ထိုင်းနိုင်ငံနယ်စပ်တွင် ခိုလှုံနေသည့် ကရင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် တကိုယ်ရည်သုံး အသုံးအဆောင်များ နှင့် ဆေးဝါး အကူအညီများ လိုအပ်နေသည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) က ဧရာဝတီ ကို ပြောသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းမှ သံလွင် မြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ်ဆရီယန်းမြို့နယ်ဘက်သို့ ဝင်ရောက်ခိုလှုံနေသည့် ကရင် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၃၀၀၀ ခန့်ရှိနေသည်။
မြန်မာဘက်ခြမ်းမှ ပြေးလာသည့် စစ်ဘေးရှောင်ဒုက္ခသည်များကို အကူအညီပေးမည်ဟု ထိုင်းအာဏာပိုင်များက ပြောဆို ထားသော်လည်း လက်တွေ့တွင် ထိုင်းနယ်စပ်၌ ခိုလှုံနေသည့် ဒုက္ခသည်ဦးရေ ၃၀၀၀ ခန့်မှာ တကိုယ်ရည်သုံး အသုံး အဆောင်များ၊ ဆေးဝါးများ မလုံမလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း KPSN ထံမှ သိရသည်။
KPSN ၏ ပြောရေးဆိုခွင့်ရှိသူ စောသူးမွဲက “ထိုင်းက လူသားချင်းစာနာမှုကိစ္စကို တရားဝင် ခွင့်ပြုထားတာ မဟုတ်ဘဲ နား လည်မှုနဲ့ပဲ လုပ်နေရတဲ့အတွက် အထူးသဖြင့် အစားအသောက်က ရတယ်။ နေဖို့အတွက်က ထိုင်းဘက်ခြမ်းမှာဆိုပေမယ့် နေရာသတ်သတ်မှတ်မှတ် ပေးထားတာ မဟုတ်ဘဲ မြစ်ကမ်းနားကပ်နေတဲ့ တောထဲမှာ ခိုလှုံနေရတဲ့ အခြေအနေပါ။ ဒါ ကြောင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ပြဿနာ အများကြီး ရှိတယ်။ သန့်ရှင်ရေးသုံးပစ္စည်းတွေ မလုံလောက်တာ၊ ဆေး ဝါးတွေ မလုံလောက်တာ ရှိနေပါတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင်း အခြေစိုက်လှုပ်ရှားနေသည့် အရပ်ဘက်အဖွဲ့အစည်းများက စစ်ဘေးရှောင်ဒုက္ခသည်များကို ဆေးဝါးများ ပို့ပေးရန် ကြိုးစားသော်လည်း နယ်စပ်ကို ပို့ဆောင်ရသဖြင့် လမ်းတွင် ထိုင်းအာဏာပိုင်များ၏ လုံခြုံရေး ဂိတ်စခန်းများက စစ်ဆေးခြင်း၊ ထိုင်းကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြု ထောက်ခံစာများ မပါသဖြင့် ဆေးဝါးများကို နယ်စပ်သို့ ဖြတ် သန်းသယ်ဆောင်ခွင့် မပြုခြင်းတို့ကြောင့်လည်း အခက်အခဲများ ရှိနေသည်ဟု စောသူးမွဲက ဆိုသည်။

ဆက်လက်ပြီး ၎င်းက “ကျနော်တို့ စိုးရိမ်တာက မိုးရောက်တော့မယ်။ တောထဲမှာနေတော့ ငှက်ဖျား၊ ဝမ်းရောဂါတွေ ဖြစ် လာနိုင်တယ်။ သူတို့မှာ သောက်သုံးရေ အလုံအလောက် မရသလို ဆေးပစ္စည်းတွေကလည်း မလုံလောက်တော့ မိုးတွင်း ကာလအတွက် ပူပန်နေရပါတယ်။ ဒီအပြင် အစားအသောက်ဆိုလည်း ဘယ်နှစ်လစာဆိုပြီး ကူညီတဲ့ အဖွဲ့အစည်း မရှိပါ ဘူး။ Individual Donor နဲ့ အနည်းအကျဉ်း ကူညီတဲ့သူတွေကနေတဆင့် ပြန်ပို့နေရတာပါ” ဟု ပြောသည်။
KPSN အနေဖြင့် ထိုင်းနိုင်ငံအစိုးရအပြင် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ ကမ္ဘာ့ ကုလသမဂ္ဂ (UN)တို့မှ ကရင်စစ်ဘေးရှောင်ဒုက္ခသည်များကို အကူအညီပေးကြရန် တောင်းဆိုလိုသည်ဟုလည်း စောသူး မွဲက ဆိုသည်။
ထိုင်းနယ်စပ်တောထဲတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည်များသည် အလှူရှင်များထံမှ ရရှိထားသည့် ရွက်ဖျင်တဲ များ၊ တာပေါ်လင်စများဖြင့် ဆောက်ထားသည့် ယာယီတဲများဖြင့်သာ ခိုလှုံနေရဆဲဖြစ်ပြီး တချို့မှာလည်း ထိုင်းနယ်စပ်ရှိ ကရင်လူမျိုးများ နေထိုင်သည့် ကျေးရွာများထဲတွင် ခိုလှုံနေကြရသည်။
ဖာပွန်ခရိုင်အတွင်း နေထိုင်သည့် ဒေသခံတဦးက “တောထဲတောင်ထဲနေရတော့ ဝမ်းပျက်ဝမ်းလျောတွေ ဖြစ်ကြတာ ရှိ တယ်။ ထိုင်းဘက်ရောက်တဲ့သူတွေ အခြေအနေ မသိပေမယ့် လွန်ခဲ့တဲ့ ၄ ရက်လောက်က ဒီဖာပွန်ဘက်ခြမ်းကသူ တွေ တော်တော်များများ ဝမ်းပျက်ဝမ်းလျော ဖြစ်ကြတယ်။ ဒီမှာတော့ ရှိတဲ့ဆေးမှူးတွေက ကုသပေးတာ ရှိတယ်။ ကိုယ့် အိမ်ကိုယ့်နေရာ မဟုတ်တော့ သောက်ရေတွေဘာတွေ အိမ်သာတွေက ခက်ခဲတယ်” ဟု ပြောသည်။
