သြစတြေးလျတွင် နေထိုင်သည့် မြန်မာစစ်ကောင်စီဝင်များ၏ ဆွေမျိုးများကို ပြည်ထဲရေးဌာနက စုံစမ်းစစ်ဆေးနေပြီး ၎င်းအနေဖြင့်တို့သည် စစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီဝင်များ၏ ပိုင်ဆိုင်မှုများကို လက်ခံထားပေးခြင်းရှိမရှိနှင့် ငွေကြေးထောက်ပံ့မှု ရယူထားခြင်းရှိမရှိ တို့နှင့်ပတ်သက်ပြီး စုံစမ်းနေကြောင်း Sydney Morning Herald သတင်းက ရေးသားသည်။
သြစတြေးလျတွင် မြန်မာစစ်ကောင်စီအဆင့်မြင့်အရာရှိများ၏ ဆွေမျိုး အနည်းဆုံး ၂၂ ယောက်ရှိကြောင်း Age နှင့် Sydney Morning Herald သတင်းစာများက ဖေါ်ထုတ်မှုအရသိရသည်။
စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံသားများနေရပ်ပြန်ရန် ဖိအားမပေးရေးအတွက် မြန်မာနိုင်ငံသားအားလုံး၏ ဗီဇာများကိုလည်း ဗုဒ္ဓဟူးနေ့တွင် သက်တမ်းတိုးပေးရန် သြစတြေးလျှ အစိုးရ စီစဉ်နေသည်ဟုလည်းသိရသည်။သည်။
လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် သြစတြေးလျရောက် မြန်မာများက စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဝင်များကို အရေးယူရန် သြစတြေးလျ အစိုးရကို တောင်းဆိုနေသည်။
ထို့အပြင် သြစတြေးလျနေ စစ်ကောင်စီ၏ မိသားစုဝင်များအနေဖြင့် စစ်ကောင်စီထံမှ ငွေကြေး အထောက်အပံ့ ရနေသောကြောင့် ထိုသူများ၏ ပြည်ဝင်ခွင့် ဗီဇာများကို ဖျက်သိမ်းရန် လည်း အစိုးရထံ တောင်းဆိုထားသည်။
ထို့အတွက် သြစတြေးလျ ပြည်ထဲရေး ဝန်ကြီးဌာနသည် စစ်ကောင်စီဝင် အဆင့်မြင်အရာရှိတဦး၏ သားအပါအဝင် တခြားသော မြန်မာနိုင်ငံသား တချို့ကို စတင်စုံစမ်းစစ်နေပြီဟု သိရသည်။
၎င်းတို့၏ ပြည်ဝင်ခွင့် ဗီဇာကို ပယ်ဖျက်ရန် သို့မဟုတ် သက်တမ်းထပ်မတိုးပေးရန် သြစတြေးလျှအစိုးရက သုံးသပ်မှုများလုပ်နေကြောင်း အမည်မဖေါ်လိုသည့် သတင်းရင်းမြစ်များစွာကပြောသည်။
သြစတြေးလျရှိ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများက လူစာရင်း ပြုစုပြီး ဝန်ကြီးချုပ်မောရစ်ဆင်အစိုးရသို့ ပေးအပ်ခဲ့ရာတွင် မြန်မာနိုင်ငံရှိ မိသားစုများထံမှ ဘာဏ္ဍာရေး အကျိုးစီးပွားများ ခံစားနေနိုင်သည်ဟု ယုံကြည်သည့် အဆင့်မြင့်စစ်ကောင်စီ မိသားစု ၁၅ ဦးပါဝင်သည်။
