အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူယုံ၊ လက်ရှိ စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်၊ စစ်ဦးစီး အရာရှိချုပ် (ကြည်း) အဖြစ်လည်း တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ ဥက္ကဋ္ဌအဖြစ် ပြီးခဲ့သည့် မတ်လက ခန့်အပ်လိုက်ကြောင်း သိရသည်။
ယခင်က MIC ဥက္ကဋ္ဌ တာဝန်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သူကို ခန့်အပ်လေ့ရှိသော် လည်း အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် စစ်တပ်မှ ဗိုလ်ချုပ်တဦးကို စီးပွားရေးရာအရ အရေးကြီးသည့် နေရာသို့ စတင် တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။
လက်ရှိတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်နိုင်ဦးတို့ ရှိသော်လည်း စစ်တက္ကသိုလ် အပတ်စဉ် ၃၀ မှ အသက် ၅၃ နှစ်အရွယ် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို MIC ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ဒုတိယ ဗိုလ်ချုပ် မှူးကြီး မောင်အေးထံတွင် ကိုယ်ရေးအရာရှိ လုပ်ခဲ့ဖူးသူတဦးဖြစ်ပြီး နေပြည်တော်တိုင်းမှူး၊ နေပြည်တော်ကစထမှူး အဖြစ် တာဝန်ယူခဲ့ဖူးသူတဦးလည်း ဖြစ်သည်။
“အရင်ကတော့ MIC ဥက္ကဋ္ဌက အရပ်သားတွေပဲ လုပ်တာများတယ်။ သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်းတို့ နောက် NLD လက်ထက်မှာ ဦးကျော်ဝင်း၊ သူပြီးတော့ ဦးသောင်းထွန်းက နောက်ဆုံးပဲ။ အခု စီးပွားရေးကို စစ်သားတွေ ဝင်ကိုင်ပြီ ဆိုတော့ အဆင်ပြေမလား စဉ်းစားကြည့်ပေါ့” ဟု ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။
သို့သော် လက်ရှိ တိုင်းပြည်တွင် နိုင်ငံရေး တည်ငြိမ်မှု မရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုများ မလာရောက်သည့် အချိန်တွင် MIC ဥက္ကဋ္ဌ မည်သူပင်ဖြစ်စေ အရေးမကြီးသေးကြောင်း၊ အမေရိကန်နှင့် အီးယူတို့၏ ပိတ်ဆို့မှုများလည်း ရှိနေရာ ပြည်ပရင်း နှီးမြှုပ်နှံမှု မဆိုထားနှင့် ပြည်တွင်းလုပ်ငန်းရှင်များပင် အခက်အခဲများ ရှိနေကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြော သည်။
လုပ်ငန်းရှင်တဦးက “အလားအလာကလည်း ထပ်ပြီး တိုးလာမှာ အများကြီး မရှိနိုင်ဘူး။ ဘဏ်နဲ့ ငွေရေးကြေးရေး ကဏ္ဍတွေမှာ ပြဿနာရှိနေတာလည်း ပါတယ်။ တည်ငြိမ်မှု အားနည်းတာ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က စီးပွားရေး ပိတ်ဆို့ထားတာတွေလည်း ရှိတယ်။ ဒီလို အခြေအနေမှာ ဘယ်သူပဲလုပ်လုပ် ဘာမှထူးမှာ မဟုတ်ဘူး” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက “ကိုဗစ်ကာလမှာ ယိုင်နဲ့နဲ့ဖြစ်နေတာကို ဒီလို အခြေအနေ ဖြစ်လာတော့ ရင်းနှီးမြှုပ်နှံမှုတွေက နိုင်ငံခြားသား မပြောနဲ့ ပြည်တွင်းက လူတွေတောင် မလုပ်နိုင်တော့ဘူး။ နိုင်ငံခြားသားက ပိုဆိုးတာပေါ့” ဟု ပြောသည်။
NLD အစိုးရလက်ထက်တွင် ပြည်တွင်းအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နေရာမှ ဖယ်ရှားခံရပြီး NRPC သို့ အပို့ခံခဲ့ရ သည့် ဦးမင်းထွဋ်ကိုလည်း ယခင်ရာထူးတာဝန်အတိုင်း ညွှန်ချုပ်ရာထူးဖြင့် MIC အဖွဲ့ဝင်အဖြစ် ပြန်လည် ခန့်အပ်ထား သည်ကို တွေ့ရသည်။
NLD အစိုးရလက်ထက် MIC တွင် အတွင်းရေးမှူးတာဝန် ယူခဲ့သူ ဦးအောင်နိုင်ဦးကိုလည်း ဒု-ဥက္ကဋ္ဌ တာဝန် ပေးထား သည်။
ယခု MIC ၏ ဥက္ကဋ္ဌ ဖြစ်လာသူ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်နှိမ်နင်းမှုများနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂ (EU) က အရေးယူဒဏ်ခတ်မှု ပြု လုပ်ထားသည့် အဓိကတာဝန်ရှိသော မြန်မာစစ်ခေါင်းဆောင် ၁၁ ဦးအနက် တဦး အပါအဝင် ဖြစ်သည်။
You may also like these stories:
ထိုင်းသို့ ပြောင်းတင်ပို့မှု အပေါ် အခွန်ပြန်လည်တိုးမြှင့်ကောက်ခံ
အမေရိကန် ထိန်းချုပ်ထားသည့် ဒေါ်လာ ၁ ဘီလီယံကို NUG ထံ လွှဲပေးရန် မြန်မာသံအမတ် တောင်းဆို
တယ်လီနောမြန်မာကို အရှုံးစာရင်းပြထား