စစ်ကိုင်းတိုင်း မြန်မာ – အိန္ဒိယနယ်စပ်မြို့ တမူးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တမူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (TPDF) တို့အကြား တိုက်ပွဲများ ဖြစ်ပွားရာ နှစ်ဖက်သေဆုံးမှုများ ရှိကြောင်း တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြော သည်။
တိုက်ပွဲများမှာ မေ ၁၁ရက် ညပိုင်းက တမူးမြို့ အဝင် ပန်းသာရွာတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံး သလို TPDF ဘက်မှ ၁ ဦး သေဆုံးခဲ့ပြီး၊ မေလ ၁၂ရက် နံနက် ၄နာရီခန့်တွင် တမူးမြို့သစ်အထွက် ကွန်းတောင်းရဲကင်း တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်တပ်ဘက်မှ ၁၀ ဦးကျော် သေဆုံးကာ ၎င်းတို့အား ကူညီနေ သည့် ကသည်းလူမျိုး (Manipur Meitei) ဘက်မှလည်း ၄ ဦးသေဆုံးကြောင်း တမူး လုံခြုံရေးအဖွဲ့ (TSG) က အတည်ပြု ပြောကြားခြင်းဖြစ်သည်။
TSG အဖွဲ့ဝင်တဦးက “သေဆုံးတာတွေက မျက်မြင်တွေပါပဲ။ သူတို့ (စကစ) ထိခိုက်ဒဏ်ရာရတာတွေလည်း များတယ်။ ကွန်းတောင်းဘက်ကနေ ဆေးရုံကားတွေနဲ့ တမူးက တပ်ရင်းထဲ ခေါ်လာတာတွေ မြို့ခံတွေ မျက်မြင်ပါပဲ” ဟု ပြောသည်။
တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း ၁ ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁ ဦး ရှိခဲ့ကြောင်း သိရ သည်။
သို့သော် စစ်ကောင်စီဘက်မှ ကျဆုံးမှုများနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် ရရှိခြင်းမရှိသေးသလို စစ်ကောင်စီမှ လည်း တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါ။
စစ်ကောင်စီဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးခဲ့သည့် Meitei ကသည်းသူပုန်များမှာ မြန်မာပြည်ဘက်အခြမ်းတွင် အခြေ စိုက်ပြီး အိန္ဒိယအစိုးရအား တိုက်ခိုက်နေသူများဖြစ်ကာ ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း တမူးမြို့ အတွင်း စစ်ကောင်စီ နှင့် ပူးပေါင်းပြီး မြို့အတွင်းလှည့်လည်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း မြို့ခံပြည်သူများက ပြောသည်။
“၈၈ တုန်းကလည်း ဒီလိုပဲ သူတို့ (Meitei) လုပ်ခဲ့တာ။ အိန္ဒိယဘက် တိမ်းရှောင်မယ့် ကျောင်းသားတွေကို အစပိုင်း ကူညီ သလိုရှိပေမယ့် မြန်မာစစ်တပ်ကို ပေးကမ်းပြီးမှ နေရတဲ့သူတို့က ကျောင်းသားတွေကို ဖမ်းဆီးပြီးတော့ မြန်မာစစ်တပ်ကို ပို့ ခဲ့တဲ့ သမိုင်းတွေ ရှိခဲ့ဖူးတယ်” ဟုလည်း တမူးမြို့ခံတဦးက ပြောဆိုသည်။
ယင်းတိုက်ပွဲဖြစ်စဉ်သည် တမူးမြို့အား ဗဟိုပြုပြီး အရှေ့နှင့် အနောက်ညှပ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သလို တမူးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် လက်နက်များမှာလည်း တိုက်ပွဲဝင် မောင်းပြန်သေနတ်များ ကိုင်ဆောင် ထားသည်ကို မြင်တွေ့လာရသည်။
အာဏာသိမ်းစစ်ကောင်စီ အနေဖြင့် တမူးမြို့တွင် ဆန့်ကျင်ဆန္ဒပြသည့် ပြည်သူများအား အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှု များ ပြုလုပ်ခြင်းကြောင့် ခုခံတိုက်ပွဲများ စတင်သည့်အခါ မြို့ မနာရေးနှင့် မြို့ခံပြည်သူလူထု မထိခိုက်ရေးတို့အတွက် အတတ်နိုင်ဆုံး ကာကွယ်သွားမည် ဖြစ်ကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုထားသည်။
You may also like these stories:
စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့က စစ်ကောင်စီ တော်လှန်ရေး တူမီး တိုက်ပွဲများ
ကနီမြို့ အထက်ပိုင်း ချင်းတွင်းမြစ်တွင် ရေကြောင်းတိုက်ပွဲ ဖြစ်