အာဏာသိမ်း စစ်ကောင်စီက တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများကို သတ်မှတ်အချိန်ကာလအတွင်း ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေချိန် စစ်အာဏာရှင်လက်အောက် ကျောင်းမတက်ရေး လှုပ်ရှားမှုများက နိုင်ငံတဝှမ်း အရှိန်မြင့်လာနေသည်။
စစ်ကောင်စီက တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များကို မေ ၅ ရက်၊ အခြေခံပညာကျောင်းများကို ဇွန်လဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
တက္ကသိုလ်များကို မေ ၅ ရက်တွင် ဖွင့်လှစ်နိုင်ရန် သင်ကြားရေး ဆရာ/ဆရာမများနှင့် စီမံဝန်ထမ်းများအားလုံး လုပ်ငန်းခွင်သို့ မေ ၃ ရက် နောက်ဆုံးထားပြီး မပျက်မကွက် ဝင်ရောက်ရန်နှင့် ပျက်ကွက်သူစာရင်းကို ပေးပို့ရန် စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ဧပြီ နောက်ဆုံးအပတ်တွင် ထုတ်ပြန်ပြီး ဖိအားပေးခဲ့သည်။
တဖက်တွင်လည်း ကျောင်းသားသမဂ္ဂများက စစ်အာဏာရှင်လက်အောက် ကျောင်းမတက်ရန်၊ “စစ်ကျွန်ပညာရေး”ကို ဆန့်ကျင်ရန် တိုက်တွန်းနှိုးဆော်မှုများ ရှိလာသလို တက္ကသိုလ်အသီးသီးရှိ သက်ဆိုင်ရာအတန်းများမှ ကျောင်းသူကျောင်းသားများ၏ စစ်ကောင်စီက ကျောင်းများပြန်လည်ဖွင့်လှစ်မှုအပေါ် အသိအမှတ်မပြုကြောင်း၊ ၎င်းတို့အနေဖြင့် လုံးဝ တက်ရောက်မည် မဟုတ်ကြောင်း သဘောထားများ ထုတ်ပြန်လာကြသည်။
ထို့ပြင် ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ၊ ဝန်ထမ်းသမဂ္ဂမှ ကိုယ်စားလှယ်များ ပါဝင်သည့် သက်ဆိုင်ရာ တက္ကသိုလ်များ၏ ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှုများလည်း ပေါ်ပေါက်လာသည်။
နိုင်ငံတဝှမ်းတွင်လည်း “ကျောင်းမတက်နဲ့ ကျောင်းပျက်” ဟူသည့် လူထုလှုပ်ရှားမှုများ ပုံစံမျိုးစုံဖြင့် ထွက်ပေါ်လာပြီး ယနေ့အချိန်အထိလည်း ဆက်လက် ဆန့်ကျင်ဆန္ဒပြနေကြဆဲ ဖြစ်သည်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးလာခဲ့သည့် ပညာရေး စနစ်ကို ရိုက်ချိုးဖျက်ဆီးပစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် ထူထောင်ရန် ယခုအခြေအနေထက် သင့်တော်သည့် အချိန်မရှိကြောင်း၊ ယင်းပညာရေးစနစ်ဟောင်းကြီး ပျက်သုဉ်းသွားရန် ကျောင်းသူကျောင်းသားများ၌ အာဏာရှိနေခြင်းကြောင့် လုံးဝ ကျောင်းမတက်ခြင်းဖြင့် ကိုယ့်လက်ထဲမှ အာဏာကို ပြသကြရန် လူမှုကွန်ရက်မှတဆင့် တိုက်တွန်းထားသည်။
“ရုံးမတက်နဲ့ ရုန်းထွက် ဆိုပြီး ကျနော်တို့တွေ ကြွေးကြော်ခဲ့ကြပါတယ်။ ဝန်ထမ်းတွေကို CDM လုပ်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။ အခု ကျနော်တို့ကိုယ်တိုင် CDM လုပ်ကြရပါမယ်။ မတွန့်မဆုတ်ဘဲနဲ့၊ မတွေဝေဘဲနဲ့ CDM လုပ်ကြပါ” ဟုလည်း ၎င်း က ဆိုသည်။
