ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့၏ စစ်ရေးပဋိပက္ခကြား အရပ်သားပိုင် အိမ် ၁၀၀ကျော် ပြာကျသည့်အထိ မီးလောင်မှု၏ လက်သည်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့များ ဖြစ်ကြောင်း တအန်းအရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
ဧပြီ ပထမပတ်မှ မေလ ပထမပတ်အတွင်း RCSS နှင့် တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့ ကြား နယ်မြေအငြင်းပွားမှုကြောင့် ဖြစ်သည့် စစ်ရေးပဋိပက္ခကြားတွင် ကျေးရွာ ၄ရွာမှ အရပ်သားအိမ် ၁၀၉ အိမ်နှင့် တဲ ၃ လုံး ပြာကျသည်အထိ မီးလောင်ပျက်စီးခဲ့ရသည်။
ထိုဖြစ်စဉ်အပေါ်တွင် RCSS တပ်ဖွဲ့များ မီးရှို့ကြောင်းကို သက်သေအထောက်အထားများ ရရှိထားသည်ဟု ဆိုကာ တအန်းအရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
တအန်းအရပ်ဘက်အဖွဲ့အစည်းများ၏ ပြောရေးဆိုခွင့်ရှိသူက “သက်သေတွေက ခိုင်လုံပါတယ်။ မျက်မြင်သက်သေ တွေလည်း ရှိသလို တကယ့်မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေက အများကြီးပါ။ မီးမလောင်ခင်မှာ လူထုက ရွာထဲမှာ ပဲရှိနေသေးတယ်။ RCSS က ရွာထဲ ဝင်လာချိန်မှာ လူထုတွေက ရွာပြင်ထွက်သွားတယ်။ မိနစ်ပိုင်းမှာပဲ ဒီအိမ်တွေက မီးစလောင်သွားတယ်။ ဒီလိုကိစ္စတွေကအစ ကျမတို့ဆီမှာ ရထားပါတယ်”ဟု ပြောသည်။
အရပ်သားအိမ်များကို မီးရှို့သူမှာ RCSS ဖြစ်ကြောင်း စာထုတ်သည့် တအန်းအရပ်ဘက်အဖွဲ့အစည်းများထဲတွင် တအန်း အမျိုးသမီးအဖွဲ့၊ တအန်းဥပဒေ အထောက်အကူပြုအဖွဲ့၊ တအန်းကျောင်းသားများနှင့်လူငယ်အစည်းအရုံးတို့ ပါဝင်သည်။
အဆိုပါအဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူက “ ကျမတို့ ဖြစ်စေချင်တာက ( RCSS) ဗဟိုဌာနချုပ်က မဟုတ်ဘူးလို့ ပြောပေ မယ့် အောက်ခြေမြေပြင်မှာ ဘာတွေဖြစ်ပျက်နေလဲ ဆိုတာ ပြန်လည်သေချာဆန်းစစ်ပြီး ဒီကိစ္စက ဟုတ်လား၊ မဟုတ်လား ဆိုတာ တုံ့ပြန်ချက်တွေ ပေးစေချင်တယ်။ ဌာနချုပ်ဆီကို သတင်းအမှန်က ရောက်ချင်မှ ရောက်မှာပါ”ဟု လည်း ဆိုသည်။
ပြာကျသည်အထိ မီးလောင်ပျက်စီးသွားသည့် အရပ်သားအိမ်များသည် ပန်လုံကျေးရွာအုပ်စု၊ မန်ကျန်းရွာနှင့် မန်ဆာရွာ၊ ချောင်းဆာကျေးရွာအုပ်စုမှ မန်လီရွာနှင့် ရေအိုးရွာတို့ ဖြစ်သည်။
ဧပြီ ၄ ရက်တွင် မန်ကျန်းရွာမှ ၂၇ အိမ်၊ ဧပြီ ၆ ရက်တွင် မန်လီရွာမှ အိမ် ၅ အိမ် နှင့် တဲ ၃လုံး၊ ဧပြီ၂၁ ရက်တွင် မန်ကျန်းရွာမှ ၁၉ အိမ်နှင့် မန်ဆာရွာမှ ၁၃ အိမ် မီးလောင်ခဲ့သည်။
ဧပြီ ၂၅ ရက်တွင် ရေအိုးအိမ်မှာ ၁အိမ် ထပ်မံမီးလောင်ပြီး မေ ၂ရက်တွင် မန်လီရွာမှ ၄၄ အိမ် မီးလောင်ပြာကျ ခဲ့သည်။
