စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာတွင် နေထိုင်သူ စိတ်ကျန်းမာရေး မကောင်းသည့် အသက် ၃၆ နှစ်အရွယ် ကိုကျော် မြင့်ဆိုသူမှာ ယနေ့ နံနက် ၂ နာရီခန့်က စစ်ကောင်စီ လက်နက်ကိုင်တပ်သားများ၏ ဝိုင်းဝန်းပစ်ခတ်မှုကြောင့် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်အစောပိုင်းတွင် ကိုကျော်မြင့်၏ အိမ်အနီးတွင် သေနတ်သံများ ကြားရသဖြင့် ကိုကျော်မြင့်က စစ်သားများကို ဆဲဆိုပြီး စိန်ခေါ်သဖြင့် လက်နက်ကိုင်စစ်သား ၂၀ ခန့် ရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သမင်ခြံရွာခံ တဦးက ပြောသည်။
“မှန်တာကတော့ နဖူး တည့်တည့်မှာ အပေါက်ကြီးတပေါက်ပါတယ်။ ပေါင်မှာ အပေါက်ကြီးတပေါက်ပါတယ်။ သူတို့ အိမ် ထဲမှာပဲ နေတာ။ စစ်သားတွေနဲ့ အနီးဆုံး အိမ်ထဲမှာ ရှိနေတာ။ သူ့အမေက တောင်းပန်တာ မရဘူး။ အိမ်မှာလည်း အပစ် ခံရတာ စုတ်ပြတ်နေတာပဲ။ အပစ်ခံရပြီး တခါတည်း ပွဲချင်းပြီး သေတာ”ဟု ရွာသားတဦးက ပြောပြသည်။
၎င်းကဆက်၍“သူက အသက် ၃၆ နှစ်ပါ။ သူ့မိဘတွေက အိုနေပြီ။ သူအောက်မှာ ညီမတွေ ရှိသေးတယ်။ မောင်နှမ ၅ ယောက် ရှိတယ်။ မိသားစုကတော့ ဒီသတင်းကို အများသိအောင် ဖြန့်စေချင်တယ်။ သူတို့ပြန်လာရင် အလောင်းပြန်လာ လုမှာဆိုးလို့ သူ့ကိုတော့ ချက်ချင်း သဂြိုလ်လိုက်ကြတယ်”ဟု ပြောသည်။
စစ်ကောင်စီ လက်နက်ကိုင်တပ်များသည် ကိုကျော်မြင့်တို့၏ အိမ်အနီး သမင်ခြံရွာရှိ အထက်တန်းကျောင်းတွင် တပ်ဆွဲနေ ခြင်း ဖြစ်ပြီး ၎င်းတို့ ရောက်ရှိနေသည်မှာ ရက်သတ္တပတ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းက သမင်ခြံရွာအနီးတွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကနီဒေသတွင် ပြီးခဲ့သည့် ဧပြီလက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် သမင်ခြံဒေသခံများက တက်ကြွစွာ ပါဝင်ကူညီခဲ့ ကြောင်း၊ မေလ ၇ ရက်နေ့တွင် သမင်ခြုံရွာရှိ အိမ်တချို့တွင် တူမီးများ ရှိသည်ဆိုသည့် သတင်းနှင့် ရွာအနောက်ဘက်ရှိ ကန်လုံကြီးတောင်ပေါ်တွင် တပ်ဆွဲရန် စစ်ကောင်စီ လက်နက်ကိုင်များ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
“အဲဒီမှာ စခန်းချမယ်ဆိုပြီးတော့ ဝင်လာတဲ့ အချိန်မှာ စစ်သားတွေကို ရွာခံတွေက ပြန်တိုက်ကြတယ်။ မေလ ၇ ရက် ၈ ရက် နှစ်ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်တယ်။ စစ်ကောင်စီဘက်ကလည်း အကျအဆုံး ရှိတယ်”ဟု ကနီဒေသခံတဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိတဦး၊ လက်နက်ကိုင် ၄ ဦး ကျဆုံးသည်ဟု ရွာခံများက ပြောဆိုသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
