မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သပိတ်ခေါင်းဆောင်ဆိုသူ ဦးသန်းဝင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအားမတွေ့သဖြင့် မီးနေသည်အမျိုးသမီးနှင့် ရက် ၂၀ အရွယ်ကလေးအား ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
မုဒုံ ဒေသခံတဦးက “ကျနော်သိသလောက်ပြောရရင် သူကအိမ်မှာရှိမနေဘူး။ အစကတည်းက ရှောင်တိမ်းနေတာ ည ၉ နာရီဝန်းကျင်လောက်က သူတို့ကလူခွဲပြီးတော့ မြို့ထဲဝင်လာတယ်။ သူတို့ဖမ်းမယ့်လူတွေကို လူစုခွဲပြီး လိုက်ဖမ်းမယ့်အချိန်မှာ ဦးသန်းဝင်းက လွတ်နေတယ်။ သူ့အိမ်မှာ သားတယောက်ရှိတယ်။ မွေးထားတာ ရက် ၂၀ ပဲရှိသေးတဲ့ ကလေးလည်းရှိနေတယ်။ မီးနေသည်ကိုရော ခေါ်သွားတယ်။ ၃ ယောက်မှာ အမျိုးသမီးနဲ့ ရက် ၂၀ ကလေးကိုပဲခေါ်သွားတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဦးသန်းဝင်း၏ သားအကြီးအား ဖခင်ဖြစ်သူနှင့် ဖုန်းအဆက်အသွယ်ပြုလုပ်ခိုင်းပြီး ဓားစာခံအနေနဲ့ မီးနေသည်အမျိုးသမီးနှင့် ရက် ၂၀ ကလေးငယ်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
အဆိုပါ မေလ ၅ ရက်နေ့ ညက လာရောက်ဖမ်းဆီးရှာဖွေမှုတွင် အင်အားအများအပြားပါဝင်ပြီး ရဲသတင်းပေး (ဒလံ) ၂ ယောက်လည်း အတူတကွပါလာကြောင်း သိရသည်။
စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးသော ဦးသန်းဝင်းဆိုသူမှာ မုဒုံမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြမှုများမှာ ရှေ့တန်းက ပါဝင်နေသူတဦးဖြစ်သည်ဟု ဆိုသည်။
အဆိုပါနေ့က ဦးသန်းဝင်းအပြင် နေ့လည်ပိုင်းတွင် CDM ဆရာမ ဒေါ်ရီရီဌေး၊ ညပိုင်းတွင် NLD ပြန်ကြားရေးတာဝန်ခံ ဦးကိုကိုဦး နှင့် မုဒုံမြို့ သပိတ်ခေါင်းဆောင် ဦးပြူးတို့အား စစ်ကောင်စီ တပ်များက ဖမ်းဆီးခဲ့သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းက ရုံးထုတ်သော်လည်း ရှေ့နေဖြင့် တွေ့ခွင့်မပြု
ဖမ်းဆီးခံထားရသည့် Mizzima အယ်ဒီတာဟောင်း အမှုအတွက် မှုခင်းစီမံခန့်ခွဲမှုပြုလုပ်
CDM တွေကို ပထမဆုံး ဦးစားပေးဖို့လုပ်နေတယ်