နမ္မတူမြို့နယ်တွင်း နေအိမ် မီးလောင်ပြာကျသွားသည့် ဒေသခံတဦးက “ရွာမှာ မီးလောင်တုန်းကတော့ ကျနော်ကတော့ မရှိဘူး။ မီးမလောင်ခင် တိုက်ပွဲဖြစ်ဖို့ အခြေအနေ မငြိမ်ကတည်းက RCတွေက ရွာထဲဝင်လာလို့ ရွာထဲ မနေဖို့ ပြောလို့ အကုန်ရှောင်ရတာ။ နောက်မှ မီးလောင်တဲ့ထဲ အိမ်ပါသွားတယ်ဆိုတာကို သိရတာ။ တချို့မြင်တဲ့ ရွာသားတွေကတော့ ဒါ RCတွေ ရှို့တာလို့ ပြောကြပါတယ်”ဟု ဆိုသည်။
RCSS အနေဖြင့် အရပ်သားအိမ်များကို မီးရှို့သည့်အပြင် စစ်ရေးပဋိပက္ခဖြစ်နေချိန်ကာလအတွင်း မန်ဆာကျေးရွာမှ မိုင်းချစ်မောင်လေး၊ တာအိုက်ညွှန့်၊ ရေအိုးကျေးရွာမှ တာကြာယုံ၊ မိုင်းနေဦးနှင့် မိုင်းနေစွာဟူသည့် အရပ်သား ၅ဦး ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း တအန်းအရပ်ဘက်အဖွဲ့အစည်း များက ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ရေးသားထားသည်။
ထို့ပြင် RCSS ၏ အရပ်သားများအပေါ် ကျူးလွန်သည့် ပြစ်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းမှ အရေးယူပေးရန် ၊ ရှမ်းတိုင်းရင်းသား လူထုအခြေပြု အဖွဲ့များနှင့် နိုင်ငံရေးပါတီများကလည်း ဝိုင်းဝန်းကူညီပေးကြပါဟုလည်း တောင်းဆို ထားသည်။
နမ္မတူမြို့နယ်တွင်း အရပ်သားအိမ်များ မီးလောင်ပျက်စီးသွားခြင်းနှင့် ပတ်သတ်၍ TNLA ကလည်း RCSS က မီးရှို့ ကြောင်း၊ တိုက်ပွဲကာလအတွင်း တအန်းလူမျိုးများကို လူမျိုးရေးအရ ခွဲခြားသည့်အပြင် ပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်း ဖြစ်ကြောင်း မေ ၄ ရက်က စာထုတ်ကာ ပြောဆိုထားသည်။
RCSS၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ၎င်းတို့တပ်ဖွဲ့များ မီးရှို့ခြင်း မရှိကြောင်း ငြင်းဆိုကာ TNLA ဘက်မှ မီးရှို့ ခြင်းသာ ဖြစ်နိုင်သည်ဟု တုန့်ပြန်ခဲ့သည်။
ဗိုလ်မှူးခမ်းစံက “ဒါက သူတို့စွပ်စွဲချက်ပါ။ ဖြစ်နိုင်ရင် လူထုရဲ့ အိမ်မီးလောင်သွားတဲ့ ကျေးရွာလူထုဆီက မေးလို့ရပါတယ်။ အဲ့တာက အဓိက ကျပါတယ်။ လွန်ခဲ့တဲ့ ၅နှစ်၊ ၆နှစ်ကလည်း နမ့်ခမ်းက ဟိုပန်ရွာကို ကျနော်တို့ RCSS က မီးရှို့တယ်ဆိုပြီး TNLA က စွပ်စွဲချက်တွေ ထွက်ခဲ့တယ်။ နောက်ပိုင်းမှ ဒေသခံရဲ့ အိမ်အရှို့ခံရတဲ့ လူထုသက်သေရှိပြီးသားက TNLA လုပ်တယ်ဆိုပြီးမှ သိလာရတာပါ”ဟု ပြောသည်။
အရပ်သားအိမ်များ မီးရှို့ခံရခြင်းနှင့်ပတ်သက်၍ အောက်ခြေတွင် RCSS ဘက်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း ရှိမရှိ မေးမြန်းရာ ဗိုလ်မှူးခမ်းစံက နမ္မတူမြို့နယ်တွင်း အခြေအနေမှာ စစ်ရေးတင်းမာနေဆဲ ဖြစ်ကာ အချိန်မရွေး တိုက်ခိုက်မှုများ ဖြစ်လာနိုင်သဖြင့် ရှေ့တန်းတပ်များက အသင့်အနေအထားဖြင့် ရှိနေရခြင်းကြောင့် အရပ်သားများ၏ ကိစ္စကို စုံစမ်း နိုင်ခြင်းများ မရှိသေးပါဟု ပြောသည်။
