နေပြည်တော်တွင် ဖမ်းဆီးခံထားရသည့် Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်ကို ယနေ့ မေလ ၆ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် တတိယအကြိမ်ရုံးထုတ်ခဲ့ပြီး ယနေ့ရုံးချိန်းတွင် ၎င်း၏အမှုအတွက် မှုခင်းစီမံခန့်ခွဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုသန်းထိုက်အောင်ကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ၎င်းကို လူကိုယ်တိုင် ရုံးထုတ်ခဲ့ခြင်းလည်းဖြစ်ပြီး မှုခင်းစီမံခန့်ခွဲမှုဆိုသည်မှာ အမှုများကိုကြန့်ကြာမှုမရှိစေရန် အချိန်ကာလတခုအတွင်း တရားရုံးအပြီးစစ်ဆေးရန် ညှိုနှိုင်းကြသည့်အစီအစဉ်ဖြစ်ကြောင်းသိရသည်။
အမှုကို လိုက်ပါ ကူညီပေးနေသူတဦးက “ဒီနေ့အကြိုညှိုနှိုင်းတာ နောက်တပတ်ဆိုရင် အပြီးသတ်ညှိုနိုင်းမယ်။ အဲတာကြောင့် လာမယ့် နောက်တပတ်ရုံးချိန်းမှာ ဒီအမှုကိုရက်ပေါင်း ဘယ်လောက်အတွင်းအပြီးစစ်ပါမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တခုထွက်လာမယ်” ဟု ပြောသည်။
Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်နှင့် ဘီဘီစီသတင်းထောက် ကိုအောင်သူရတို့ ၂ ဦးမှာ လွန်ခဲ့သည့် မတ် လ ၁၉ ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးရှေ့တွင် NLD ပါတီ နာယက ဦးဝင်းထိန်၏ ရုံးထုတ်ကို သတင်း ရ ယူနေစဉ် စစ်ဖက်ရေးရာ လုံခြုံရေးတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ထိုသို့ဖမ်းခံရပြီးနောက် ဘီဘီစီသတင်းထောက် ကိုအောင်သူရမှာ မတ်လ ၂၂ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့ သော်လည်း ကိုသန်းထိုက်အောင်မှာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ယနေ့တွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ခြင်း လည်း ဖြစ်သည်။
ကိုသန်းထိုက်အောင် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ၎င်းအမှုအတွက် လာမည့် ရုံးချိန်းကို မေလ ၂၀ ရက်နေ့သို့ ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် နေပြည်တော် အခြေစိုက် သတင်းထောက် ၃ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့မှာ ကိုသန်းထိုက်အောင်၊ ဘီဘီစီ သတင်းထောက် ကိုအောင်သူရနှင့် DVB သတင်းထောက်ဟောင်း လက်ရှိ အလွတ်တန်း သတင်းထောက် ကိုအောင်ကိုကိုလတ်တို့ ဖြစ်သည်။
အလွတ်တန်း သတင်းထောက် ကိုအောင်ကိုကိုလတ်ကို ကိုလည်း ပုဒ်မ ၅၀၅ (က)ဖြင့် အရေးယူထားရာမှ ဖမ်းဆီးခံရပြီး တလအကြာ ဧပြီလ ၂၀ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။
ထိုကြောင့် ကိုသန်းထိုက်အောင်တဦးသာ ထိန်းသိမ်းခံထားရပြီး အချုပ်နှင့် တရား ရင်ဆိုင်နေရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာရယူပြီးနောက် စစ်ကောင်စီ၏ ဖမ်းဆီးခံရသူ သတင်းသမားပေါင်း ၇၀ ကျော်ရှိသည့်အနက် ၃၀ ဦးမှာ ပြန်လွတ်လာပြီး၊ ၄၀ ဦးထက်မနည်း အချုပ်နှင့် တရားရင်ဆိုင်နေရသည်။
You may also like these stories:
တမူးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ် အပစ်ခံရ၊ နှစ်ဦး ပွဲချင်းပြီး သေဆုံး
ထီးလင်းမြို့နယ်တွင် ပြည်သူနှင့် အာဏာသိမ်းတပ် အပြန်အလှန်ပစ်ခတ်မှု ဆက်တိုက်ဖြစ်နေ