သေနတ်ထောက် ဖမ်းခံရသည့် NLD ဗဟိုကော်မတီဝင် ၂ဦး အဆက်အသွယ် ပြတ်နေ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရန်ကုန်ရုံးချုပ်ရှေ့တွင် ယမန်နေ့ညနေက သေနတ်ထောက် ဖမ်းဆီးခံရသည့် ဗဟိုကော်မတီဝင်၂ ဦးနှင့် လူငယ်တဦးအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။
ရန်ကုန်ရုံးချုပ်တွင် NLD ဗဟိုကော်မတီဝင် ဦးဘမျိုးသိန်း၊ ဦးစိုးဝင်း(ခ)ဦးစိုးလေးနှင့် ရခိုင်ပြည်နယ်လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုဟိန်းမင်းထက်တို့ သည် ယမန်နေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ရုံးမှပြန်အထွက် ကားပေါ် တက်နေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကားဖြင့်ပိတ်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။
“သူတို့ကို ဘယ်မှာ ဖမ်းထားလဲဆိုတာ ခုထိ မသိရသေးဘူး၊ ကိုဟိန်းမင်းထက်ရဲ့ အမေဆိုလည်း ဒီဘက်က လှမ်းပြောပြမှပဲသိရတာ။ ခုချိန်ထိတော့ မိသားစုဆီကို လာပြီးနှောင့်ယှက်တာ၊ မေးမြန်တာတော့ မရှိဘူး ပြောတယ်” ဟု NLD ပါတီဝင်တဦးက ပြောသည်။
CCTV မှတ်တမ်းများအရ အဖြူရောင်မတ်တူးကား၂ စီးနှင့် ရောက်လာသည့် အရပ်ဝတ် လက်နက်ကိုင်များသည် ဦးဘမျိုးသိန်းတို့ ၃ ဦးအား သေနတ်ဖြင့်ထောက်ကာ ၎င်းတို့၏ ကားပေါ်သို့ တွန်းတင်ကာ အဓမ္မဖမ်းဆီးသွား သည်ကို တွေ့ရသည်။

“သူတို့ ရုံးက အဆင်းမှာ ခေါ်သွားတာ။ သူတို့ထုံးစံကတော့ ဒီလိုမျိုးဖမ်းပြီးရင် စစ်ကြောရေးခေါ်သွားတာပဲ။ ပြီးမှသာ တရားစွဲတာတွေ လုပ်တာပေါ့” ဟု NLD ရှေ့နေတဦးက ပြောသည်။
၎င်းတို့ ၃ ဦးအား ဖမ်းဆီးခံရသည့် CCTV မှတ်တမ်းတခုအား People Voice Television(PVTV) က ထုတ်ပြန်ထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၉ ရက် ညပိုင်းကလည်း ရန်ကုန် NLD ရုံးချုပ်အား အရပ်ဝတ်များ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တံခါးသော့များဖျက်ဆီးကာ အကြမ်းဖက် ဝင်ရောက်စီးနင်းမှု ပြုလုပ် ခဲ့သေးသည်။
ယင်းအကြမ်းဖက်စီးနင်းရာတွင် ရုံးအတွင်းမှ စာရွက်စာတမ်းများ၊ မီးခံသေတ္တာအတွင်းရှိ ငွေနှင့်ပစ္စည်းများ၊ CCTV ထိန်းချုပ်စက်များ ပျောက်ဆုံးခဲ့ပြီး ဆက်သွယ်ရေးပစ္စည်းများနှင့် ဝါယာကြိုးများလည်း ဖျက်ဆီးခံခဲ့ရသည်။
You may also like these stories:
NLD AIDS စင်တာရှိ CDM ဝန်ထမ်းများကို တပတ်အတွင်း ထွက်ခွာရန် စစ်တပ်ဖိအားပေး
NLD ပါတီ နေပြည်တော် ဥက္ကဌ ဦးမင်းသူကို ယနေ့ ရုံးချိန်းတွင် ရှေ့နေ ပါဝါတင်