အကြမ်းဖက်မှုများ ချက်ခြင်းရပ်သင့်ပြီ၊ ဘက်ပေါင်းစုံ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်သည့် အာဆီယံက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်းဆိုခဲ့သော သူ၏ စစ်တပ်နှင့် ရဲကမူ လက်နက်မဲ့အရပ်သားများကို ဆက်လက် သတ်ဖြတ်နေရာ ယနေ့ဆိုလျှင် သေဆုံးသူ စုစုပေါင်း ၇၈၀ ရှိပြီဖြစ်သည်။
ထင်ရှားသည့် သတ်ဖြတ်မှုမှာ မေလ ၈ရက်နေ့ညက စစ်တပ် ဖမ်းကာ ရွှေဘိုသို့ ခေါ်ဆောင်ခြင်းခံရသည့် မုံရွာခရိုင် ပုလဲမြို့နယ်မှ ကဗျာဆရာ ခက်သီ(အမည်ရင်း- ဦးဇော်ထွန်း)မှာ နောက်တနေ့တွင် သေဆုံးခဲ့သည့် ဖြစ်ရပ်ပင်ဖြစ်သည်။
စစ်ကောင်စီ၏ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းခြင်းများကို စောင့်ကြည့်နေသည့် နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)၏ စာရင်းများအရ မေလ ၂ရက်အထိ စစ်တပ်နှင့်ရဲမှ သတ်ဖြတ်ခဲ့သူ ၇၆၅ ဦးရှိခဲ့ရာမှ တပတ်အတွင်း သေဆုံးသူ ၁၅ ဦး တိုးကာ စုစုပေါင်း ၇၈၀ လာခြင်းဖြစ်သည်။
ယင်း အရေအတွက်သည် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်အခြေအနေများအရ အမှန်တကယ် သေဆုံးသူ အရေအတွက် ပိုနိုင်သည်ဟု ဆိုသည်။
မေ ၈ ရက် ညအချိန်တွင် ဖမ်းဆီးခြင်းခံခဲ့ရသော ကဗျာဆရာ ခက်သီသည် အကြမ်းဖက် စစ်အုပ်စု၏ စစ်ကြောရေးစခန်း၌ မတရားညှဉ်းပန်းနှိပ်စက်၍ စစ်ဆေးမေးမြန်းမှုများကြောင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ရခြင်း ဖြစ်ကြောင်း AAPP က ပြောဆိုထားသည်။
ကျန်သူများအနက် ကဗျာဆရာခက်သီ ကဲ့သို့ပင် ဖမ်းဆီးခံရပြီး အကြမ်းဖက်နှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့ရသလို ဆန္ဒပြ မှု ဖြိုခွင်းခံရစဉ် အကြမ်းဖက် ပစ်ခတ်မှုကြောင့်၊ ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် သေနတ် ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားခဲ့ရသူများလည်း ပါဝင်သည်။
မေလ ၁ရက်က တနင်္သာရီတိုင်း လောင်းလုံမြို့နယ် မြင်းရပ်ကျေးရွာမှ အရပ်သား ၁ ဦး ည ၁၀ နာရီကျော် လမ်းပေါ်၌ ဖမ်းခံရပြီး မေ ၃ ရက်မှ တပ်ဆေးရုံတွင် သေဆုံးလျက် တွေ့ရှိရခြင်း၊ မကွေး၊ ပဲခူး၊ မန္တလေး ရှိ ရပ်ကွက်၊ ကျေးရွာများ သို့ ဝင်ရောက် ပစ်ခတ်ခြင်း၊ ဆန္ဒပြသဖြင့် ပစ်ခတ်ဖြိုခွဲရာမှ သေဆုံးရခြင်းများလည်း ပါဝင်ကြောင်း AAPP က ထုတ်ပြန်သည်။
အလားတူ မေ ၇ ရက်က မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ရွာတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်ပစ်ခတ်စဉ် ဦးခေါင်းကျည်ထိမှန်၍ ၁၅နှစ်ရှိ ယောကျ်ားလေးတဦး သေဆုံးခဲ့သည်။
ထိုကဲ့သို့ ပြည်သူများအပေါ် သတ်ဖြတ်မှုအပြင် အာဏာသိမ်း စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲမှ ဆန္ဒပြ ပြည်သူများကို အကြမ်း ဖက်ပစ်ခတ်ဖြိုခွင်းပြီး ဖမ်းဆီးခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးခြင်း၊ လုယူခြင်းများလည်း ပြုလုပ်လျက်ရှိသည်။
AAPP က “ပစ်ခတ်မှုတွေကို တရားမဲ့ နေ့စဉ်ရက်ဆက် ကျူးလွန်လျက် ရှိနေပေမယ့်လည်း ထိရောက်စွာ ဟန့်တားမယ့်သူ မရှိတာကြောင့် ၎င်းတို့ရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ ပိုပြီး ဆိုးရွားလာစေတယ်။ ဒါကြောင့် ပြည်သူတွေ လုံခြုံမှုမရှိတော့ဘဲ အချိန် နဲ့အမျှ အသက်အန္တရာယ်နဲ့ ကြုံတွေ့လာနေရတယ်” ဟု ဆိုသည်။
ဖေဖော်ဝါရီ ၁ ရက်မှ မေ ၉ ရက်ထိ အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ ၃၈၂၆ ဦး ရှိပြီး ၎င်းတို့ အနက်မှ ၈၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်ဟု AAPP က ထုတ်ပြန်သည်။
ထို့ပြင် ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၅၄၀ ဦးအနက် ၂၀ ဦးမှာ မျက်ကွယ်သေဒဏ်နှင့် ၁၄ ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်း ခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီက AAPP ထုတ်ပြန်သည့် ကိန်းဂဏန်းများနှင့် ပတ်သက်၍ ဖောင်းပွနေသည်ဟု စွပ်စွဲထားသလို AAPP ကို အရေးယူမည်ဟုလည်း ခြိမ်းခြောက် ထုတ်ပြန်ထားသည်။
AAPP ကမူ လက်ရှိ အခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်ပြီး စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ သတ် ဖြတ်၊ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူများ၏ စာရင်းကို နေ့စဉ် ဆက်လက် ထုတ်ပြန်လျက် ရှိသည်။
You may also like these stories:
အစိုးရနဲ့ ပြည်သူက စစ်သူပုန်ကို နှိမ်နင်းတာဖြစ်တယ်
မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်
ကနီတိုက်ပွဲ လူငယ်တဦး သေဆုံး၊ လူ ၂ သောင်းကျော် တိမ်းရှောင်