မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အမေရိကန်ပြည်ထောင်စုက ထိန်းချုပ်ထားသည့် မြန်မာအစိုးရ ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံကို ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ထံ လွှဲပြောင်းပေးရန် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန်လွှတ်တော်သို့ တိုက်တွန်း တောင်းဆိုလိုက်သည်။
မေလ ၄ ရက်က အမေရိကန် အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီက ပြုလုပ်သည့် ကြားနာ ပွဲ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အွန်လိုင်းမှတဆင့် အမေရိကန်အောက်လွှတ်တော်အမတ်များကို တိုက်တွန်း ပြော ကြားခြင်းလည်း ဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် NUG ကို အသိအမှတ်ပြု ပေးသင့်ပါတယ်။ ဒါ့ပြင် စစ်ကောင်စီက ခန့်အပ်တဲ့ မည် သည့် သံတမန်ကိုမှ ဗီဇာထုတ်မပေးဖို့ လိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ မြန်မာအစိုးရ ရန်ပုံငွေတွေကို လည်း မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် NUG ကို အသုံးပြုခွင့်ပေးသင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ထို့ပြင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန်အစိုးရ အနေနှင့် အာဏာသိမ်းစစ်ကောင်စီ၏ ဝင်ငွေရလမ်းကြောင်း များကို ဖြတ်တောက်ပစ်ရန်လည်း တောင်းဆိုခဲ့သေးသည်။
မြန်မာစစ်တပ်ပိုင် ဘဏ်များဖြစ်သည့် မြဝတီဘဏ်၊ အင်းဝဘဏ်၊ မြန်မာ့ နိုင်ငံခြားကုန်သွယ်ရေးဘဏ် (MFTB) အပါအ ဝင် မြန်မာစစ်တပ်၏ အဓိက ဝင်ငွေရလမ်းကြောင်းဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ကို ပစ်မှတ်ထား အရေးယူ ပိတ်ဆို့ရန် အဓိက တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
“စစ်တပ်နဲ့ သူ့ အဖွဲ့ဝင်တွေရဲ့ ဘဏ်အကောင့်တွေအားလုံးကို ထိန်းချုပ်သင့်ပါတယ်။ စစ်ကောင်စီနဲ့ သူရဲ့အပေါင်းပါတွေ အတွက် ဝင်ငွေတွေကို ချက်ခြင်း ဖြတ်တောက်ပစ်ဖို့လိုပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်ဆိုင်းသင့်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
လက်ရှိတွင် မြန်မာစစ်ကောင်စီသည် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ၊ ကျောက်စိမ်းလုပ်ငန်း ၊ သတ္တုတူးဖော်ရေး လုပ် ငန်း၊ နိုင်ငံတကာကုမ္ပဏီ ၊ စက်ရုံများကို မြေငှားသည့်လုပ်ငန်းနှင့် တယ်လီကွန်း ဆက်သွယ်ရေးလုပ်ငန်းများမှ အကျိုး အမြတ်များ ရနေပြီး စစ်ကောင်စီ၏ စစ်ယန္တရားကို ရပ်တန့်လိုပါက အဆိုပါ လုပ်ငန်းများကို ပိတ်ဆို့ အရေးယူ သင့်ကြောင်း လေ့လာသူများက သုံးသပ်ထားကြသည်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကမူ စစ်ကောင်စီ၏ ဝင်ငွေရလမ်းကို ဖြတ်တောက်ရန် တိုက်တွန်းတောင်းဆိုသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ပြောဆိုချက်သည် စစ်အာဏာရှင်စနစ်၏ အုပ်ချုပ်ရေး ယန္တရား ပျက်ပြားရန်အတွက် ထိရောက်သည့် ပြောဆိုချက်များ ဖြစ်ကြောင်း မှတ်ချက်ပေးသည်။
