မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ကျန်းမာရေးစနစ် ပြိုလဲမှုနှင့်အတူ တိုင်းရင်းသားဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှုများ အကျပ်အတည်း ကြုံတွေ့နေပြီး ဘဏ္ဍာရေးနှင့် ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များ ပိုမို လိုအပ် လာနေကြောင်း တိုင်းရင်းသားကျန်းမာရေးကော်မတီ (EHC) ထံမှ သိရသည်။
စစ်အာဏာသိမ်းမှုကြောင့် ထောင်နှင့်ချီသော ကျန်းမာရေးဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခြင်း၊ ၎င်းတို့အနက် အများအပြားမှာ စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုရန်ကြောင့် နေရပ်မှ တိမ်းရှောင်ထွက်ပြေးရ ခြင်း၊ စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ အိုးအိမ် စွန့်ခွာ ထွက်ပြေးရခြင်းတို့နှင့်အတူ အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ကပ်ဘေး မြင့်တက်နေခြင်းတို့က တိုင်းရင်းသားဒေသများ ၏ ကျန်းမာရေး အခြေအနေကို ခြိမ်းခြောက်နေသည်ဟု ဆိုသည်။

EHC မှ ပြောရေးဆိုခွင့်ရှိသူတဦးက “ရံပုံငွေ မလုံလောက်တာတွေ၊ ပစ္စည်းပစ္စယ မရှိတာတွေ ကြုံနေရတယ်။ CDM လုပ်ပြီး ထွက်လာတဲ့ ဝန်ထမ်းတွေ၊ အစိုးရကျန်းမာရေးဌာနက ဝန်ထမ်းတွေကိုလည်း ပံ့ပိုးပေးရတာတွေကြောင့် ဘဏ္ဍာရေးဆိုင်ရာ ခက်ခဲလာတာလည်း ရှိနေပါတယ်” ဟု ပြောသည်။
ထို့ပြင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် ကျန်းမာရေးစနစ် ယိုယွင်းပျက်သုဉ်းခြင်းကြောင့် ဒေသတွင်း ပုံမှန်ကြုံတွေ့ရသည့် ရောဂါ များအပြင် ကိုဗစ်ကို စစ်ဆေးနိုင်သည့် အခြေခံအဆောက်အဦမျိုး မရှိသဖြင့် ကိုဗစ်ရောဂါ ပြန့်ပွားမှုအတွက်လည်း စိုးရိမ်ရ သည်ဟု ၎င်းက ဆိုသည်။
အိန္ဒိယ အပါအဝင် အိမ်နီးချင်းနိုင်ငံများ အနေဖြင့် ကိုဗစ်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် EHC ကို ကိုဗစ်ကာကွယ် ဆေးများ ကူညီပံ့ပိုးပေးရန်လည်း EHC က တိုက်တွန်းထားသည်။

လက်ရှိရင်ဆိုင်နေရသည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပြဿနာများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်လည်း ဆွေးနွေးညှိနှိုင်းသွားရန် အစီအစဉ်ရှိကြောင်း EHC ထံမှ သိရသည်။
လတ်တလောတွင် ထွက်ပြေးတိမ်းရှောင်လာသည့် ကျန်းမာရေးဝန်ထမ်းများက စစ်ကောင်စီအုပ်ချုပ်မှုမှ ကင်းလွတ်သည့် နယ်မြေများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လုပ်ကိုင်ပေးလျက်ရှိကြောင်း သိရသည်။
EHC သည် မြန်မာ-ထိုင်း နယ်စပ်တလျှောက် တိုင်းရင်းသားဒေသများ၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လုပ်ကိုင်နေသော အဖွဲ့အစည်းတခု ဖြစ်သည်။