စစ်အုပ်ချုပ်ရေးကို ငြိမ်းချမ်းစွာ ဆန့်ကျင်သူများနှင့် စစ်ကောင်စီကို ဆန့်ကျင်သည့် အခြားသူများကို ကာကွယ်ရန် ကြေညာချက် ထုတ်ပြန်နေရမည့် အချိန်မဟုတ်တော့သောကြောင့် မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်ရန် ကမ္ဘာ့အဖွဲ့အစည်း ၂၀၀ ကျော်က ဗုဒ္ဓဟူးနေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား တောင်းဆိုလိုက်သည်။
စစ်တပ်သည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်မှ စတင်ပြီး လူ့အသက်ကို ရက်စက်ကြမ်းကြုတ်စွာ လျစ်လျူရှုထားကြောင်း ပြသပြီး အသက် ၆ နှစ်အထိ ငယ်ရွယ်သော ကလေးငယ် ၅၁ ဦးအပါအဝင် လူ အနည်းဆုံး ၇၆၉ ဦးကို သတ်ဖြတ်ပြီး တက်ကြွလှုပ်ရှားသူ၊ သတင်းသမား၊ နိုင်ငံဝန်ထမ်းနှင့် နိုင်ငံရေးသမား ထောင်ပေါင်းများစွာကို ဖမ်းဆီးထားကြောင်း ထိုအစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။ အခြားသူ ရာပေါင်းများစွာလည်း ပျောက်ဆုံးနေကြောင်း ထိုကြေညာချက်က ဆိုသည်။
“ထိုသို့သော အခြေအနေတွင် မည်သည့်အစိုးရကမျှ စစ်ကောင်စီသို့ ကျည်ဆံတတောင့်ပင် မရောင်းသင့်ပေ” ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။“မြန်မာနိုင်ငံအပေါ် ကမ္ဘာတဝန်း လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းသည် စစ်ကောင်စီ၏ ပြင်းထန်လာသော အကြမ်းဖက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အနိမ့်ဆုံး လုပ်ဆောင်သင့်သည့် ကိစ္စဖြစ်သည်” ဟုလည်း ဖေါ်ပြထားသည်။
မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို မူကြမ်းရေးဆွဲရသည့် ဗြိတိန်န်ိုင်ငံအနေဖြင့် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို ခွင့်ပြုသည့် ဆုံးဖြတ်ချက်အတွက် အမြန်ဆုံးညှိနှိုင်းမှုများ စတင်ရန် ထိုအဖွဲ့အစည်းများက တောင်းဆိုသည်။ ထိုသို့လုပ်ဆောင်မှသာ “ပုံမှန်အခြေအနေကဲ့သို့ ရှေ့ဆက် မရနိုင်”ဟု စစ်ကောင်စီကို ပြသရာရောက်မည် ဖြစ်ကြောင်းလည်း ဖေါ်ပြထားသည်။
မြန်မာနိုင်ငံသည် အထီးကျန်မှု၊ အရေးယူပိတ်ဆို့မှုများဖြစ်စေသည့် တင်းကျပ်သော စစ်အုပ်ချုပ်ရေးအောက်တွင် ဆယ်စုနှစ် ၅ ခုကြာ သေလုမျောပါး ခံစားခဲ့ရသည်။ ယခင်စစ်ဗိုလ်ချုပ်များက နိုင်ငံကိုချုပ်ကိုင်မှု ဖြေလျှော့လိုက်သောအခါ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အာဏာရလာပြီး နိုင်ငံတကာ အသိုက်အဝန်းကလည်း အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းကာ နိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာခဲ့သည်။ ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ပါတီ အပြတ်အသတ်နိုင်ပြီးနောက် စစ်အာဏာသိမ်းမှုဖြစ်ပေါ်လာကာ ထိုရွေးကောက်ပွဲတွင် မဲမသမာမှုရှိကြောင်း စစ်တပ်က စွပ်စွဲသည်။
အာဏာသိမ်းပြီးနောက် ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူများကို လွှတ်ပေးရန် အဖွဲ့ဝင် ၁၅ နိုင်ငံပါသော ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်မှုများ၊ အရပ်သားရာပေါင်းများစွာ သတ်ဖြတ်မှုများကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချသည့် ကြေညာချက်များစွာ ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်များတွင် စစ်တပ်အနေဖြင့် ချုပ်တည်းရန်နှင့် ပါဝင်ပတ်သက်သူများအားလုံး အကြမ်းဖက်မှုမှ ရှောင်ရှားရန်လည်း တောင်းဆိုသည်။