မေ ၅ ရက်၊ တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်သည် ဟူသော နေ့ရက်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် ဆရာ၊ ဆရာမများ၊ စီမံဝန်ထမ်းများနှင့်အတူ ရပ်တည်ပြီး ကျောင်းသူကျောင်းသားများကပါ တက်ရောက်ခြင်း မရှိသဖြင့် ကျောင်းအများစုမှာ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ကျောင်းတချို့တွင်သာ ဆရာ ဆရာမ၊ စီမံဝန်ထမ်း အနည်းငယ်နှင့် အတူ ကျောင်းသူကျောင်းသား ၁၀ ဦးဝန်းကျင်သာ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်မှ CDM ဆရာတဦးက “လုံးဝ တော်တော်များများကို မအောင်မြင်တာ။ တချို့ကျောင်းတွေဆို ၄၊ ၅၊ ၆ ယောက်၊ ၁၀ ယောက်လောက်ပဲ ရှိတယ်။ စစ်ကောင်စီက အဓိက ပြချင်တဲ့အပိုင်း ၂ ခု ရှိတယ်။ သူတို့က တရားဝင်မှုနဲ့ နယ်မြေစိုးမိုးမှုကို ပြချင်တာ။ တက္ကသိုလ် ဖွင့်ပြတယ်ဆိုတာ သူတို့ နယ်မြေအေးချမ်းနေပြီ။ ကောင်းကောင်း အုပ်ချုပ်နေနိုင်ပြီ။ ကောင်းကောင်း ပုံမှန် လည်ပတ်နေနိုင်ပြီဆိုတာ ပြချင်တာ ရှိပေမယ့် မနေ့ကရတဲ့အထိ သတင်းက မအောင်မြင်ပါဘူး” ဟု မှတ်ချက်ပြုသည်။
ဖွင့်လှစ်သည့် ကျောင်းတချို့တွင်လည်း စစ်သားများက ကျောင်းတက်ရောက်လာသည့် ကျောင်းသူကျောင်းသားများ၏ ဖုန်း၊ လွယ်အိတ်၊ ကျောင်းသားကတ်များ ကို စစ်ဆေးခြင်း၊ ကျောင်းခန်းထဲကနေ ဘယ်ကိုမှ မထွက်ရန် တားမြစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။
၎င်းက “တက္ကသိုလ်နဲ့ စစ်တပ်နဲ့ဆိုတာ ဘာမှမအပ်စပ်တဲ့နေရာလေ။ ဝင်ပြီးတော့ အဲဒီလိုမျိုး လုပ်နေတယ်ဆိုတဲ့ဟာက ဘယ်လိုမှ အဆင်မပြေဘူး” ဟု ဆိုသည်။
စစ်ကောင်စီ၏ တက္ကသိုလ်ကျောင်းများ ဖွင့်လှစ်မှု အောင်မြင်ခြင်း မရှိသလို အခြေခံပညာကျောင်းများကို ဇွန်လဆန်း ပြန်ဖွင့်မည်ဟူသော ရည်ရွယ်ချက်သည်လည်း မအောင်မြင်နိုင်ကြောင်း အခြေခံပညာကျောင်းသား မိဘတဦးက ပြောသည်။
“သေချာတယ် ဒီလိုအချိန်မှာ ကိုယ့်သားသမီးကို ကျောင်းလွှတ်ဖို့ဆိုတာ ဘယ်လိုမှ အစီ အစဉ် မရှိဘူး။ တခြားသော မိဘတွေလည်း အများစုရှိလိမ့်မယ် ထင်တယ်။ အခုဆို ဗုံးတွေပေါက်တယ်။ ကိုယ့်သားသမီး လုံခြုံရေး အခြေအနေ ကြည့်ရင်တောင် ဘယ်လိုမှ မလွှတ်နိုင်ဘူး” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် စာသင်နှစ်ကလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခြေခံပညာမှစ၍ တက္ကသိုလ် ကျောင်းသူကျောင်းသား အားလုံး အတန်းပညာ ၁ နှစ်အောက်ခဲ့ရပြီး ယခုအခါ စစ်အာဏာသိမ်းမှုကြောင့် ပညာရေး ထပ်မံနှောင့်နှေးရမည့် အခြေအနေ ဖြစ်နေသည်။
