ပဲခူးမြို့ ၊ ဟံသာဝတီရပ်ကွက်၊ ဖက်တန်းလမ်းမဘေးရှိ စည်ပင်ပိုင်ပန်းခြံတွင် စိုက်ထူထားသော ရှစ်လေးလုံး (၈၈၈၈) အရေးတော်ပုံ အထိမ်းအမှတ် ဒီမိုကရေစီကျောက်တိုင်ကို စစ်ကောင်စီတပ်များက မေ ၉ ရက် ညပိုင်းတွင် အင်အားသုံးပြီး ဖြိုဖျက်လိုက်ကြောင်း ပဲခူးမြို့ဒေသခံများက ပြောသည်။
ဒေသခံတဦးက “ည ၈ နာရီကျော်ကျော်လောက်မှာ စဖြိုတာ။ ကျောက်တွေ ဘာတွေ ထိုးခွဲတဲ့ဟာ၊ မြေကြီးတို့ အင်္ဂတေ တို့ကို ထိုးခွဲတဲ့ဟာတွေနဲ့ တပ်ကပဲ ဖြိုသွားတာ။ ညကစဖြိုတာ တညလုံးပဲ။ ပြောရမယ်ဆိုရင် ဒီမိုကရေစီ အထိမ်းအမှတ် သင်္ကေတ တခုကို မြေလှန်ပစ်လိုက်တာပဲ” ဟု ဧရာဝတီကို ပြောသည်။
စစ်တပ်သည် စည်ပင်ပိုင်ပန်းခြံအတွင်းရှိ အင်္ဂတေဖြင့် တည်ဆောက်ထားသော ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် ဒီမိုကရေစီကျောက်တိုင် အပါအဝင် အများပြည်သူစုဝေးရာ ရင်ပြင်ကိုပါ ဖျက်ဆီးသွားခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပဲခူးမြို့ဒေသခံများသည် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့များနှင့် နွေဦးတော်လှန်ရေး အစောပိုင်း ကာလများက အဆိုပါ ပန်းခြံတွင် စုဝေးကာ ဟောပြောပွဲများနှင့် ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်လေ့ရှိသည်။
အာဏာသိမ်း စစ်ကောင်စီသည် နွေဦးတော်လှန်ရေးအတွင်း သေဆုံးသွားသော ပဲခူးမြို့ခံ ပြည်သူများ၏ အုတ်ဂူများကို ပြီးခဲ့ သည့် ဧပြီလ တတိယပတ်အတွင်း ဖိအားပေး ဖယ်ရှားပစ်ပြီးနောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် ကျောက် တိုင်နှင့် ရင်ပြင်ကိုပါ ယခုကဲ့သို့ မြေလှန်ဖယ်ရှားလာခြင်း ဖြစ်သည်။
ယင်းနေ့ညတွင်ပင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက ပဲခူးမြို့ ရှင်စောပု ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် ၈၈ မျိုးဆက်ကျောင်းသားဟောင်းဖြစ်သူ ကိုလှဘုန်းကိုလည်း အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ကိုလှဘုန်းကို မည်သည့် အကြောင်းကြောင့် ဖမ်းဆီးသွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ သေချာစွာ မသိရသေးပေ။
ထို့ပြင် ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း ရပ်ကွက်တွင် နေထိုင်နေသည့် ပဲခူးတက္ကသိုလ် ဓာတုဗေဒဌာနမှ CDM ဆရာတဦး ဖြစ်သူ ဒေါက်တာဇော်မိုးဦး၏ အိမ်သို့လည်း ယင်းနေ့ညပိုင်းတွင် အတင်းအဓမ္မ ဝင်ရောက်ခဲ့ကြောင်း ၎င်းနှင့် နီးစပ်သည့် ပဲခူးမြို့ခံတဦးက ပြောသည်။
၎င်းက “ဆရာ ဇော်မင်းဦးတို့ကို ဝင်ဖမ်းတာ သူက ရှောင်နေလို့ မမိတဲ့အခါမှာ မိန်းမနဲ့ ကလေးကို ဖမ်းခေါ်သွားတယ်။ သူ့ ကလေးက အသက် ၄ နှစ်ပဲ ရှိသေးတယ်” ဟု ပြောဆိုသည်။
အာဏာသိမ်း စစ်ကောင်စီသည် ပဲခူးမြို့တွင် ဧပြီ ၉ ရက်က အရပ်သား ၈၂ ဦး သေဆုံးသည်အထိ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုများ ပြုလုပ်အပြီး ၁ လကျော် ကြာလာသည့်တိုင်အောင် အကြမ်းဖက် ဖမ်းဆီးမှုများနှင့် ဒီမိုကရေစီ အထိမ်း အမှတ် ပြယုဂ်များ ဖယ်ရှားခြင်းတို့အား ဆက်လက် ဆောင်ရွက်နေဆဲဖြစ်သည်ဟု ပဲခူးမြို့ခံများက ပြောဆိုသည်။
You may also like these stories:
ရခိုင်ဝန်ကြီးချုပ်သမီး မမိုးဆန်းစုကြည် ဖမ်းဆီးခံရ
ဖားကန့်တွင် အရပ်သား ၁၀ ဦး ဖမ်းဆီးခံရ
ရာထူးမှ ထုတ်ခံရသည့် သစ်တော CDM ဝန်ထမ်းများ အကြွေးပါ အတောင်းခံနေရ