“အခု မတားဆီးနိုင်တာကတော့ ရေနံနဲ့ ဓာတ်ငွေ့ကိစ္စပါပဲ။ ရှဗရွန်တို့ ၊ တိုတယ်လ်တို့လို စွမ်းအင် ကုမ္ပဏီတွေက အကြောင်းအမျိုးမျိုးပြပြီး စစ်ကောင်စီကို ထောက်ပံ့နေတာပေါ့။ အခုအဲဒါတွေကနေ နိုင်ငံတကာပညာရှင် ပြောတာက ဝင်ငွေတွေ ဒေါ်လာ သန်း ၁၂၀၀ လောက်နှစ်စဉ် ပေးနေတာပေါ့။ အဲဒီပံ့ပိုးမှုတွေသာ ရပ်ဆိုင်းပစ်လိုက်နိုင်တယ်ဆိုရင် တော့ စစ်ကောင်စီက ပြည်တွင်းမှာ အုပ်ချုပ်ရေး ယန္တရားကိုအတော်လေးထိန်းသိမ်းနိုင်ဖို့ ခက်ခဲသွားမှာပါ” ဟု ၎င်းက ပြောဆိုသည်။
ဆက်လက်၍ ဦးသန်းစိုးနိုင်က အမေရိကန်အစိုးရ ထိန်းချုပ်ထားသော ဒေါ်လာ ၁ ဘီလီယံကို NUG ထံ လွှဲပြောင်း အသုံး ပြုခွင့်ပေးရန်တောင်းဆိုချက်သည် အချိန်ခဏတာ ဆိုင်းငံ့ထားသင့်သည့် ကိစ္စ ဖြစ်ကြောင်း မှတ်ချက်ပေးသည်။
“ဒေါ်လာ ၁ ဘီလီယံကိစ္စကတော့ ဖြစ်သင့်ပေမယ့် အချိန်တချိန်စောင့်သင့်တယ်လို့ ကျနော်က ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ NUG ကို အစိုးရတရပ်အဖြစ် အသိမှတ်ပြုရေး ဆောင်ရွက်ပြီးမှ ဒါက ဖြစ်နိုင်တဲ့ ကိစ္စဖြစ်နေလို့ပါပဲ” ဟု ၎င်းက ဆို သည်။
အမည်မဖော်လိုသည့် နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးကလည်း အမေရိကန်ကဲ့သို့သော အနောက်နိုင်ငံများသည် အရေးယူပိတ်ဆို့မှု ထပ်လုပ်ပါက ပြည်သူကို ထိခိုက်နိုင်သည်ဆိုသည့် အယူအဆရှိကြသဖြင့် အရေးယူပိတ်ဆို့မှု လုပ်မည်ဆိုပါက အသေအချာ လေ့လာစဉ်းစားလေ့ရှိကြောင်း ရှင်းပြသည်။
သို့သော်လည်း အဆိုပါအယူအဆသည် အစိုးရတရပ်အဖြစ် အာဏာခိုင်မာနေသည့်အချိန်တွင် ဆောင်ရွက်ပါက မှန်ကန် နိုင်သည့် အခြေအနေတရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခု စစ်ကောင်စီက မခိုင်မာသေးဘူး။ တရားမဝင်ဘူး။ လူသတ်အကြမ်းဖက်နေတယ်။ အဲဒီတော့ စစ်ကောင်စီနဲ့ ပတ် သက်ရင် နည်းပေါင်းစုံနဲ့ ဖိအားပေးဖို့လိုတယ်။ စစ်အာဏာရှင် အာဏာခိုင်သွားရင် ပြည်သူတွေ ဘာမှ မျှော်လင့်စရာ မရှိဖြစ်သွားမယ်” ဟု အဆိုပါ နိုင်ငံရေး လေ့လာသူတဦးက မှတ်ချက်ပေးသည်။
NUG သာ အစိုးရတရပ်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပြီး သံခင်းတမန်ခင်းကိစ္စကို စနစ်တကျ ချိတ်ဆက်ဆောင်ရွက် နိုင်ပါက ဒေါ်လာ ၁ ဘီလီယံကို NUG ထံ ပြန်လွှဲပေးရန် ကိစ္စသည် ဖြည်းဖြည်းချင်း ပြန်လည်ရရှိလာနိုင်ကြောင်း ၎င်းက ဆို သည်။
You may also like these stories:
စစ်ကောင်စီ နိုင်ငံခြားငွေမာ ဆက်ပြီး မရနိုင်လျှင်
တယ်လီနောမြန်မာကို အရှုံးစာရင်းပြထား
စစ်အာဏာသိမ်းပြီးနောက် တရုတ်နယ်စပ်တွင် မြေရှားသတ္တု တရားမဝင်တူးဖေါ်မှုများ တိုးလာ
MOGE ကို အရေးယူပိတ်ဆို့ရန် ဂျိုးဘိုင်ဒင်ကို အမေရိကန် အထက်လွှတ်တော်အမတ်များ တိုက်တွန်း