ကျောင်းသူကျောင်းသားများ၏ နစ်နာမှုကို ဒီအတိုင်း ထားရှိမည်မဟုတ်ဘဲ Online ရော၊ Offline ပါ ပညာသင်ယူနိုင်မည့်၊ ဖက်ဒရယ်ပညာရေးစနစ်ကို ဦးတည်မည့် ကြားကာလ ပညာသင်ကြားရေး ပြုလုပ်နိုင်ရန် ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂ များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစုအဖွဲ့များ ပူးပေါင်းပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ရန်ကုန်တက္ကသိုလ်မှ CDM ဆရာတဦးက ပြောသည်။
ဆက်လက်၍ ၎င်းက ဆွေးနွေးမှုမှာ အတော်လေး ခရီးရောက်နေပြီဖြစ်ပြီး အသေးစိတ်အားလုံး ဆွေးနွေးပြီးပါက တရားဝင် သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ ဖက်ဒရယ်ပုံစံဖြစ်သောကြောင့် တစုတဖွဲ့တည်း ဆောင်ရွက်၍မရဘဲ အဖွဲ့အစည်းပေါင်းစုံ ဖြစ်သည့်အတွက် အချိန်ယူရကြောင်း၊ ကြားကာလတင်သာမက လူထုအရေးတော်ပုံ အောင်မြင်သွားသည့် အခါတွင်လည်း ဆက်လက်လည်ပတ်နိုင်ရန် အစီအစဉ် ဆွဲနေကြောင်း ရှင်းပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာနကလည်း အာဏာသိမ်းစစ်အုပ်စု၏ ကျောင်းများ အဓမ္မဖွင့်လှစ်ရန် ကြိုးပမ်းနေမှုအပေါ် အသိအမှတ်မပြုကြောင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသူ/သားများ အားလုံးကလည်း လုံးဝ တက်ရောက်ခြင်း မပြုရန်နှင့် ကြားကာလပညာသင်ကြားရေး အစီအစဉ်တရပ်ကိုလည်း လျင်မြန်စွာ အကောင်အထည်ဖော် နိုင်ရန် ကြိုးစားနေကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထို့ပြင် ကြားကာလ ယာယီတက္ကသိုလ်ကောင်စီများ ဖွဲ့စည်းမှုကိုလည်း လက်ခံအသိအမှတ်ပြုပြီး NUG ပညာရေးဝန်ကြီး ဌာန၏ မျှော်မှန်းချက်၊ စံတန်ဖိုး၊ မူဝါဒနှင့်အညီ ဝန်ကြီးဌာန၏ စုပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များတွင်လည်း ယင်းကောင်စီများနှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။
စစ်ကောင်စီဘက်ကမူ ၎င်းတို့ သတ်မှတ်ရက်အတွင်း လုပ်ငန်းခွင် ပြန်မဝင်သည့် ဆရာ/ဆရာမများ၊ စီမံဝန်ထမ်းများ အားလုံးကို ခွင့်စည်းကမ်းအား ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ လုံလောက်သော အကြောင်းပြချက်မရှိဘဲ တာဝန်ချိန် ပျက်ကွက်နေခြင်းတို့ကြောင့်ဟု ဆိုကာ မေ ၃ ရက်မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း မေလ ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလျက် ရှိသည်။
You may also like these stories:
အဆင့်မြင့်ပညာဦးစီးဌာန CDM ဝန်ထမ်း ၄၁ ဦး ရာထူးက ထုတ်ပယ်ခံရ
NUG အစိုးရက CDM များကို ပံ့ပိုးနိုင်ရန် ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်း
ဧရာဝတီတိုင်းမှ CDM ပညာရေး ဝန်ထမ်းများ အလုပ်ပြန်ဝင်ဖို့ ဖိအားပေးခံနေရ