လုံခြုံရေးကောင်စီက လူ့အခွင့်အရေးကို အပြည့်အ၀လေးစားလိုက်နာရန်နှင့် တွေ့ဆုံဆွေးနွေး ပြန်လည်သင့်မြတ်ခြင်းလမ်းကြောင်းကို ရွေးချယ်ရန် တ်ိုက်တွန်းပြီး အဖြေရှာရေး အဖွဲ့ဝင် ၁၀ နိုင်ငံပါသည့် အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် ကုလသမဂ္ဂ အထူးသံတမန် ခရစ္စတင်း ရှရနာ ဘာဂနာ၏ သံတမန်ရေးအားထုတ်မှုများကို ထောက်ခံကြောင်းပြောသည်။
“ယခုအချိန်သည် ကြေညာချက်များ ထုတ်ပြန်နေရမည့်အချိန်မဟုတ်တော့ပေ။ လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံအပေါ် အဆင့်သစ်တခုအတွက် ဘုံသဘောထားရယူပြီး ပြင်းထန်သည့် ချက်ခြင်းအရေးယူမှုလုပ်ရန် သဘောတူသင့်သည်” ဟုလည်း ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။
ကုသသမဂ္ဂ၏ မြန်မာနိုင်ငံသို့ ကမ္ဘာတဝန်း လက်နက်ရောင်းချမှုပိတ်ပင်ရေးတွင် လက်နက်အားလုံး၊ ခဲယမ်းမီးကျောက်၊ ယာဉ်များ၊ ဆက်သွယ်ရေးကိရိယာများနှင့် ထောက်လှမ်းရေး ကိရိယာများအပါအဝင် စစ်ဖက်အရပ်ဖက်သုံး အခြားစစ်လက်နက်ကိရိယာများ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ထောက်ပံ့ခြင်း၊ ရောင်းခြင်း သို့မဟုတ် လွှဲပြောင်းပေးအပ်ခြင်းတို့ကို ပိတ်ပင်သင့်ကြောင်း ထိုအဖွဲအစည်းများကဆိုသည်။ လေ့ကျင့်ရေး၊ ထောက်လှမ်းရေးနှင့် အခြားစစ်ရေးအကူအညီများကိုလည်း ပိတ်ပင်သင့်သည်ဟု ဆိုသည်။
နိုင်ငံအများအပြားသည် မြန်မာနိုင်ငံသို့ လက်နက်များရောင်းချနေကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ အဆင့်မြင့် ကုလသမဂ္ဂအကျိုးဆောင် လောရင့်စ် မော့စ်က ထိုကြေညာချက်ထုတ်ပြန်သည့် ဗီဒီယိုကွန်ဖရင့်တွင်ပြောသည်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ သုတေသနများနှင့် အခြားယုံကြည်ရသော သတင်းရင်းမြစ်များ၏ အဆိုအရ ရုရှားသည် တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို မြန်မာနိုင်ငံသို့ ရောင်းချနေပြီး တရုတ်ကလည်း တိုက်လေယာဉ်များ၊ ရေတပ်လက်နက်များ၊ သံချပ်ကာယာဉ်များ၊ မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်များရောင်းချကာ မြန်မာရေတပ်ကို ကူညီနေသည်ဟု သူပြောသည်။ ထို့အပြင် တရုတ်လက်နက်များ၊ လက်နက်ငယ်များနှင့် သံချပ်ကာယာဉ်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသို့ လွှဲပြောင်းပေးနေသည်ဟုလည်း သူပြောသည်။
အစ္စရေးကမြန်မာနိုင်ငံသို့ ဖရီးဂိတ်သင်္ဘောများနှင့် သံချပ်ကာယာဉ်များရောင်းချကာ မြန်မာရဲများကို လေ့ကျင့်ပေးသော်လည်း ထိုအစီအစဉ်သည် ၂၀၁၇ ခုနှစ်တွင် ရပ်ဆိုင်းသွားသည်။ သို့သော် အစ္စရေးသည် မြန်မာနိုင်ငံသို့ ထောက်လှမ်းရေးကိရိယာများ ဆက်လက်ပေးပို့နေဆဲဖြစ်သည်။ တောင်ကိုရီးယားသည် မြန်မာနိုင်ငံသို့ ကုန်းရေတိုက်ခိုက်ရေးသင်္ဘောတစင်းကို ၂၀၁၉ ခုနှစ်က လွှဲပြောင်းပေးခဲ့သော်လည်း အာဏာသိမ်းမှုနောက်ပိုင်းတွင် နောက်ထပ်စစ်ဖက်တင်ပို့မှုများ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းကြေညာသည်။
လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ ကုလသမဂ္ဂဆိုင်ရာ ဒါရိုက်တာ လူးဝစ် ချာဘွန်နျူက “ အခုကြေညာချက်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဘာမှမလုပ်ဘဲ စိုးရိမ်ပူပန်ကြောင်းကြေညာချက်တွေ ထုတ်နေရုံပဲ လုပ်ဖို့ အရမ်းကို ခက်ခဲတဲ့ အခြေအနေကို တောင်းဆိုမှုအစပဲဖြစ်တယ်” ဟုပြောသည်။
