တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံခဲ့ရသူများကို ဆူပူ အကြမ်းဖက်သူများအဖြစ် အာဏာသိမ်းစစ်ကောင်စီက ၎င်း၏မီဒီယာများမှတဆင့် စွပ်စွဲထုတ်ပြန်ခဲ့သည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရန် မေ ၁၀ ရက်၊ နံနက် ၈ နာရီခွဲခန့်တွင် လူစုနေသည့် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်ရှိ သပိတ်စစ်ကြောင်းကို အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက အိမ်စီးကားများဖြင့် ဝင်တိုက်ပြီး ဖမ်းဆီးခြင်း၊ ပြေးဝင်ပုန်း သည့် အိမ်အတွင်းထိ ဝင်ရောက်ပြီး ရာဘာကျည်ဖြင့် ပစ်ခတ်ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ ဖမ်းဆီးခံရသူ ၁၅ ဦး (အမျိုးသား ၇ ဦး၊ အမျိုးသမီး ၈ ဦး) ကို ထားဝယ်မြို့၌ ဆူပူအကြမ်းဖက်မှုများ လူစုခွဲရှင်းလင်း ခဲ့ရာမှ ဆူပူအကြမ်းဖက်သူများကို အကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု ဆိုကာ ဓာတ်ပုံများနှင့်တကွ စစ်ကောင်စီက ကြေညာခဲ့ခြင်း ဖြစ်သည်။
ထားဝယ်ဒေသခံတဦးက “စုစုပေါင်း ၁၅ ယောက် ဖမ်းထားတယ်။ အဲဒီ ၁၅ ယောက်ကို သူတို့ လုံးဝမကိုင်တဲ့ မိုလိုတော့ တို့၊ ကော့တေးတို့နဲ့ ဓာတ်ပုံတွဲရိုက်ပြီး ဆူပူသောင်းကျန်းလို့ဆိုပြီး မြဝတီသတင်းမှာ ကြေညာသွားပါတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ ကြေညာချက်တွင် သပိတ်ခေါင်းဆောင် ၁ ဦး ဖြစ်သည့် ကိုကောင်းမြတ်ကျော်(ခ)ကောင်းမြတ်ပါ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၈ ဦးထံမှ မီးပုလင်း ၅ လုံး၊ Hand Speaker ၃ ခု၊ ဘောလုံးဗြောက်အိုး ၁၄ လုံး၊ လေးခွ ၁ လက်၊ သံမူ လီခေါင်း ၉ လုံး၊ သံဆူးချွန်ဆိုက်စုံ ၅၄ ခု၊ ဖန်ဂေါ်လီ ၂၅ လုံး၊ အလံမျိုးစုံ ၄ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထား သည်။
ထို့ပြင် ယမန်နေ့ ၁၂ နာရီဝန်းကျင်တွင် ကိုကောင်းမြတ်ကျော် ဦးဆောင်၍ အင်အား ၁၀၀ ခန့်သည် ဆူပူအကြမ်းဖက် ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လူစုခွဲခဲ့ရခြင်း ဖြစ်သည်ဟုဆိုကာ ဖြစ်စဉ်နှင့် ပတ် သက်သော စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည်လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ၏ ပြောစကားများနှင့် ကွဲလွဲနေသည်။
မျက်မြင်တွေ့ရှိသူ တဦးက “မနက် ၈ နာရီခွဲက ကျနော်တို့ တပ်ပေါင်းစုသပိတ်စစ်ကြောင်းနဲ့ လူငယ်ကော်မတီ သပိတ်စစ် ကြောင်း ၂ ခု ပေါင်းပြီး သပိတ်ထွက်ဖို့ စီစဉ်ကြပါတယ်။ ကျနော်တို့ရဲ့ သပိတ်စစ်ကြောင်း တည်နေရာကို ဒလန်တယောက် သတင်းပေးလိုက်လို့ မှန်လုံအိမ်စီးကားနဲ့ ပိတ်ပြီး စောင့်နေကြပါတယ်။ အဲဒီ မှန်လုံအိမ်စီးကားနဲ့ပဲ သပိတ်စစ်ကြောင်းကို ဖြို ပါတယ်။ သပိတ်မထွက်ခင်ဘဲ အဖြိုခံရပါတယ်” ဟု ယမန်နေ့က ဧရာဝတီကို ပြောဆိုထားသည်။
