တရားမဝင် ဂြိုဟ်တုစလောင်းများ တပ်ဆင်ဖမ်းယူကြည့်ရှု့ပါက ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ ထောင်ဒဏ် ၁ နှစ်နှင့် ဒဏ်ငွေ ၅ သိန်း ချမှတ်အရေးယူခံရမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက မေ ၄ ရက်စွဲဖြင့် သတင်းစာတွင် ထုတ်ပြန်ကြေညာသည်။
ယင်းကြေညာချက်တွင် တရားမဝင် အဖွဲ့အစည်းနှင့် သတင်းဌာနအချို့သည် တရားမဝင်သောဂြိုဟ်တုစလောင်းများမှတဆင့် ရုပ်သံလိုင်းများတွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေသည့် အကြောင်းအရာများကို ထုတ်လွှင့်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ထိုတရားမဝင်ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်များကို တပ်ဆင်အသုံးပြု ဖမ်းယူကြည့်ရှုမှုများပြုလုပ်ပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများကို ဖောက်ဖျက်ကျူးလွန်ရာရောက်ပြီး အရေးယူခံရမည်ဟုလည်း သတိပေးထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖေါ်ဝါရီ ၈ရက်တွင် သတင်းအမှောင်ချလိုသည့် ရည်ရွယ်ချက်ဖြင့် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)၊ Mizzima သတင်းဌာန၊ 7day သတင်းဌာနနှင့် ခေတ်သစ်မီဒီယာတို့ကို ထုတ်ဝေခွင့် ရုပ်သိမ်းလိုက်သလို ဧရာဝတီသတင်းဌာနကိုလည်း ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခဲ့သည်။
ထို့နောက် မြစ်ကြီးနားသတင်းဂျာနယ်၊ 74 Media၊ Tachileik News Agency စသည့် သတင်းဌာနများကို ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သည်။
အလားတူ တနိုင်ငံလုံးရှိ ဖုန်းအင်တာနက်များ၊ Wifi များကို မတ်လ လယ်ပိုင်းမှ စတင်ပိတ်ထားခဲ့သည်။
ထို့နောက် ပြည်သူအများစု အားထား ကြည့်ရှုနေရသည့် Mizzima နှင့် DVB ရုပ်သံသတင်းများကိုဖမ်းယူကြည့်ရှုနိုင်သော PSI စလောင်း (ဂြိုဟ်တုစနစ်သုံး ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက်) ကိုပါ စစ်ကောင်စီက ထပ်မံ ကန့်သတ်ပိတ်ပင်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလက တချို့မြို့နယ်များတွင် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက PSI စလောင်းများကို အရောင်းဆိုင်များမှ လိုက်လံသိမ်းဆည်းခြင်း၊ နေအိမ်များအတွင်းမှဖြုတ်သိမ်းခြင်းနှင့် တပ်ဆင် ကြည့်ရှုခြင်းများ လုံးဝ မပြုလုပ်ရန် တားမြစ်ခြင်းများ ပြုလုပ်ခဲ့သည်။
ယခုအခါ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက တရားမဝင် ဂြိုဟ်တုစလောင်းများတပ်ဆင်အသုံးပြုသူများကို အရေးယူမည်ဖြစ်ကြောင်း တရားဝင် ကြေညာပြီး သတိပေး ခြိမ်းခြောက်လာခြင်း ဖြစ်သည်။
ရန်ကုန်မြို့ မှ သတင်းစာဆရာ ဦးမြင့်ကျော်က “PSI က သတင်းမီဒီယာရော ၊ ဖျော်ဖြေရေးရောပေ့ါ။ ဒါပေမယ့် သူတို့က Mizzima နဲ့ DVB ပါနေလို့ဆိုပြီး ဒီဟာကို လိုက်သိမ်းနေတာ။ တကယ်တော့ လူတွေရဲ့သတင်းကြည့်ရှု့ခွင့် ၊ သတင်းလွတ်လပ်ခွင့်ကို တိုက်ရိုက်ကို ချိုး ဖောက်တာပဲ” ဟု မှတ်ချက်ပြုထားသည်။
ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကလည်း ယခု စစ်ကောင်စီကျင့်သုံးမည့် ဗီဒီယိုဥပဒေသည် ယခင်ကတည်းက ရှိခဲ့သည့် ဥပဒေတခု ဖြစ်သော်လည်းလက်တွေ့ အကောင်အထည်ဖော်မှု မရှိခဲ့ကြောင်း၊ ယခုအခါတွင်မှ သတင်းဖမ်းယူ ကြည့်ရှုမှုများကိုထိန်းချုပ်ချင်သည့် သဘောဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောသည်။
၎င်းက “အဓိကကတော့ သတင်းစီးဆင်းမှုကို ဖြတ်တောက်ချင်တဲ့ သဘောပါပဲ။ သတင်းအမှန်တွေကိုသိပိုင်ခွင့်က နိုင်ငံသားတိုင်းရဲ့ မူလအခွင့်အရေး ဖြစ်ပါတယ်။ ထို့အတူပဲ တကယ့်မှန်ကန်တဲ့ သတင်းတွေ သက်ဆိုင်တဲ့ နိုင်ငံသားတွေဆီရောက်အောင် ပို့ဆောင်ပေးဖို့ကလည်း သတင်းဌာနတွေရဲ့ လုပ်ငန်းတာဝန်။ အဲဒီတော့ သတင်းထုတ်လုပ်မယ့်သူနဲ့ ဒီသတင်းကို ကြည့်ရှုစားသုံးမယ့်သူနဲ့ကြားထဲမှာ ရှိနေတဲ့ သတင်းစီးဆင်းမှုတွေကို ကန့်သတ်ချုပ်ထိန်းချင်တဲ့ သဘောလို့ပဲ မြင်ပါတယ်။ ဥပဒေပိုင်းဆိုင်ရာအရတော့ မဝေဖန်လိုဘူး။ ဒါပေမယ့် သတင်းစီးဆင်းမှုကို အရမ်းထိန်းချုပ်ခြင်းက နိုင်ငံသားတွေရဲ့သတင်းသိပိုင်ခွင့်ကို ထိပါးမှုရှိတဲ့အတွက် စိတ်ထဲ မချမ်းမြေ့ဘူး” ဟု ပြောဆိုသည်။
သတင်းသမား ၈၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရပြီး ၎င်းတို့အနက် ထက်ဝက်ကျော်မှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်ရာ ထိုအထဲတွင် ဂျပန်အလွတ်တန်း သတင်းထောက် ယူကီကီတာဇူမီ လည်းပါဝင်ပြီး ၎င်းအား သတင်းမှားဖြန့်ချိမှုဖြင့် တရားစွဲထားကြောင်း သိရသည်။
ထိုသို့ ပြည်တွင်းရှိ မီဒီယာသမားများကို တရားစွဲ ဖမ်းဆီးပြုလုပ်နေသော်လည်း ပြည်ပမီဒီယာဖြစ်သည့် CNN သတင်းဌာနကိုမူ ဝင်ခွင့်ပေးခဲ့သည်။
ပြီးခဲ့သည့် မေလ ၂ရက်က ရန်ကုန်တိုင်း၌ ပြုလုပ်သည့် မြဝတီ မီဒီယာ စင်တာ ဖွင့်ပွဲတွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတစ်နိုင်ငံအတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူသည့် မဏ္ဍိုင်သုံးရပ်ဖြင့် တည်ဆောက်ထားပြီး ၎င်းမဏ္ဍိုင်ကြီး သုံးရပ်သည် အပြန်အလှန်ထိန်း ကျောင်းမှု ကျင့်စဉ်နှင့် ရပ်တည်ခြင်းမှာလည်း ဒီမိုကရေစီကျင့်စဉ်၏ အနှစ်သာရတစ်ရပ်ပင် ဖြစ်ကြောင်း၊ အဆိုပါမဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြည့်ထောက်ပြမှု ပြုလုပ်နိုင်သည့် အခြား မဏ္ဍိုင်ကြီးတစ်ခုမှာ မီဒီယာဆိုသည့် စတုတ္ထမဏ္ဍိုင်ပင်ဖြစ်ကြောင်း၊ ၂၁ ရာစု ၏ သတင်းအချက်အလက်စီးဆင်းမှု မြန်ဆန်နှုန်းကြောင့် မီဒီယာကဏ္ဍအနေဖြင့် အရေးကြီး သည့် အခန်းကဏ္ဍကို ရောက်ရှိလာကြောင်း ထည့်သွင်းပြောဆိုသွားသည်။
You may also like these stories:
သတင်း အမှောင်ချလိုသဖြင့် PSI စက်များကို စစ်ကောင်စီ လိုက်သိမ်းနေ
ဧရာဝတီသတင်းဌာန ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရ
မဇ္ဈိမနှင့် ကမာရွတ်မီဒီယာရုံးများ စီးနင်းဖျက်ဆီးခံရ
ကမာရွတ်မီဒီယာကို ရဲနှင့်စစ်တပ်က ဝင်ရောက်စီးနင်းပြီး အယ်ဒီတာ ၂ ဦးကို ဖမ်းဆီး