့အထည်ချုပ်ကဏ္ဍသည် ဥရောပသမဂ္ဂ(အီးယူ)၏ အထူးအခွန်သက်သာခွင့်(GSP) ပြန်လည်ရရှိခဲ့သည့် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် အလျှင်အမြန်ဆုံး တိုးတက်ခဲ့သည့် လုပ်ငန်းကဏ္ဍဖြစ်သလို ပြီးခဲ့သော ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရ လက်ထက်တို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ခဲ့သည့် ကဏ္ဍတခုလည်း ဖြစ်သည်။
You may also like these stories:
လာမည့်နှစ်တွင် မြန်မာနိုင်ငံသား ထက်ဝက် ဆင်းရဲသွားမည်
စစ်ကောင်စီလက်အောက် မြန်မာ့စီးပွားရေး လက်လွတ်ခြေလွတ် ပြုတ်ကျနေ
စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲက ရှေ့တန်းရောက် အမျိုးသမီးများ
ပိတ်ပင်ကုန်များ နယ်စပ်ဖြတ် ပြန်ပို့ခွင့်အတွက် ထိုင်းဝန်ကြီး မြန်မာပြည် လာမည်