အရပ်သား အစိုးရထံမှ စစ်တပ်က အာဏာသိမ်းပြီးနောက် လေတပ်မှ စွန့်ခွာလာသည့် အရာရှိ၊ စစ်သည် ၈၀ ကျော် ရှိ လာပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
အွန်လိုင်းတွင် ပျံ့ နှံ့နေသည့် လေတပ်မှ အရာရှိ၊ စစ်သည် ၈၀ ကျော် အာဏာသိမ်းစစ်တပ်ကို စွန့်ခွာလာသည်မှာ အမှန် ဖြစ်ကြောင်း၊ အခြား ခြေလျင်၊ ခြေမြန်တပ်ရင်းများမှ ထွက်လာသည့် အရည်အတွက်မှာလည်း ရာဂဏ္ဍန်း ရှိနိုင်ကြောင်း အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူ DSA အပတ်စဉ် ၅၄ မှ ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။
ဗိုလ်ကြီး လင်းထက်အောင် က “လေတပ်က CDM လုပ်တာက အရာရှိတွေ အများကြီး ပါတယ်။ အနည်းဆုံး ဆယ်ဂဏန်း ကျော်တယ်။ အခြား စစ်သည် အဆင့်တွေလည်း များတယ်။ မြန်မာတနိုင်ငံလုံးက လေတပ်စခန်း ဌာနချုပ်တွေ၊ လေကြောင်း ဆက်သွယ်ရေးတပ်က လူတွေပါ။ အကြီးဆုံးက ဗိုလ်ကြီးအဆင့် ပါပါတယ်” ဟု ပြောသည်။
လေတပ်အရာရှိ၊ စစ်သည်များသည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ လေတပ်စခန်းများ မှ စွန့်ခွာလာသူများ ဖြစ်ကြောင်း၊ ထွက်လာကြသူများထဲတွင် တချို့မှာ ပြစ်မှုကြောင်း ရှိသဖြင့် ထွက်ပြေးလာသူများ ဖြစ် ကြောင်း၊ တချို့ မှာ ပြစ်မှုကြောင်း မရှိဘဲ အမှန်တကယ် CDM လှုပ်ရှားမှုတွင် ပါဝင်လိုသဖြင့် ပါဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။
ဗိုလ်ကြီး လင်းထက်အောင်က “တချို့တွေကလည်း ထွက်ပြေးလာတာ။ ပြစ်မှုကြောင်းရှိလို့ ထွက်ပြေးတာပေါ့။ တချို့ကတော့ တကယ်ကို CDM လုပ်တာ။ ဘာပြစ်ချက်မှ မရှိဘဲ ထွက်လာတာ။ လိုလိုလားလားနဲ့ကို ဝင်လာတာ”ဟု ရှင်းပြသည်။

ယခုလို လေတပ်မှ အရာရှိ စစ်သည်များ စွန့်ခွာလာခြင်းကြောင်း လေတပ်ပိုင်းဆိုင်ရာ အုပ်ချုပ်ရေး လုပ်ငန်းများတွင် ထိ ခိုက်မှုများ ရှိနိုင်ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ၇၆၀ ခန့် သေဆုံးခဲ့ရပြီးနောက် ယင်းလုပ်ရပ်များကို မနှစ်မြို့သည့် စစ်ဘက်မှ အရာရှိ အကြပ် စစ်သည်များသည် ယခုလို အာ ဏာ ဖီဆန်ရေး လှုပ်ရှားမှု(CDM)တွင် ပူးပေါင်း ပါဝင်လာကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၃ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း လာရောက်ပစ်ခတ်သည့် စစ်တပ်၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်မှာ ပစ်ချခံရသဖြင့် ပျက် ကျသွားခဲ့သေးသည်။
မိုးမောက်မြို့နယ်အတွင်းရှိ KIA စခန်းများ ရှိရာသို့ စစ်တပ်က တိုက်လေယာဉ် ၂ စင်း၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစင်း သုံး၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာ ယင်းရဟတ် ယာဉ်အား KIA က ပစ်ချလိုက်ခြင်း ဖြစ်သည်။
ယခုလို စစ်တပ်၏ အဆင့်မြင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို KIA က ပစ်ချလာနိုင်သဖြင့် နောက်ပိုင်း စစ်ပွဲများတွင် ယခု ပစ်ချခံရသည့် အမြင့်ပေအထိ စစ်တပ်၏ တိုက်ခိုက်ရေး လေယာဉ်များမှာ ဆင်းလာရဲတော့မည် မဟုတ်ကြောင်း၊ အမြင့်ပေ အမြင့်တော်တော်များများ တက်ပစ်ပါကလည်း အောက်ခြေရှိ ပစ်မှတ်များကို တိုက်ရိုက်ထိမှန်ရန် ခက်ခဲသွားမည် ဖြစ်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။
“KIA ကို မြေပြင်ပိုင်း မနိုင်တဲ့အခါ လေကနေ ဖိအားပေးတိုက်ရတာ။ အဲလို အခြေအနေမှာ ဒီလိုမျိုး ပစ်ချနိုင်လာတယ် ဆို ရင် အမြင်ပေ ၁ သောင်းကနေ ပစ်ချနိုင်တယ်ဆိုရင် စစ်တပ်က ပေ ၁ သောင်းကနေ ပစ်မချရဲတော့ဘူး။ နှစ်သောင်းကနေ သွားပြီး ပစ်ချလိမ့်မယ်။ ထိရောက်မှုက နည်းပါးသွားလိ့မ်မယ်”ဟု စစ်ရေး အကဲခတ်တဦးက ပြောသည်။

စစ်အာဏာသိမ်းအပြီး ယခုအခါ ပြည်သူလူထု၏ ထောက်ခံမှု လုံးဝကင်းမဲ့သလောက်ဖြစ်နေသော မြန်မာစစ်တပ်၏ စိတ်ဓာတ်ရေးရာက အတော်ပင် ကျဆင်းနေသည်ဟုလည်း ဆိုသည်။
ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တို့ က စစ်ကောင်စီတပ်ဖွဲ့များ ထိုင်သော စစ်စခန်းများကို ဝင်ရောက် စီးနင်း သိမ်းပိုက်သည့်အခါ ကြာရှည် တောင့်ခံ မထားနိုင်တော့သည်ကို စစ်ရေးစောင့်ကြည့်လေ့လာသူများက ထောက်ပြလာသည်။
ထို့ပြင် နိုင်ငံရေး အခြေအနေအရ ပေါ်ပေါက်လာသည့် အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG)ကလည်း ပြည်သူ့ ကာကွယ် ရေး တပ်မတော်ကို ယနေ့ မေလ ၅ ရက်နေ့တွင် ဖွဲ့ စည်းလိုက်ကြောင်း ကြေညာခဲ့သည်။
You may also like these stories:
ကလေး- ဂန့်ဂေါလမ်းတွင် စစ်တပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်နေ
စစ်ကောင်စီ နိုင်ငံခြားငွေမာ ဆက်ပြီး မရနိုင်လျှင်
စစ်တပ်တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို KIA ပစ်ချ