ဆက်လက်ပြီး ဗိုလ်မှူးခမ်းစံက “ကျနော်တို့က တတ်နိုင်သလောက်လူထုကို ကူညီပေးတာ ရှိတယ်။ စစ်ရေးတင်းမာ နေတဲ့ အချိန်မှာကျ လက်ငင်းဖြေရှင်းလို့ မရသေးဘူး။ ကျနော်တို့လည်း အသင့်နေထားရတယ်။ ခံစစ်အနေအထားနဲ့ နေထား ရတော့ လူထုရဲ့ ပျက်စီးဆုံးရှုံးမှုကို ချက်ခြင်း ပြန်ကူညီပေးဖို့ မရှိသေးပါဘူး”ဟုလည်း ဆိုသည်။
ထိုသို့ RCSS နှင့် တအန်းအသိုင်းအဝိုင်းကြား ငြင်းခုံမှုများရှိနေသည့် တဖက်တွင် မေ ၅ ရက်၌ ချောင်းဆာကျေးရွာအုပ်စု ၊ ရေအိုးရွာမှ အိမ် ၄ အိမ် ထပ်မံ မီးလောင် ပျက်စီးခဲ့သည်။
လက်ရှိတွင် နေအိမ်မီးလောင်သွားသဖြင့် နေစရာမရှိသည့် အရပ်သားများသည် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များ၊ နီးစပ်ရာ ကျေးရွာများတွင် ခိုလှုံနေရဆဲ ဖြစ်သည်။
တအန်းလူမှုအသိုင်းအဝိုင်းက ထိုသူများအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးရန်အတွက် အလှူငွေများ ကောက်ခံလျက် ရှိသည်။
TNLA နှင့် RCSS သည် ၂၀၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစ၍ နယ်မြေအငြင်းပွားမှုကြောင့် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ဖြစ်သည်။
TNLA သည် အစိုးရ၊ စစ်တပ်နှင့် တစုံတရာ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားခြင်း မရှိပါ။
RCSS သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခ်ိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည်။
NCA လက်မှတ်ထိုးပြီးနောက်တွင် RCSS က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နမ့်ဆန် မြို့နယ်အထိ တပ်အင်အားအများအပြား တိုးချဲ့လှုပ်ရှားသဖြင့် TNLA နှင့် စစ်ရေးအရ တင်းမာမှုများ ရှိသည့်အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်လှုပ်ရှားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့်လည်း ပြေလည်ခြင်း မရှိပါ။
နမ္မတူမြို့နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် TNLAနှင့် SSPPက ပူးပေါင်းပြီး RCSS ကို တိုက်ခိုက်လျက် ရှိသည်။
TNLA နှင့် SSPP က RCSS နယ်မြေကျော်လွန်လှုပ်ရှားခြင်းကြောင့် စစ်ရေးပဋိပက္ခဖြစ်ရသည်ဟု ပြောဆိုထားသော်လည်း RCSS က ၎င်းတို့အနေဖြင့် နယ်မြေကျော်လွန်ခြင်းမရှိဘဲ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကိုသာ ရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။
You may also like these stories:
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီဆန့်ကျင်သူတွေ ပေါင်းစည်းသွား
TNLA နှင့် RCSS ပဋိပက္ခ အရပ်သား အိမ် ၁၀၀ ကျော် မီးလောင်ပြာကျ
မိုးမောက်စစ်ရေးပဋိပက္ခတွင် လေတပ်အရာရှိ ၃ ဦးနှင့် အရပ်သား ၃ ဦး သေဆုံး