လက်ရှိတွင်လည်း စစ်ကောင်စီ၏ စီးပွားရေး ဝန်ကြီး ဒေါက်တာပွင့်ဆန်း၏ သားဖြစ်သူ ဒေါက်တာဘရိုင်ယန်ဆိုသူမှာ သြစတြေးလျတွင် နေထိုင်နေပြီး မတ် ၁၆ရက်က စစ်ကောင်စီမှ ဆန္ဒပြသူများ အပေါ် သတ်ဖြတ်သည့်အတွက်ဟု ဆိုကာ အဖေဖြစ်သူ စစ်ကောင်စီဝင် ဒေါက်တာပွင့်ဆန်းကို ဖခင်အဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာခဲ့သည်။။
သြစတြေးလျအစိုးရအနေဖြင့် မြန်မာစစ်ကောင်စီဝင်များကို ပစ်မှတ်ထားအရေးယူမှု ချမှတ်ရန်လိုကြောင်း ထိုစာရင်းကို ကူညီပြုစုပေးခဲ့သည့် သြစတြေးလျ မြန်မာဆရာဝန် နန်းစီစီဝင်း (ခ) ရင်က ပြောသည်။
သြစတြေးလျရှိ ၎င်းတို့၏ပိုင်ဆိုင်မှုများကို စစ်ကောင်စီဝင်များအနေဖြင့် ၎င်းတို့အမည် သို့မဟုတ် မိသားစုဝင်များ၏ အမည်ဖြင့်ထားမည်မဟုတ်ကြောင်း ထို့ကြောင့်အသေးစိတ်စုံစမ်းစစ်ဆေးရန်လိုကြောင်း သူပြောသည်။
“ဒီမှာရှိတဲ့သူတွေကို သိပြီး အရေးယူဖို့လိုတယ်။ အနည်းဆုံး အဲဒီလောက်တော့လုပ်မှ သူတို့သားသမီးတွေ မြေးတွေ ထိခိုက်တာကို သူတို့သိမယ်။ အဲဒီတော့မှ သူတို့ နောက်တခါထပ်စဉ်းစားလိမ့်မယ်” ဟုလည်း သူပြောသည်။
စစ်ကောင်စီ မိသားစုဝင်များသည် သြစတြေးလျ၊ အမေရိကန်နှင့် ဗြိတိန်တွင် နေထိုင်ကြပြီး၊ အများစုက အရေးယူပိတ်ဆို့မှု မရှိသည့် စင်ကာပူတွင် ရှိကြောင်း ငွေကြေးများက လွတ်လပ်စွာ စီးဆင်းနေ ကြောင်း သူက ဆက်ပြောသည်။
“ပိုင်ဆိုင်မှုတွေကို သူတို့တွေရဲ့အမည်နဲ့ထားမှာမဟုတ်ဘူး။ တတိယကြားလူအမည်နဲ့ထားတာ ဖြစ်နိုင်တယ်။ ဒါကြောင့် အဲဒီပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး သူတို့ရဲ့လက်နက်တွေကို မသုံးနိုင်အောင်လုပ်ရမယ်။ သူတို့ ပြည်ဝင်ခွင့်ဗီဇာကို ရပ်ဆဲပြီး ပြည်နှင်ဒဏ်ပေးရမယ်”ဟု ဒေါက်တာနန်းစီစီဝင်းကရှင်းပြသည်။
မြန်မာစစ်တပ်၏ အာဏာသိမ်းမှု မတိုင်မီကလည်း ရခိုင်မြောက်ပိုင်းရှိ မွတ်စလင်များ အရေးနှင့် ပတ်သက်၍ စစ်ရာဇဝတ်မှု ကျူးလွန်သည့် စစ်ဗိုလ်ချုပ် ၅ဦးကို သြစတြေးလျ အစိုးရက အရေးယူပိတ်ဆို့ထားပြီးဖြစ်သည်။
လက်ရှိ သြစတြေးလျ အစိုးရသည် နိုင်ငံအတွင်း ဝင်ရောက်လာသည့် လူ့အခွင့်အရေးချိုးဖေါက်သူများကို အရေးယူရန်နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်းရန်လွယ်ကူစေရန် အမေရိကန်ပြည်ထောင်စု တွင် ကျင့်သုံးသည့် မဂ္ဂနစ်စကီ ဥပဒေကဲ့သို့ ဥပဒေများ ပြဌာန်းရန် လုပ်ဆောင်သည်။
