အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်၏ ရှေ့ပြေးအဖြစ် ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို မေလ ၅ ရက်က ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ပြီး မကြာမီပင် တမူး လုံခြုံရေးအဖွဲ့ (Tamu Security Group – T S G) က NUG နှင့် လက်တွဲလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် NUG ၏ ညွှန်ကြားချက်နှင့်အညီ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း TSG က ထုတ်ပြန်ထားရာ TSG နှင့် NUG ၏ လက်တွဲဆောင်ရွက်မှု အခြေအနေနှင့် TSG ၏ သဘောထားခံယူချက်၊ ရှေ့ဆက်လုပ် ဆောင်မှုများကို သိရှိနိုင်ရန်အတွက် TSG အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူများကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ TSG အနေနဲ့ NUG နဲ့ ဘာကြောင့် ပူးပေါင်းဖြစ်သွားတာလဲ။
ဖြေ ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ အကျပ်အတည်း ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ NUG ကနေပြီးတော့ TSG အဖွဲ့ကို လာ ဆက်သွယ်လိုက်တယ်။ ဆက်သွယ်ပြီးတော့မှ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဖြစ်ဖို့ရန်အတွက် လာဆက်သွယ်ကြ တယ်။ လာဆက်သွယ်တဲ့အခါမှာ ကျနော်တို့ကလည်း အစည်းအဝေး ထိုင်ပြီး ကျနော်တို့ အားလုံးရဲ့ သဘောတူညီချက်နဲ့ NUG ဟာ ကျနော်တို့ရဲ့ တရားဝင် အစိုးရဖြစ်တော့ သူတို့ရဲ့ လက်အောက်မှာ ဝင်ကြရအောင်ဆိုပြီးတော့ အားလုံး ဆုံးဖြတ်ချက်ချပြီးတော့ ဝင်လိုက်ကြတာ ဖြစ်ပါတယ်။
မေး ။ ။ ဆိုတော့ လက်ရှိ အခြေအနေအရTSG ဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ တစိတ်တပိုင်းလို့ ဆိုရမလား။ ရှေ့ဆက် ဘယ်လိုလုပ်သွားဖို့ရှိလဲ။
ဖြေ ။ ။ ကျနော်တို့ သူတို့ရဲ့ ညွှန်ကြားချက်အတိုင်းပဲ သူတို့က နောက်ဆက်တွဲမှာ ဘယ်လိုပဲ ညွှန်ကြားလာ၊ ညွှန်ကြားလာ သူတို့ကို ယုံကြည်မှု ရှိတယ်။ သူတို့က ပြည်သူတွေအတွက် အကောင်းဆုံး လုပ်နိုင်မယ်လို့ ယုံကြည်လို့ပေါ့။ သူတို့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ့မယ်ဆိုပြီး TSG အဖွဲ့က ကြေညာလိုက်တာပါ။
မေး ။ ။TSG အနေနဲ့ NUG အပေါ် အပြည့်အဝ ယုံသလား။ ဘယ်လို သဘောထား ရှိသလဲ။
ဖြေ ။ ။ လက်ရှိကတော့ NUG နဲ့ ပတ်သက်လို့ ဘာမှတော့ ပြောလို့မရသေးဘူး။ အခုမှ စပြီးတော့ ဖွဲ့စည်းတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ နောက် သူတို့သွားနေတဲ့ လမ်းကြောင်းသည် CRPH ရဲ့ လမ်းညွှန်မှုနဲ့ သွားတယ်။ နောက် NUG ကလည်း Federal Army ဖြစ်လာဖို့ လုပ်နေတယ်။ နောက်ပြီး တိုင်းရင်းသားတွေနဲ့လည်း ဆွေးနွေးနေပြီဆိုတော့ ကျနော်တို့ကတော့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်တယ်။
မေး။ ။ NUG ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ တမူးဒေသခံတွေ အပါအဝင် လူထုဆန္ဒကို အကောင်အထည်ဖော် နိုင်မယ် မျှော်လင့်ထားသလား။
