မြန်မာနိုင်ငံရှိ ကုမ္ပဏီများ၏ ၁၃ ရာခိုင်နှုန်းမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခဲ့ချိန်မှ စ၍ အလုပ်အကိုင်များ လုံးဝရပ်နားခဲ့ရကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်သော စစ်တမ်းတခုက ဆိုကြောင်း ဂျပန်သတင်းဌာန Nikkei Asia က ဆိုသည်။ ယင်းသည် နိုင်ငံရေး မတည်ငြိမ်မှုက မြန်မာ့စီးပွားရေးအပေါ် အကြီးအကျယ် ထိခိုက်နေစေကြောင်း မီးမောင်းထိုးပြနေသည်။
စစ်တမ်းတွင် ပါဝင်သော အဖြေများက လွန်ခဲ့သော ၂ လအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများက ကိုဗစ်ကပ်ရောဂါကာလ တနှစ်လုံးထက် ပို၍ “ပြင်းထန်သော အနုတ်လက္ခဏာ အကျိုးသက်ရောက်မှု” ရှိကြောင်း ပြနေသည်ဟု သိရသည်။
နိုင်ငံခြား ကုန်သည်ကြီးများအသင်း ၁၀ နိုင်ငံက ပူးတွဲကောက်ယူထားသော အဆိုပါစစ်တမ်းတွင် ပါဝင် ဖြေဆိုသူ ၃ ပုံ ၁ ပုံက ၎င်းတို့၏ လုပ်ငန်း ၇၅ ရာခိုင်နှုန်းနှင့်အထက် ကျဆင်းသွားကြောင်း ဖြေသည်။ ဖြေဆိုသူ ၂၁ ရာခိုင်နှုန်းက ၎င်းတို့လုပ်ငန်း ၅၀ မှ ၇၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပြောသည်။ ၅ ရာခိုင်နှုန်းကသာ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိဟု ဖြေကြားကြောင်း သိရသည်။
ဧပြီလ ၉ ရက်နေ့တွင် ကောက်ယူသော အဆိုပါ စစ်တမ်းတွင် ၃၇၂ ကုမ္ပဏီပါဝင်ပြီး တဝက်နီးပါးဖြစ်သော ၁၈၂ ကုမ္ပဏီက ဂျပန်နှင့် ၁၁၅ ကုမ္ပဏီက အနောက်နိုင်ငံများမှ ဖြစ်သည်။ ၅၄ ကုမ္ပဏီမှာ မြန်မာမှ ဖြစ်သည်။
ဆိုးကျိုးသက်ရောက်မှု၏ အဓိက အကြောင်းကို မေးမြန်းရာ တုံ့ပြန်မှု အမျိုးမျိုးအတွက် ဖွင့်ထားပေးသည်။ တုံ့ပြန်မှု အကြိမ်ရေ အများစုမှာ ဘဏ်များ၊ ငွေလွှဲပြောင်းခြင်းများနှင့် ငွေပေးချေမှုများ အလုပ်မဖြစ်သောကြောင့်ဟု ဖြေသည်။ ၇၇ ရာခိုင်နှုန်းဖြစ်သည်။
၇၀ ရာခိုင်နှုန်းက အင်တာနက်ပြတ်တောက်ခြင်းကြောင့်ဟု ဖြေပြီး ၆၅ ရာခိုင်နှုန်းက ဝန်ထမ်းများ ခရီးထွက်၍ မရ သို့မဟုတ် အလုပ်ဆင်း၍ မရဟု ဖြေကြသည်။
နှစ်အကုန်တွင် မည်သို့စီစဉ်ထားသနည်းဟူသော အမေးကို ၃၉ ရာခိုင်နှုန်းက အခြေအနေအပေါ် မူတည်ကြောင်း ဖြေသည်။ ၃၃ ရာခိုင်နှုန်းက ထပ်မံရင်းနှီးမြှုပ်နှံမှု မလုပ်ဘဲ ဆက်ထိန်းထားမည်ဟု ဖြေကာ ၁၅ ရာခိုင်နှုန်းကမူ အလုပ်ကို လျှော့ပစ်မည်ဟု ဖြေကြသည်။
စက်တင်ဘာလအထိ အခြေအနေ တိုးတက်ခြင်း မရှိပါက အလုပ်အကိုင်များ အားလုံးကို ရုပ်သိမ်းခြင်း၊ အလုပ်အကိုင်အတွက် ငှားရမ်းစာချုပ်များ ရပ်ဆိုင်းခြင်း သို့မဟုတ် အလုပ်အကိုင်များ လျှော့ချခြင်းနှင့် လစာကို တဝက်လျှော့ချခြင်းတို့ကို လုပ်မည့် ကုမ္ပဏီ အတော်များများလည်း ရှိနေသည်။
ရင်းနှီးမြှုပ်နှံလိုသော စိတ် ပြိုလဲသွားပြီဟု စစ်တမ်းက ဆိုသည်။ ဖေဖော်ဝါရီမတိုင်မီက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် စီစဉ်ထားကြောင်း တုံ့ပြန်သူ ၅၃ ရာခိုင်နှုန်းက ဖြေသည်။ နှစ်ကုန်လျှင် ထပ်မံရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသူ ယခုအခါ ၅ ရာခိုင်နှုန်းသာ ရှိတော့သည်။
ဇန်နဝါရီတွင် “ကုမ္ပဏီ အများစုအနေဖြင့် မြန်မာပြည်တွင် ၎င်းတို့၏ လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ရန် သို့မဟုတ် ထိန်းသိမ်းထားရန် စီစဉ်ခဲ့ကြသည်”ဟု စစ်တမ်းက ဆိုသည်။ “ထိုအစီအစဉ်များမှာ ၂၀၂၁ ဖေဖော်ဝါရီ နိုင်ငံရေး အဖြစ်အပျက်များနောက်တွင် ရပ်ဆိုင်းကုန်ပြီ ဖြစ်သည်”ဟုလည်း ရေးသည်။
စစ်အာဏာသိမ်းမှုကြောင့် နစ်နာရသော နိုင်ငံခြားကုမ္ပဏီများထဲမှ တခုမှာ နော်ဝေး ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနော ဖြစ်သည်။ မြန်မာနိုင်ငံမှ နော်ငွေ ခရိုနာ ၆.၅ ဘီလီယံ (ဒေါ်လာ ၇၈၂ သန်း) ရှိသော ၎င်းတို့၏ လုပ်ငန်းများကို ထည့်သွင်းတွက်ချက်မှု လုံးဝ မပြုခဲ့ဘဲ အရှုံးစာရင်းပြခဲ့ကြောင်း နော်ဝေဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနောက ပြီးခဲ့သည့် အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည်။
ကိုးကား။ ။ Nikkei Asia
You may also like these stories:
တယ်လီနောမြန်မာကို အရှုံးစာရင်းပြထား
စစ်ကောင်စီလက်အောက် မြန်မာ့စီးပွားရေး လက်လွတ်ခြေလွတ် ပြုတ်ကျနေ
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း MIC ဥက္ကဋ္ဌအသစ် ဖြစ်လာ