မဂ္ဂနစ်စကီ ဥပဒေဆိုသည်မှာ ၂၀၀၈ ခုနှစ်က ရုရှားနိုင်ငံတွင် ကရင်မလင်အစိုးရနှင့် ပတ်သက်သည့် အခွန်လိမ်လည်မှုများ ဖော်ထုတ်ပြီး မော်စကိုအကျဉ်းထောင်တွင် ပဟေဠိဆန်စွာ သေဆုံးသွားသော ရုရှားရှေ့နေ ဆာဂျီ မဂ္ဂနစ်စကီးကို အစွဲပြုအမည်ပေးထားသည့် အမေရိကန် ဥပဒေဖြစ်သည်။
မြန်မာစစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ သြစတြေးလျ နိုင်ငံ၏ တုံ့ပြန်မှုများသည် လုံလောက်ခြင်း ရှိမရှိနှင့် စစ်ကောင်စီဝင်များကို ထပ်မံအရေးယူရေးနှင့် ပတ်သက်ပြီး သြစတြေးလျပါလီမန်ကလည်း ကော်မတီတခုဖွဲ့ကာ စုံစမ်းစစ်ဆေးနေသည်။
သြစတြေးလျသည် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖေါက်မှု ကျူးလွန်ခဲ့သည့် သူများ သို့မဟုတ် ၎င်းတို့၏ မိသားစုများကို နှစ်သိမ့်မှု၊ ခိုလှုံမှု သို့မဟုတ် အကာအကွယ်ရန်မပေးသင့်ကြောင်း ထိုကော်မတီ ဒုတိယ ဥက္ကဌ လေဘာ ပါလီမန်အမတ် ဂျူလီယန်ဟေးလ် ပြောသည်။
” မြန်မာစစ်ကောင်စီနဲ့ သြစတြေးလျအကြား အဆက်အစပ်လို့ သံသယရှိတာမှန်သမျှကို စုံစမ်းစစ်ဆေးရမယ်။ ကမ္ဘောဒီးယားက ဟွန်ဆန်အာဏာရှင်အစိုးရနဲ့အဆက်အစပ်တွေကိုလည်း စုံစမ်းစစ်ဆေးရမယ်။ ဒီကိစ္စကိုလျစ်လျှူရှု့ထားတာ အရမ်းကိုကြာသွားပြီ”ဟု သူပြောသည်။
ပြည်ထဲရေးဌာန ပြောခွင့်ရသူတဦးက အမှုတခုခြင်းအနေဖြင့် ပြောဆိုခြင်းမရှိသော်လည်း “သြစတြေးလျက နိုင်ငံတကာ လုပ်ငန်းဆောင်ရွက်မှု ဆုံးဖြတ်ချက်တွေ ချတဲ့အခါ မြန်မာနိုင်ငံက ဖြစ်ရပ်တွေလို နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားတယ်” ဟုပြောသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က ကြေညာသည့် မူဝါဒအရ မြန်မာနိုင်ငံသားများ၏ ဗီဇာများကို နေရပ်ပြန်ရန်ဘေးကင်းလုံခြုံသည့် အချိန်အထိ သက်တမ်းတိုးပေးမည်ဖြစ်သည်။
စစ်ကောင်စီသည် NLD အစိုးရအား စီးပွားရေးဆိုင်ရာ အကြံပေးနေသည့် သြစတြေးလျနိုင်ငံသား ပညာရှင် ရှောင်တာနဲလ်ကို ဖမ်းဆီးထားသည်။
You may also like these stories:
NUG အစိုးရက CDM များကို ပံ့ပိုးနိုင်ရန် ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု CMP လုပ်ငန်းတချို့ မြန်မာမှ ပြန်ထွက်ရန် စီစဉ်နေ