သို့သော် လက်နက်ရောင်းချမှုပိတ်ပင်ရန် အခွင့်အာဏာပေးသည့် ဆုံးဖြတ်ချက်ချရန် လုံခြုံရေးကောင်စီအတွက် လွန်စွာခက်ခဲနေပြီး အထူးသဖြင့် တရုတ်နှင့် ရုရှားတို့က အရေးယူပိတ်ဆို့မှုများကို ဆန့်ကျင်နေသည်။
တရုတ်သည် “မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံ” ဖြစ်ကြောင်းနှင့် သံတမန်ရေးအားထုတ်မှုများကို ပိုမိုအလေးပေးမည်ဖြစ်ကြောင်း ယခုလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဌအဖြစ်ဆောင်ရွက်မည့် တရုတ်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ် ကျန်ဂျွန်းက တနင်္လာနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ တရုတ်သည် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို လိုလားခြင်းမရှိဘဲ အရေးယူပိတ်ဆို့ခြင်းသည် သံတမန်ရေး အားထုတ်မှုကို အဟန့်အတားဖြစ်စေကာ သာမန်ပြည်သူများထိခိုက်မည်ဟု သူပြောသည်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ မော့စ်က လက်နက်ရောင်းချမှုပိတ်ပင်ခြင်းသည် သာမန်ပြည်သူများကို မည်သည့်နည်းဖြင့်မှ မထိခိုက်ကြောင်း၊ ထိုအချက်ကို တရုတ်က စဉ်းစားမည်ဟု မျှော်လင့်ကြောင်း တုံ့ပြန်သည်။
Global Center for the Responsibility to Protect အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဆိုင်မွန် အဒမ်က မြန်မာပြည်မှ “လူသတ်သမား စစ်ကောင်စီ”ကို ဗုံးများသာမက “ပြောက်ကျား အတွင်းခံများပင်” ဝယ်ယူခွင့်မပေးဘဲ “အပယ်ခံအဖြစ်သာ” ဆက်ဆံသင့်ကြောင်း ပြောသည်။
“မြန်မာနိုင်ငံဟာ ကျဆုံးနိုင်ငံဖြစ်သွားမှာ၊ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်လာမှာကို ကျနော်တို့အားလုံး စိုးရိမ်နေကြတယ်လို့ ကျနော်ထင်တယ်။ ဒါကြောင့် လက်နက်ရောင်းချမှုပိတ်ပင်ခြင်းဟာ ဒေသတွင်းနယ်စပ်တွေ အားလုံးကိုဖြတ်ကျော်လာမယ့် ဒုက္ခသည် အကျပ်အတည်းကို ကြိုတင်ကာကွယ်ရာရောက်တယ်။ လက်နက်ကိုင် ပဋိပက္ခဆိုတာ ဘယ်သူ့အကျိုးစီးပွားကိုမှ အထောက်အကူမပြုဘူး” ဟု အဒမ် ပြောသည်။
U.S. Campaign for Burma မှ မန်နေဂျင်း ဒါရိုက်တာ မိုင်ရာ ဒါးဂေးပေါက ယခင်က စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် သူ ထွက်ပြေးရသည့်အကြောင်းကို ပြန်ပြောပြီး လက်နက်ရောင်းချမှုပိတ်ပင်ခြင်းသည် မြန်မာနိုင်ငံပြဿနာများကို ပြေလည်စေမည် မဟုတ်သော်လည်း မြေပြင်မှလူများ အထူးသဖြင့် တိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုများ၏ လုံခြုံရေးကို သိသိသာသာ မြှင့်တင်ပေးနိုင်ကြောင်းပြောသည်။
“ဒီနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောချင်တာက မြန်မာပြည်သူတွေက ခင်ဗျားတို့အကူအညီလိုနေတယ်။ အခုချက်ခြင်း လိုနေတယ်။ အသက် ဆက်လက်ရှင်သန်အောင် ကြိုးစားနေတဲ့ မြေပြင်ကပြည်သူတွေရဲ့ အားထုတ်မှု၊ ရုန်းကန်မှုနဲ့ ခံနိုင်ရည်ကို အချည်းနှီးဖြစ်အောင် မလုပ်ကြပါနဲ့လို့ပြောချင်တယ်” ဟု သူပြောသည်။
ကိုးကား ။ ။ AP နှင့် အခြားအေဂျင်စီများ
You may also like these stories:
စစ်ကောင်စီ နိုင်ငံခြားငွေမာ ဆက်ပြီး မရနိုင်လျှင်
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီဆန့်ကျင်သူတွေ ပေါင်းစည်းသွား