ဖြေ။ ။ ဒီ NUG က ကျတော့ တရားဝင်လည်း ဖြစ်တယ်။ ပြည်သူလူထုအပေါ်မှာလည်း မေတ္တာထားတယ်။ ကျနော်တို့ အပေါ်မှာ မားမားမတ်မတ် ရပ်တည်လာတယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒါကြောင့်လည်း သူတို့ရဲ့ကမ်းလှမ်းလာမှုကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံလိုက်တာပါ။
မေး။ ။ တမူးနဲ့ အနီးတဝိုက်မှာ လက်ရှိမှာ စစ်ကောင်စီတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေ ဘယ်လိုရှိသလဲ။ NUG ကရော ဒီအတွက် ပံ့ပိုးကူညီပေးသွားဖို့ရှိလား။
ဖြေ။ ။ တမူးမှာတော့ လက်တလော စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှု မရှိသေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော် တို့တွေက လုံခြုံတဲ့နေရာတခုမှာ နေပြီး လေ့ကျင့်တဲ့အနေအထားပဲ ရှိသေးတယ်။ လက်ရှိက သူတို့ဘာသူတို့ သေနတ်တွေ ဖောက်တယ်။ သူတို့ဟာ သူတို့ မြို့ထဲမှာ လှည့်လည်ပြီး ဒီနေ့အထိ သူတို့ မကျေနပ်တဲ့သူတွေကို ဖုန်းတွေ စစ်ပြီး ဖမ်းဆီး တယ်။ မနေ့ညကဆို လူ၂ ယောက်ကို သေနတ်နဲ့ ပစ်လိုက်တယ်။ တယောက်ကတော့ လက်မောင်း ထိသွားတယ်။ တယောက်ကတော့ မထိလိုက်ဘူး။ အဲဒါ ဗွီဒီယိုဖိုင်တွေ သက်သေတွေ ရှိတယ်။ အခုကျနော်တို့ လက်ရှိအခြေအနေ မှာတော့ TSG အနေနဲ့ စစ်ကောင်စီနဲ့ ထိပ်တိုက်တွေ့တာမျိုး မရှိသေးဘူး။
မေး။ ။ ရှေ့ပိုင်းမှာဆိုရင် ကလေး၊ တမူးဟာ စစ်ကောင်စီနဲ့ ထိပ်တိုက်တွေ့တဲ့ နေရာမှာ နာမည်ကြီးတဲ့ ဒေသ၊ ဒေသခံတွေ ကို ကာကွယ်တဲ့နေရာမှာ နာမည်ရပါတယ်။ အခုအခါမှာ NUG နဲ့ ပူးပေါင်းလိုက်ပြီဆိုတော့ လူတွေက ပိုစိတ်ဝင်စားလာ တယ်။ နဂိုကတည်းကမှ စိတ်အားထက်သန်တဲ့ အဖွဲ့အစည်းက NUG နဲ့ ပေါင်းလိုက်ရင် ဘယ်လိုဖြစ်လာမလဲပေါ့။ အဲဒီ အခါကျတော့ TSG နဲ့ကြားမှာ ဘာတွေ ညှိနှိုင်းထားသလဲ။
ဖြေ။ ။ တော်တော်များများ ပံ့ပိုးပေးတယ်။ သူတို့ လုပ်နိုင်တဲ့ Supporting ကို အားလုံးနီးပါး သူတို့လုပ်ပေးမယ်လို့ ပြော ထားတယ်။ အားလုံးဘာတွေ၊ ဘာတွေဆိုတာတော့ ပြောလို့ မရဘူးပေါ့နော်။
မေး။ ။ လက်ရှိတိုက်ပွဲဝင်မယ့် လူငယ်တွေရဲ့ အခြေအနေကရော ဘယ်လိုမျိုးလဲ။ NUG ပေါ်မှာ ဘယ်လို သဘောထား ရှိလဲ။ သူတို့ရဲ့ သတင်းစကားတွေကရော ဘာတွေဖြစ်မလဲ။
ဖြေ။ ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ အားလုံးကလည်း ကျနော့်အပေါ်မှာ အကြွင်းမဲ့ ယုံကြည်တဲ့အခါကျတော့ သူတို့ ပံ့ပိုးပေး မယ်ဆိုတာတွေကို တပ်ဖွဲ့ဝင်တွေ အားလုံးကလည်း မျှော်လင့်တယ်။ ယုံကြည်တယ်။ ဒါကြောင့် ကျနော်တို့အားလုံးက လည်း အဲဒီလိုကမ်းလှမ်းလာတဲ့အပေါ်မှာ ဝမ်းသာကြတယ်။ အဲဒီလိုမျိုး အစိုးရက လာ ကမ်းလှမ်းတဲ့အခါကျတော့ ကျနော် တို့အတွက် ပိုပြီးမှလည်း တာဝန်ကြီးရတာပေါ့။
မေး ။ ။ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဆိုတာက ရှေ့ပြေးတပ်ဆိုတဲ့ အခါကျတော့ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက် လာဖို့ ဘယ်လောက်ကြာကြာတိုက်ပွဲဝင်ရဦးမလဲ။ ဘယ်လောက်ကြိုပြင် ဆင်ထားလဲ။