ဖာပွန်ခရိုင်အတွင်း မတ် ၂၇ မှ ဧပြီ ၃၀ ရက်အတွင်း စစ်တပ်၏ လေကြောင်း တိုက်ခိုက်ခံရမှုများကြောင့် ကျေးရွာများကို စွန့်ခွာပြီး တောတွင်း တိမ်းရှောင်နေရသည့် အရပ်သားဦးရေ စုစုပေါင်း ၂၃၀၀၀ ကျော် ရှိသည့်အနက် ၃၀၀၀ ဝန်းကျင်မှာ ထိုင်းနိုင်ငံဘက်တွင် ခိုလှုံနေပြီး ကျန် ၂၀၀၀၀ ဝန်းကျင်သည် ဖာပွန်ခရိုင်အတွင်းရှိ တောတွင်း၌ ခိုလှုံနေကြဆဲ ဖြစ်သည်။
ဖာပွန်ခရိုင်အတွင်း အခြေစိုက်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၅) နှင့် စစ်တပ်သည် စစ်ရေး တင်းမာမှုများ ရှိနေဆဲ ဖြစ်သည်။

မတ် ၂၇ ရက်တွင် ဖာပွန်ခရိုင်အတွင်းရှိ စစ်တပ်၏ သီးမူထာစခန်း၊ ဧပြီ ၂၇ ရက်တွင် သော်လဲထာ၊ အီးသူးထာ၊ မယ်ကထာ စခန်း ၃ ခုကို KNU တပ်မဟာ (၅)က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က တိုက်လေယာဉ်များ အသုံးပြုကာ ဖာပွန် ခရိုင်အတွင်းသို့ ဗုံးကြဲ တိုက်ခိုက်မှုများ ပြန်လည် ပြုလုပ်ခဲ့သည်။
ယနေ့ (မေ ၇ ရက်) နံနက်ပိုင်းတွင်လည်း ဖာပွန်ခရိုင်အတွင်းရှိ စစ်တပ်၏ ဥသုထစခန်းမှ တပ်သားများ ထွက်ပြေး သွား သဖြင့် အဆိုပါ စခန်းနှင့် လက်နက်ခဲယမ်းများကို KNU တပ်မဟာ (၅) က ထပ်မံသိမ်းဆည်းခဲ့သည်။
ဖာပွန်ခရိုင်အတွင်း စစ်ဘေးသင့်နေသည့် အရပ်သားများအရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံတွင် ခိုလှုံခွင့်ရရန်၊ လုံခြုံသည့် အမိုးအကာများဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရန်အတွက် အမျိုးသားညီညွတ်ရေးအစိုး ရ(NUG) အနေဖြင့် ထိုင်းအစိုးရကို အစိုးရချင်းဆက်သွယ်ကာ ညှိနှိုင်းပေးစေလိုကြောင်း KNU တပ်မဟာ(၅)၏ ပြောရေး ဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောဆိုထားသည်။
NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဖာပွန်ခရိုင်အတွင်းမှ စစ်ဘေးရှောင် ဒုက္ခ သည်များကို အကူအညီပေးရန် ထိုင်းအစိုးရအား ဆက်သွယ်ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု ဧရာဝတီကို ဧပြီလကုန်ပိုင်း က ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင်း နိုင်ငံရေး အခြေအနေအရ အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတကာတွင် အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုမှု ရရှိရေး ဆောင်ရွက်နေသည့်အပြင် NUG ကလည်း ၎င်းတို့ကိုသာ တရားဝင် အစိုးရ တရပ်အနေဖြင့် အသိအမှတ်ပြုမှုရရန် ဆောင်ရွက်လျက် ရှိသည်။
သို့သော် ထိုင်းနိုင်ငံဘက်မှ အာဏာသိမ်းစစ်ကောင်စီနှင့် NUG နှစ်ဖက်လုံးကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရတရပ်အနေ ဖြင့် တရားဝင် အသိအမှတ်ပြု ဆက်သွယ် ဆောင်ရွက်ခြင်းများ မရှိပါ။
လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသည့် ထိုင်းအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများက ဝိုင်းဝန်းဝေဖန်ကြရာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် ကရင်ဒုက္ခသည်များ ခိုလှုံမှုကို တားမြစ်ခြင်း၊ ပိတ်ပင်ခြင်း ပြုလုပ်မည် မဟုတ်ကြောင်း မတ်လက ပြောဆိုထားသည်။
ထိုင်းအာဏာပိုင်များကလည်း မြန်မာနိုင်ငံဘက်မှ စစ်ဘေးရှောင် ဒုက္ခသည်များ ခိုလှုံလာပါက အကူအညီပေးရန် ရှိပါ သည်ဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် ကရင်စစ်ဘေးရှောင်ဒုက္ခသည်များမှာ လုံလောက်သည့် အကူအညီ ရရှိခြင်း မရှိပါ။
You may also like these stories:
စစ်စခန်းများ ကျပြီးနောက် စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း ဗုံးကြဲတိုက်ခိုက်နေ