ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီး မမိုးဆန်းစုကြည်ကို ယမန်နေ့ (မေ ၉ ရက်) ညနေပိုင်းက ရန်ကုန်မြို့၊ လှည်းတန်းရှိ ၎င်းနေထိုင်ရာ တိုက်ခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်များ က ပြောသည်။
မိသားစုဝင်တဦးက “မိုးဆန်းစုကြည် အဖမ်းခံရတာ ဟုတ်ပါတယ်။ မနေ့ည ၉ နာရီလောက်က လှည်းတန်းမှာ လိပ်စာ အတိအကျနဲ့ကို လာဖမ်းသွားတာ” ဟု ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ် ဂွမြို့နယ်မှ NLD ပါတီဝင်များကလည်း ဝန်ကြီးချုပ်ဟောင်း ဦညီပု၏ သမီး မမိုးဆန်းစုကြည်သည် ရန်ကုန်မြို့ တွင် ဖမ်းဆီးခံရသည်ဟူသော သတင်းများ ကြားသိရသော်လည်း ဖမ်းဆီးခံရသည့် အကြောင်းရင်းကို မသိရှိသလို ၎င်းအား မည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိရသောကြောင့် စိုးရိမ်မိကြောင်း ပြောဆိုကြသည်။
မမိုးဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်တာဝန်ခံ တဦးဖြစ်ပြီး ၎င်း၏ဖခင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာလည်း လက်ရှိအချိန်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားရင်ဆိုင် နေရသည်။
ပြီးခဲ့သည့် မေ ၈ ရက်နေ့ကလည်း ရန်ကုန်တွင် လာရောက်တိမ်းရှောင်နေသည့် NLD ရခိုင်ပြည်နယ် ဒု-ဥက္ကဌ ဦးစိုးလေး အပါအဝင် ပါတီဝင် ၃ ဦးသည် အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ထိုကဲ့သို့ ဦးစိုးလေး အပါအဝင် ၃ ဦး ဖမ်းဆီးခံရပြီးသည့်နောက်ပိုင်း ပါတီလူငယ်များ နေထိုင်သည့် နေရာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရိပ်မိကာ လိုက်လံရှာ ဖွေနေသည်ဟုလည်း NLD ပါတီဝင်များ၏ မိသားစုဝင်များက ဆိုသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ သလို ရခိုင်ပြည်နယ်အတွင်းမှ NLD ပါတီခေါင်းဆောင်များကြသည့် ဝန်ကြီးချုပ်ဟောင်း ဦးညီပု အပါအဝင် ဦးမင်းအောင်၊ ဦးရဲခေါင်ညွန့်၊ ဦးသန့်ဇင်ဖြိုးတို့လည်း ဖမ်းဆီးခံရပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှု ၅၀၅ (ခ) ဖြင့် တရား ရင်ဆိုင်နေ ကြရသည်။
You may also like these stories:
သေနတ်ထောက် ဖမ်းခံရသည့် NLD ဗဟိုကော်မတီဝင် ၂ဦး အဆက်အသွယ် ပြတ်နေ