သတင်း

ဧရာဝတီတိုင်းမှ CDM ပညာရေး ဝန်ထမ်းများ အလုပ်ပြန်ဝင်ဖို့ ဖိအားပေးခံနေရ

ဧရာဝတီတိုင်းမှ လူထုအာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM)တွင် ပါဝင်သူ ပညာရေး ဝန်ထမ်းများကို အလုပ်ပြန်ဝင်ရန် စစ်ကောင်စီ လက်အောက်ရှိ ပညာရေးဌာနက နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ပညာရေးဝန်ထမ်းများ CDM ပြုလုပ်ပါက အလုပ်ထုတ်မည်၊ ဖမ်းဆီးမည်ဟု မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူတချို့က ဖိအားပေးနေခြင်း ဖြစ်သည်ဟု CDM ပညာရေး ဝန်ထမ်းများက ပြောသည်။

ကန်ကြီးထောင့်မြို့နယ်မှ ကျောင်းဆရာမတစ်ဦးက“CDM လုပ်တဲ့ ပညာရေး ဝန်ထမ်းတွေကို အလုပ်က ထုတ်မယ်။ အမှု ဖွင့်ပြီး ဖမ်းမယ်ဆိုပြီး ကျောင်းအုပ်ကြီးတွေကတဆင့် ဖိအားတွေ ပေးနေတယ်။ မေ ၃ ရက်နေ့ နောက်ပိုင်းမှာ CDM စွန့် လွှတ်ပြီး အလုပ်ပြန်ဝင်မယ်ဆိုရင်လည်း လစာကို ၆ လကြာမှ ပေါင်းပေးမယ်ဆိုပြီး ပြောတယ်”ဟု ပြောသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင် CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်း ၂ဝဝ ကျော် အ ထိ ရှိခဲ့သော်လည်း စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ဝန်ထမ်း ၁ဝဝ ကျော်မှာ ခံဝန်လက်မှတ်ထိုးကာ CDM စွန့်လွှတ် ခဲ့ပြီး လက်ရှိတွင် ဝန်ထမ်း ၈ဝ ခန့်သာ CDM ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်မှ အခြား ပညာရေး ဝန်ထမ်းတဦးကလည်း”CDM တွေကို မတ်လကုန်တုန်းက သင်တန်းတက်ဖို့ ဆို ပြီး တခါ ဖိအားပေးတယ်။ အဲဒီတုန်းကလည်း သင်တန်းမှာ ဘာမှမသင်ဘူး။ ဆရာမတွေ ဗီဒီယိုကား ထိုင်ကြည့်ပြီး ပြန်လာ ကြတာ။ အခုလည်း ကျောင်းဖွင့်ခါနီး ထပ်ပြီး ဖိအားပေးတော့ CDM ဆက်လုပ်ဖို့ အဆင်မပြေသူတွေက ခံဝန် လက်မှတ် ထိုးပြီး ပြန်ဝင်ကြတယ်”ဟု ပြောသည်။

ဟင်္သာတခရိုင်တွင်လည်း ပညာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများကို ဧပြီလအတွက် လစာထုတ်ပေး၍ လစာယူပြီး သူများ CDM စွန့်လွှတ်ကာ အလုပ်ပြန်ဝင်ရမည်ဟု ဖိအားပေးနေကြောင်း သိရသည်။

အင်္ဂပူမြို့နယ်မှ ပညာရေးဝန်ထမ်းတဦးက”ဧပြီလအတွက် လစာတွေကို ကျေးရွာ အုပ်စုအလိုက် ခန့်ထားတဲ့ အုပ်စု ခေါင်း ဆောင် ဆရာ၊ ဆရာမတွေကတဆင့် လစာတွေ အကုန်ထုတ်ပေးတယ်။ စပေးတုန်းကတော့ လစာတွေပါ လာတယ်။ လာ ထုတ်ကြဆိုပြီး ယူခိုင်းတာ။ ပြီးတော့မှ လစာယူပြီးသူတွေ CDM စွန့်လွှတ်ပြီး အလုပ်ပြန်ဝင်ရမယ်ဆိုပြီး အကြောင်းကြား တယ်”ဟု ပြောသည်။

ထို့ကြောင့် CDM ဆက်လက် ပြုလုပ်လိုသည့် ဆရာ၊ ဆရာမ ၈၀ ခန့်သည် ပညာရေးမှူးရုံးသို့ လစာများ ပြန်လည် အပ်နှံရန် ပြင်ဆင်နေကြသော်လည်း လစာသွားအပ်စဉ် အဖမ်းခံရမည်ကိုလည်း စိုးရိမ်နေကြကြောင်း သိရသည်။

စစ်ကောင်စီက မေလ နောက်ဆုံးပတ်ကို ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး မြန်မာတနိုင်ငံလုံးရှိ အခြေ ခံပညာကျောင်းများအားလုံးကို လာမည့် ဇွန်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေသည်။

စစ်ကောင်စီက ကျောင်းများပြန်ဖွင့်ရန် ပြင်ဆင်နေသည့်အတွက် ယခုကာလအတွင်း အလုပ်မှ နှုတ်ထွက်ခြင်းနှင့် သက် ပြည့် ပင်စင်ယူခြင်း၊ အသက် ၆၀ မပြည့်မီ ဆေးပင်စင်ယူကာ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အနားယူလိုသူများကိုလည်း ခွင့်မပြု ကြောင်း ပညာရေးဝန်ထမ်းများထံမှ သိရသည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ အခြေံပညာကျောင်းများတွင် ဆရာ၊ ဆရာမများနှင့် ပညာရေး ဝန်ထမ်း များ အလုပ်ပြန်ဝင်ခြင်း ရှိ၊ မရှိနှင့် ပညာရေးဌာနသို့ တင်ပြထားသော လူစာရင်းအတိုင်း စာသင်ကျောင်းများတွင် တာဝန် ထမ်းဆောင်ခြင်း ရှိ၊ မရှိကို မြို့နယ်အဆင့် အုပ်ချုပ်ရေးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

တချိန်တည်းတွင် စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ပညာရေး ယန္တရား ပြန်လည် လည်ပတ်နိုင်ခြင်း မရှိစေရန် စစ်ကျွန် ပညာ ရေး အလိုမရှိ လှုပ်ရှားမှုများ တနိုင်ငံလုံးတွင် ပြုလုပ်လျက်ရှိသည်။

You may also like these stories:

တမူးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ် အပစ်ခံရ၊ နှစ်ဦး ပွဲချင်းပြီး သေဆုံး

ထီးလင်းမြို့နယ်တွင် ပြည်သူနှင့် အာဏာသိမ်းတပ် အပြန်အလှန်ပစ်ခတ်မှု ဆက်တိုက်ဖြစ်နေ

Loading