သတင်း

ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် အစိုးရအဖွဲ့ ရုံး ဝန်ကြီး ဖြစ်လာ

တပ်မတော် အရန်အင်အားသို့ ရောက်ရှိနေသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရလက်ထက်တွင် အသစ်ပေါ်ပေါက်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်လိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီက မနေ့က ကြေညာခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်တပ်က အာဏာသိမ်းပြီးချိန်က ယင်းအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကို ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က ပူးတွဲ တာဝန်ယူထားခြင်း ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၂ မှ ဖြစ်ပြီး လက်ရှိ စစ်ကောင်စီ ဒုတိယ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်တို့နှင့် စစ်တက္ကသိုလ် တပတ်စဉ်တည်း ဖြစ်သည်။

၎င်းသည့် တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဥပဒေချုပ်၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်၊ စစ်ဆင်ရေး အထူးအဖွဲ့ မှူး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး NLD အစိုးရ လက်ထက်သို့ ရောက် လာသည့်အခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ဘက်မှ ဦးဆောင်ရန် တာဝန်ပေးခံ ရသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပြီးချိန်တွင် တနိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင် တပ် ဖွဲ့ အားလုံးနှင့် ငြိမ်းချမ်းရေး ရရှိသည်အထိ ဆွေးနွေးရန် ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် “တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ”ကို ဖွဲ့စည်းရာတွင်လည်း ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်မှာ ဥက္ကဌ ဖြစ်သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန် ယူခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် တပ်မတော်အရံ အင်အားသို့ ပြောင်းရွှေ့ ခံခဲ့ရသည်။

တပ်မတော် အရန်အင်အားဆိုသည်မှာ စစ်ဖက်ဆိုင်ရာ အရာရှိကြီးများသည် ၎င်းတို့၏ သတ်မှတ်ကာလအတွင်း ရာထူး တဆင့် မတိုးပါက အရန်အင်အားသို့ ကူးပြောင်းရမည် ဖြစ်ပြီး ဥပမာ ဒုတိယ ဗိုလ်ချုပ်ကြီးများသည် ယင်းရာထူးဖြင့် ၅ နှစ် တာဝန်ထမ်းဆောင်ပြီး ရာထူး မတိုးသည့်အခါ အရန်အင်အားအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရသည်။

ယခု ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ပြည်ထောင်စုဝန်ကြီး ဖြစ်လာသည့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှာ NLD အစိုးရလက်ထက်တွင် ပေါ်ပေါက်လာသည့် ဝန်ကြီးဌာန အသစ်တခု ဖြစ်သည်။

NLD အစိုးရလက်ထက်တွင် စစ်တပ်က ချုပ်ကိုင်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးအောက်သို့ ရွေ့ပြောင်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူ ဦးသောင်း ထွန်း၊ ဦးမင်းသူတို့က ဝန်ကြီးများအဖြစ် တာဝန်ယူခဲ့သည်။

ယခင် အစိုးရအဖွဲ့ ရုံး ဝန်ကြီးဟောင်း ဦးမင်းသူသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၀ မှ ဖြစ်ပြီး မြိတ် လေတပ် စခန်း ဌာန ချုပ် ဒုတိယ ဌာနချုပ်မှူး ဗိုလ်မှူးကြီး ရာထူးဖြင့် တပ်မတော်မှ အငြိမ်းစား ယူခဲ့သူတဦး ဖြစ်သည်။

အငြိမ်းစားယူပြီးနောက် ဦးတေဇ ပိုင်ဆိုင်သည့် Air Bagan တွင် အလုပ်ဝင်ခဲ့ပြီး NLD အစိုးရ အာဏာရလာသည့်အခါ ဒေါ်အောင်ဆန်းစုကြည်နှင့် မိသားစုချင်း နီးစပ်မှုအရ နေပြည်တော် ကောင်စီဝင် အဖြစ် စတင် တာဝန်ပေးအပ်ခြင်း ခံရသည်။

နောက်ပိုင်းတွင် သမ္မတရုံး ဒုဝန်ကြီး၊ ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးဝန်ကြီးတို့ ဖြစ်လာပြီး စစ်တပ်က အာဏာသိမ်းသည့်အခါ နေပြည်တော်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည်။

၎င်း၏ လက်ထက်တွင် တနိုင်ငံလုံးရှိ ရပ်/ကျေး အုပ်ချုပ်ရေးအဆင့်ဆင့်မှ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူး များကို အစိုးရအဖွဲ့ ရုံးမှ တဆင့် ကိုယ်တွယ်ရန် NLD က ကြိုးစားခဲ့ပြီး ပြည်သူလူထုကို ဝန်ဆောင်မှုပေးသည့် ဌာနတခု ဖြစ် ရန် ကြိုးပမ်းခဲ့ဖူးသည်။

စစ်တပ်က အာဏာသိမ်းပြီးသည့်အခါ ပြည်ထဲရေးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုး ထွဋ်က တာဝန်ယူပြီးနောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကိုလည်း ပြည်ထဲရေးအောက်သို့ ပြန်ထည့်လိုက်သည့်အခါ အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနသည် အခွံသာကျန်တော့သည့် ဝန်ကြီးဌာနတခု ဖြစ်နေသည်။

ထို့ပြင် NLD အစိုးရလက်ထက်တွင် ပြည်ထဲရေး ဒုတိယ ဝန်ကြီး တာဝန်ယူထားသူ ဗိုလ်ချုပ် စိုးတင့်နိုင်ကို စစ်တပ်က အာ ဏာသိမ်းပြီးနောက် ပြည်ထောင်စု အစိုးရအဖွဲ့ ရုံး ဒုဝန်ကြီး အဖြစ် ပြောင်းရွေ့ ပေးခဲ့ပြီး ယခုအခါ ပြည်ထဲရေး ဒုဝန်ကြီး အ ဖြစ် ပြန်လည် ခန့်ထားလိုက်ကြောင်း မနေ့က စစ်ကောင်စီက ကြေညာသည်။

လက်ရှိတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ပြည်ထဲ ရေး ဒုဝန်ကြီးနှင့် ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်လည်း ရှိပြီး ဖြစ်ရာ ပြည်ထဲရေး ဝန်ကြီးဌာနတွင် ဒုဝန်ကြီး ၂ ဦး ရှိလာမည် ဖြစ်သည်။

NLD အစိုးရ လက်ထက်တွင် ကာကွယ်ရေး ဒုတိယ ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ စစ်တက္ကသိုလ် အပတ်စဉ် ၂၅ မှ ဗိုလ်ချုပ်မြင့်နွယ်ကို မူလ စစ်ဘက် တာဝန်များ ပြန်လည် ထမ်းဆောင်စေခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် အောင်လင်းထွန်းကို ကာကွယ် ရေး ဒုတိယ ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်လင်းထွန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၃ မှ ဖြစ်ပြီး တပ်မ ၂၂ တပ်မမှူး၊ လက်ထောက် စစ်ထောက် ချုပ် တာဝန်ထမ်းဆောင်နေစဉ် ယခုလို ကာကွယ်ရေး ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်ခံရခြင်း ဖြစ်သည်။

လက်ရှိ ကာကွယ်ရေးဝန်ကြီးမှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦး ဖြစ်သည်။

You may also like these stories:

ကနီမြို့ အထက်ပိုင်း ချင်းတွင်းမြစ်တွင် ရေကြောင်းတိုက်ပွဲ ဖြစ်

မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်

မုဒုံတွင် မီးနေသည်အမျိုးသမီးနှင့် ရက် ၂၀ အရွယ်ကလေးအား ဓားစာခံအဖြစ်ဖမ်းဆီး

Loading