ထိုကဲ့သို့ အကြမ်းဖက် ဖမ်းဆီးခံရသူများအနက် အသက်မပြည့်သေးသော ယောကျ်ားလေး ၂ ဦး ပါဝင်ပြီး ၎င်းတို့ကို ပြန် လည်လွှတ်ပေးမည်ဟု ကြားသိရသော်လည်း လက်ရှိအချိန်ထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း၊ ဖမ်းဆီးခံရသူများကို စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
ဖမ်းဆီးခံရစဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၄ ဦးနှင့် ပတ်သက်၍ စစ်ကောင်စီက ထိခိုက်ဒဏ်ရာ အနည်းငယ် (မစိုးရိမ်ရ) ရရှိခဲ့ သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သတင်းထုတ်ပြန်ထားသော်လည်း ၎င်းတို့ အနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ဟု ဒေသခံများက ပြောဆိုသည်။
ဒေသခံတဦးက “သူတို့ထုတ်ပြန်တာတော့ သူတို့ သဘောပေါ့လေ။ ကျနော်တို့ သိတာတော့ တော်တော်လေး ရိုက်နှက် ထားတယ်။ သေနတ်တွေနဲ့ ခေါင်းကိုထုထားလို့ နားအိမ်ထဲက သွေးတွေကျလာတွေရှိတယ်။ စိုးရိမ်ရ မရတာတော့ အတိ အကျမသိသေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကလည်း ထားဝယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလာနေသည့် ဆိုင်ကယ်ပေါ် မှ ယောကျ်ားလေး ၁ ဦးအား သေနတ်ဖြင့် ပစ်ခတ်ကာ တပ်မတော်စစ်ဆေးရုံသို့ ခေါ်ဆောင်သွားပြီးနောက် အခြေအနေ မစိုးရိမ်ရဟု သတင်းထုတ်ပြန်ခဲ့သော်လည်း နောက်ရက်တွင် သေဆုံးခဲ့သည်။
ထို့ပြင် ဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်ခံရသော ရုပ်သံမှတ်တမ်း ထွက်ပေါ်ထားသော်လည်း စစ်ကောင်စီ က ငြင်းဆိုခဲ့သလို ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသေဆုံးခြင်းဟု မှတ်ချက်ပြုထားသော ဆေးစာကိုသာ ပေးခဲ့သည်။
ယနေ့ဆိုလျှင် စစ်အာဏာသိမ်းမှု ၁၀၁ ရက်မြောက် ရှိလာပြီဖြစ်သော်လည်း ထားဝယ်ပြည်သူများက အခက်အခဲ၊ အတား အဆီး၊ အဖမ်းအဆီးများကြားမှပင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပုံစံမျိုးစုံဖြင့် နေ့စဉ် လမ်းပေါ်ထွက် ချီတက် ဆန္ဒပြလျက် ရှိသည်။
You may also like these stories:
DVB သတင်းထောက်များကို မြန်မာပြည်ပြန်မပို့ရန် ထိုင်းမီဒီယာအဖွဲ့အစည်းများ တောင်းဆို
စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့က စစ်ကောင်စီ တော်လှန်ရေး တူမီး တိုက်ပွဲများ
ပဲခူးမြို့ ရှစ်လေးလုံး အထိမ်းအမှတ်ကျောက်တိုင် စစ်ကောင်စီ အင်အားသုံး ဖြိုဖျက်