ဖြေ ။ ။ ရွေးကောက်ခံအစိုးရ တက်မလာမချင်းကတော့ တိုက်ပွဲတွေက ဖြစ်နေဦးမှာပဲ။ ခန့်မှန်းခြေ ဘယ်လောက်ထိ သွား မလဲဆိုတဲ့ နိုင်ငံရေး အခြေအနေကတော့ ကျနော်တို့ မပြောနိုင်ဘူး။ စစ်ကောင်စီဘက်မှာလည်း အင်အားရှိတဲ့ အခြေ အနေဆိုတော့ သူတို့ အင်အားရှိနေသမျှတော့ တိုက်နေမှာပဲ။ ကျနော်တို့ကလည်း ရွေးကောက်ခံ အစိုးရ တက်မလာမချင်း တိုက်နေရမှာပဲ။
မေး။ ။ ဘာများ ဖြည့်စွက်ပြောဦးမလဲ။
ဖြေ။ ။ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ အားလုံးကလည်း ကြိုးစားနေကြတယ်။ ဒီလိုပဲ အားလုံးကလည်း စိတ်အားထက်သန် နေကြတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ကျနော်တို့ လူငယ်တွေ တတ်နိုင်သမျှတော့ လုပ်ပေးဦးမှာပဲ။ ကျနော်တို့ကတော့ ဘယ်တော့မှ အရှုံးမပေးဘူး။ ရှေ့ဆက်ဖို့ပဲ ရှိတယ်။ ဘယ်တော့မှ ဒီစစ်အာဏာရှင် လက်အောက်ကို ပြန်လည်ကျရောက် မခံတာ့ဘူး။
ဒါကြောင့် ဒီ၂၁ ရာစု ကျနော်တို့ လူငယ်ခေတ်မှာ ခေတ်အဆက်ဆက်က ဘယ်လိုပဲ ရှုံးနိမ့်ခဲ့ရပါစေပေါ့။ ကျနော်တို့က လုံးဝ လုံးဝ ဒီမြန်မာနိုင်ငံကြီး ပြန်လည် ကောင်းမွန်လာရမယ်။ လုံးဝ၊ လုံးဝ ဒီမြန်မာနိုင်ငံကြီး အကောင်းပတိအတိုင်း ဖြစ်သည်အ ထိ ကျနော်တို့က ဆက်ပြီး ပါဝင်သွားမှာပါ။ တနိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေကိုပြောချင်တာက အားမလျော့ဖို့။
တချို့မြို့တွေ၊ နယ်တွေမှာ စစ်ကောင်စီက ခန့်အပ်တဲ့ ပုံစံမျိုးတွေ သူတို့ရဲ့ ငြိမ်ဝပ်ပိပြားလာတာတွေ၊ ကျောင်းတွေ ဖွင့်နေ တယ်ဆိုတာမျိုးတွေကို လိုက်ပြီး စိတ်ဓာတ် မကျဖို့နဲ့ ကျနော်တို့ လူငယ်တွေ GZ တွေ လုပ်နိုင်သမျှ အစွမ်းကုန် လက်နက် ကိုင်ပြီး တော်လှန်ဆိုရင်လည်း လက်နက်ကိုင်ပြီး တော်လှန်မယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြမယ်ဆိုတုန်းကလည်း ကျနော်တို့ ငြိမ်း ချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။
အဲဒီလိုမျိုး ဘာပဲဖြစ်နေ ဖြစ်နေ အာဏာသိမ်း စစ်ကောင်စီ အစိုးရ ကျရှုံးသွားတဲ့အထိ တိုက်နေဦးမှာ ဖြစ်တဲ့အတွက် ကြောင့် တနိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေ အကုန်လုံးအနေနဲ့ စိတ်ဓာတ်မကျဖို့ ကျနော်တို့ တိုက်နေတယ်ဆိုတာ မှာချင်တာ။ လူငယ်တွေအားလုံး လုံးဝ စိတ်ဓာတ် မကျပါနဲ့။ ကျနော်တို့ ပွဲမဝင်ခင် အပြင်က ကျင်းပနေကြတယ်။
ကျနော်တို့ တမူးမှာ ခုလောလောဆယ် လူတွေအားလုံးအမြင်မှာ ငြိမ်နေတယ်လို့ ထင်ပါလိမ့်မယ်။ ကျနော်တို့အစွမ်းကုန် ကြိုးစားနေကြတယ်။ ပြင်ဆင်နေတယ်။ လုံခြုံတဲ့နေရာမှာ အပြင်းအထန် လေ့ကျင့်နေကြတယ်။ ဒါကြောင့် လူငယ်တွေ အနေနဲ့ စိတ်ဓာတ်ကျတယ်ဆိုတဲ့ စကားထက် ကျနော်တို့ အောင်ကို အောင်မြင်ရမယ်။ အောင်မြင်တော့မယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ရှေ့ဆက်သွားကြစို့လို့ TSG အဖွဲ့ဝင် အားလုံးက လှုံ့ဆော်ချင်ပါတယ်။
You may also like these stories:
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီဆန့်ကျင်သူတွေ ပေါင်းစည်းသွား
ကျောင်းမတက်ရေး လှုပ်ရှားမှုများ နိုင်ငံတဝန်း အရှိန်မြင့်လာ
လေတပ်မှ အရာရှိ၊ စစ်သည် ၈၀ ကျော် အာဏာသိမ်း စစ်တပ်ကို စွန့်ခွာ