ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များက စစ်တပ်လက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ဝင်များကို လာရောက် ပစ်ခတ်တိုက်ခိုက်နေသဖြင့် တပ်အင်အား တိုးချဲ့ ထားကြောင်း BGF အဖွဲ့မှ ဗိုလ်မှူးစောတင်ဝင်းက ဧရာဝတီကို ပြောသည်။
ဖာပွန်မြို့နယ်အနီးရှိ ကတက်ကြီးဒေသတွင် တပ်စွဲထားသော BGF တပ်ရင်းကို မေလဆန်းတွင် အင်အားဖြည့်တင်း ထားခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသော်လည်း အင်အား မည်မျှတိုးချဲ့ထားသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပါ။
ဗိုလ်မှူးစောတင်ဝင်းက “ကတက်ကြီးဘက်မှာ အင်အားသွားဖြည့်ပေးလိုက်တဲ့ သဘောပါပဲ။ တိုက်ပွဲပြန်ဖြစ်မလားဆိုတာ က သူတို့ (KNU) အပေါ်မှာပဲ မူတည်တယ်။ ကျနော်တို့ ၁၀၁၃ တပ်ရင်း ဗိုလ်မှူးလှကြိုင် တပ်ရင်းတရင်း ရှိတယ်။ ကတက် ကြီးဘက်မှာ။ အဲဒါ သူတို့အဖွဲ့တွေက ခဏခဏ လာချောင်းပြီးတော့ စနိုက်ပါတွေနဲ့ ပစ်ပစ်နေတာ” ဟု ဆိုသည်။
ဖာပွန်မြို့နှင့် ကတက်ကြီး၊ ကမာမောင်းရွာတို့အကြား ဆက်သွယ်ထားသည့်လမ်းကို KNU တပ်ဖွဲ့ဝင်များက မကြာ ခဏ နှောင့်ယှက်ပစ်ခတ်နေပြီး KNU ၏ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ နှင့် BGF တပ်ဖွဲ့ဝင်များ သွားလာရေး အခက်တွေ့နေသည်ဟုလည်း ၎င်းက ပြောသည်။
KNU ဘက်ကမူ အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းထားသော BGF တပ်ဖွဲ့ဝင်များ၏ စစ်အင်အားတိုးချဲ့လာမှုကို ဖာပွန်ခရိုင် အတွင်း နယ်မြေစိုးမိုးမှု လုပ်ဆောင်နိုင်ရန် အင်အားတိုးချဲ့လာခြင်းအဖြစ် ရှုမြင်နေသည်။
KNU တပ်မဟာ(၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုးက “သူတို့က စစ်ကောင်စီရဲ့ လက်အောက်မှာနေရတော့ စစ်ကောင်စီအမိန့်ကို လိုက်နာနေတာပေါ့။ ကရင်အချင်းချင်း ဖြစ်တဲ့အပေါ်မှာ တိုက်ပွဲတွေ ဖြစ်ပွားဖို့ ကျနော်တို့ မလိုလား ဘူး။ ဒါပေမယ့် သူတို့က စစ်ကောင်စီရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေးတဲ့အပေါ်မှာ ကျနော်တို့က ဒီလိုပဲ လက်ရှောင်ပေး မယ်ဆိုရင် သူတို့ လုပ်ပေးတာက စစ်ကောင်စီအတွက်ဆိုတော့ စစ်ကောင်စီဘက်က အမြတ်ထွက်ပြီး တနေရာပြီးတနေရာ ရသွားမယ်ဆိုရင်တော့ ကျနော်တို့လည်း လက်ခံလို့မရဘူး” ဟု ပြောသည်။
ယခင်က ဖာပွန်ခရိုင်အတွင်း BGF တပ်ဖွဲ့ဝင် အင်အား ၁၅၀ ခန့်သာ ရှိရာမှ ၂၀၂၁၊ မေလဆန်းပိုင်းတွင် နောက်ထပ် တပ် ဖွဲ့ဝင်အင်အား ၄၀၀ ခန့် ထပ်မံရောက်ရှိလာခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းပေးပို့ချက်များကို အခြေခံ၍ KNU တပ်မဟာ (၅) ဘက်က ပြောဆိုသည်။
ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုးက ကရင်တိုင်းရင်းသား အများစုဖြင့် ဖွဲ့စည်းထားသော BGF အနေဖြင့်လည်း ပြည်သူလူ ထုကို အကြမ်းဖက် သတ်ဖြတ်နေပြီး လူထုခေါင်းဆောင်များကို ဖမ်းဆီးထောင်ချနေသော အာဏာသိမ်း စစ်ကောင်စီနှင့် မ ပူးပေါင်းဘဲ လူထုဘက်က ရပ်တည်ရန် တိုက်တွန်းပြောဆိုထားသည်။
ထိုသို့ မဟုတ်ဘဲ စစ်ကောင်စီနှင့် ပူးပေါင်းပြီး နယ်မြေချဲ့ထွင်မှုများ လုပ်ဆောင်လာပါက ခုခံရေးစစ် ဆင်နွှဲသွားမည် ဖြစ်သည်ဟု ဆိုသည်။
BGF အဖွဲ့မှ ဗိုလ်မှူးစောတင်ဝင်းကလည်း KNU ဘက်က လမ်းပိတ်ဆို့မှုများနှင့် တိုက်ခိုက်မှုများ ဆက်မလုပ်သင့်ကြောင်း ပြောကြားပြီး ဆက်လက်လုပ်ဆောင်နေပါက မဖြစ်သင့်သည့် ကိစ္စများ ဖြစ်လာနိုင်သည်ဟု သတိပေးသည်။
“ပြည်သူတွေသွားတဲ့ လမ်းကိုတော့ မပိတ်နဲ့ပေါ့။ အဲဒီလိုမှ အဆင်မပြေဘူးဆိုရင် နောက်ဆက်တွဲ ပြဿနာက မဖြစ်သင့် တာတွေ ဖြစ်မယ်။ တဖက်နဲ့တဖက် မကောင်းဘူးပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။
လက်ရှိတွင် ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် KNU တပ်မဟာ (၅)တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေကာ စစ်တပ်ဘက်က စခန်းအချို့ လက်လွှတ်ခဲ့ရသည်များ ရှိသည်။
တဖက်တွင်လည်း စစ်ကောင်စီသည် ဒေသခံ ကရင်ကျေးရွာများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး ၎င်းတို့ လက်အောက်ခံ BGF တပ်ဖွဲ့များကိုပါ တပ်ရွှေ့ပြောင်း နေရာချထားမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။
BGF အဖွဲ့သည် မြန်မာနိုင်ငံတွင် စစ်အာဏာမသိမ်းမီကပင် ကရင်ပြည်နယ်အတွင်း ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း ဆောင် ရွက်မှုနှင့် ပတ်သက်ပြီး စစ်တပ်နှင့် သဘောထား တင်းမာမှုများ ဖြစ်ပွားခဲ့ကာ BGF အရာရှိအများစု ရာထူးမှ နုတ်ထွက် ရန် စာတင်ခဲ့ကြသည်။
သို့သော်လည်း ဇန်နဝါရီ ၁၅ ရက်တွင် မြိုင်ကြီးငူဒေသ၌ စစ်တပ်ဘက်မှ အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်စိုး ဦးဆောင်သည့်အဖွဲ့နှင့် BGF ဘက်မှ ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် ခေါင်းဆောင်ပိုင်း များ တွေ့ဆုံဆွေးနွေးခဲ့ကြသည့် နောက်ပိုင်း နှစ်ဖက်ပြေလည်သွားကာ နုတ်ထွက်စာ တင်ထားမှုကိုလည်း BGF ဘက်က ပြန်လည် ရုတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီဆန့်ကျင်သူတွေ ပေါင်းစည်းသွား
ဩစတြေးလျ ပြည်ထဲရေးက မြန်မာစစ်ကောင်စီ၏ ဆွေမျိုးများအကြောင်း စုံစမ်း ရှာဖွေနေ
စစ်တပ်က ပစ်၍ ကိုဗစ်ဆေးထိုးရန် ရောက်နေသည့် အမျိုးသမီး သေဆုံး