စစ်ကောင်စီသည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စသည့် တိုင်း နှင့်ပြည်နယ် အချို့တို့မှ ဉာဏ်ရည် မသန်စွမ်းသူများ အပါအဝင် မသန်စွမ်းသူ ၁၅ ဦးခန့်ကို ဖမ်းဆီးထား ကြောင်း မသန်စွမ်း အဖွဲ့အစည်းများထံက သိရသည်။
ယမန်နေ့ကပင် မန္တလေးမြို့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းနှင့် အတူ နေ့စဉ်လိုက်ပါ ဆန္ဒပြနေသည့် ကိုစိုင်း (Wheel Chair) ကို စစ်ကောင်စီတပ်များက အရပ်ဝတ်၊ အိမ်စီးကားဖြင့် ဝင်ဖမ်းသွားသည်။
စစ်ကောင်စီအနေဖြင့် မသန်စွမ်းသူများကို ဖမ်းဆီး ချုပ်နှောင်ခြင်းများပြုလုပ်ပါက မသန်စွမ်းသူများ ၏ လိုအပ်ချက်များ၊ အခွင့်အရေးများကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ မသန် စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။
“မသန်စွမ်းသူတယောက်က သူ့ကို ထိန်းသိမ်းထားတဲ့ ကာလ တလျောက်လုံးမှာ သူ့ရဲ့ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးဟာ အခြေခံ လိုအပ်ချက်တွေ ရှိတယ်။ ထိန်းသိမ်းထားတဲ့သူတွေက မသန်စွမ်းသူရဲ့ အခွင့်အရေးနဲ့အညီ စောင့်ရှောက်ပေးဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ မသန်စွမ်းသူများဆိုင်ရာ ဥပဒေ အခန်း ၄၊ ပုဒ်မ ၁၄ (ဃ) အရ မသန်စွမ်းသူများအား တရားစွဲဆိုမှုကို ခုခံပိုင်ခွင့်နှင့် သက်သေအဖြစ် စစ်ဆေးနိုင်ခွင့်တို့ကို တရား ရုံးတွင် မသန်စွမ်းဖြစ်မှု အလိုက် လိုအပ်ချက်များကို စီစဉ်ပေးရန် လိုအပ်ကြောင်း ပြဋ္ဌာန်းထားပြီး ဖြစ်သည်။
အထူးသဖြင့် အဆိုပါ ဥပဒေတွင် အကျိုးအကြောင်း၊ အဆိုးအကောင်းကို ပိုင်းခြားနိုင်ခြင်းမရှိသည့် ဉာဏ်ရည်မသန်စွမ်းသူများကို ဥပဒေအရ လျော့ပေါ့ရန်လည်း ပြဋ္ဌာန်းထားကြောင်း ရွှေမင်းသားဖောင် ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။
“ပုဒ်မ ၁၉ မှာ ဉာဏ်ရည် မသန်စွမ်းဘူး ဆိုကတည်းက အကောင်းအဆိုး အကြောင်းအကျိုး ဝေဖန်ပိုင်း ခြားမှု မရှိဘူး။ စိတ်ပေါ့သွပ်သူဆိုရင် ဥပဒေအရ လျှော့ပေါ့ခွင့်ရတာမျိုးပေါ့။ အဲဒီလိုကလေးတွေ အတွက် သူပြုလုပ်တယ်ဆိုတာ မတော်တလျော်လား မတော်မမှန်တာလားဆိုတာ မသိတဲ့ အတွက် ကြောင့် မသိသောပြုမူမှုသည် ပြစ်မှု မမြောက်စေရဆိုတာ ပါပြီးသား” ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်ကောင်စီသည် စစ်အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် သက်ဆိုင်ခြင်း မရှိဘဲ မသန် စွမ်းသူများကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်း၊ နှိပ်စက်ခြင်းများကို ပြုလုပ်လျက်ရှိ ကြောင်းလည်း သိရသည်။
ဖေဖော်ဝါရီလ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို ရဲ တပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲရာတွင် ဉာဏ်ရည်ရော ကိုယ်အင်္ဂါပါ မသန်စွမ်းသူ ကိုဟန်သက်ဇော်ကို ရဲ တပ်ဖွဲ့က အကြမ်းဖက် ဝိုင်းဝန်း ရိုက်နှက်ခဲ့သည်။
အလားတူပင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ အမြောက်တန်း ဆူးလေဗလီဝင်းအတွင်းသို့ ဧပြီလ ၁၅ ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဝင်ရောက် ပစ်ခတ်ရာ ပိုလီယိုရောဂါဖြင့် မွေးရာ ပါ မသန်စွမ်းသူတဦးပါ ပစ်ခတ်ခံခဲ့ရသည်။
မျက်စိမမြင်ခြင်း၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းခြင်း မသန်စွမ်းသူများအနေဖြင့် သာမန်သူများကဲ့သို့ ပြေး လွှားနိုင်သည့် အခြေအနေမျိုးမရှိသည့်တိုင် နိုင်ငံဖွံ့ဖြိုးရေး အတွက် မိမိယုံကြည်ချက်၊ ခံယူချက်ဖြင့် ပါဝင်ကြခြင်း ဖြစ်ကြောင်း ဦးအောင်ကိုမြင့်က ဆိုသည်။
“ကိုယ်အင်္ဂါ အစိတ်အပိုင်းအချို့ မသန်စွမ်းပေမယ့် ကျန်တဲ့ အင်္ဂါအစိတ်အပိုင်းတွေက နိုင်ငံတော် ဖွံ့ဖြိုး ရေးအတွက် လုပ်ဆောင်ပေးနိုင်တာရှိတယ်။ ဒီလို ဆောင်ရွက်နေတာ သူတို့ရဲ့ ယုံကြည်ချက်၊ ခံယူချက်နဲ့ ဆောင်ရွက်နေတာပါ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသည် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပြီး ဖြစ်သည့်အပြင် ကုလသ မဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် UNCRPDကို ချုပ်ဆိုထားပြီးသည့် နိုင်ငံ ဖြစ်သော်လည်း စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများမှာ ချိုး ဖောက်ခံနေရကြောင်းလည်း သိရသည်။
You may also like these stories:
ဖားကန့်တွင် အရပ်သား ၁၀ ဦး ဖမ်းဆီးခံရ
တိုင်းရင်းသားဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်းဖြစ်နေ
ရာထူးမှ ထုတ်ခံရသည့် သစ်တော CDM ဝန်ထမ်းများ အကြွေးပါ အတောင်းခံနေရ