“အဲဒါကို မကျေနပ်လို့ ကျမတို့ရွာကို အပေါ် ကနေ ရွာထဲကို ဝင်ပစ်တာ ၂ ခါ ရှိတယ်။ မပေါက်သေးတဲ့ ကျည်ခွံတွေ ၂ ဗူးလောက် ရှိတယ်”ဟု သမင်ခြံရွာမှ ဒေသခံက ပြောပြသည်။
သူကဆက်၍ “ယောကျာ်းတွေကို ပစ်မိန့်ထုတ်ထားတယ်။ မိန်းမသားတွေကိုတော့ ကိုယ့်အိမ်ကိုယ်နေရင် ဘာမှ မလုပ်ဘူး လို့ ကြေညာချက် ထုတ်ထားတယ်။ အဲဒီလို ပြောထားတာ လေး၊ ငါးရက်လောက် ရှိပြီ။ သူတို့လာရင် ကြောက်အား၊ လန့် အားနဲ့တော့ ထွက်မပြေးနဲ့ ပြေးရင်ကတော့ ပစ်မှာပဲလို့ ပြောတာ”ဟု ပြောသည်။
ထို့ကြောင့် အမျိုးသား အများစုမှာ ရွာတွင် မရှိတော့ဘဲ တိမ်းရှောင်သွားပြီ ဖြစ်ကြောင်း၊ စစ်ကောင်စီ လက်နက်ကိုင် တပ် များသည် သမင်ခြံရွာ၏ အနောက်ဘက် တောင်ပေါ်ရှိ ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ဦးဌေးလွင် အမည်ရှိ အ မျိုးသားတဦး၏ ရုပ်အလောင်းကို တွေ့ ရှိခဲ့ကြောင်း သိရသည်။
ယနေ့ သမင်ခြံတွင် တပ်စွဲထားသည့် စစ်ကောင်စီ လက်နက်ကိုင်တပ်များသည် ယနေ့ နံနက်အစောပိုင်းတွင် တပ်ဆုတ် သွားခဲ့ပြီး သမင်ခြံရွာအနီးရှိ ဇီးပင်တွင်းရွာကို ဝင်ရောက်တိုက်ခိုက်ပြီး အမျိုးသား ၂၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ နောက်ပိုင်း တွင် ၂ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“ရွာသား ၂၃ ယောက်ကို ခေါ်သွားတယ်။ အခုလောလောဆယ် တိုက်ပွဲ မရှိဘူး။ လွန်ခဲ့တဲ့ သုံး၊ လေးရက်လောက်က ဝင် မွေတယ်။ ဈေးဆိုင်တွေက ဖိနပ်တွေ ယူတယ်။ ကြက်တွေ ယူတယ်။ အရက်ဘီယာတွေယူပြီး သောက်စားတယ်။ ဆိုင် ကယ်တွေ ဖျက်ဆီးတာတွေ လုပ်သွားတယ်။ အခုက တကျော့ပြန် ဝင်လာတာ”ဟု ဇီးပင်တွင်းရွာသားတဦးက ပြောသည်။
ဇီးပင်တွင်းရွာကို ယခုလို ဝင်စီးရခြင်းမှာ ပြီးခဲ့သည့် မေလ ၉ ရက်နေ့က ဇီးပင်တွင်းရွာအနီးရှိ ချင်းတွင်းမြစ်ထဲတွင် စစ်သား များ လိုက်ပါလာသည့် ရေယာဉ်တစင်း သောင်တင်နေစဉ် အတိုက်ခံခဲ့ရကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။
“အဲဒါကို အညိုးထားပြီးတော့ ဒီမနက် ၅ နာရီခွဲလောက်မှာ ရွာထဲကို ဝင်လာပြီးတော့ သူတို့ ရေယာဉ်ကို ဝင်တိုက်တာမှာ ပါတယ်လို့ ယူဆတဲ့ ရွာသား အယောက် ၃၀ လောက်ကို ဖမ်းသွားတယ်။ အခု တယောက် သေသွားပြီလို့လည်း ကြား တယ်”ဟု ကနီဒေသခံတဦးက ပြောပြသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း ကနီမြို့ အထက်ပိုင်းသို့ ချင်းတွင်းမြစ်ကြောင်းမှတဆင့် ရေယာဉ် ၂ စီးဖြင့် သွားနေ သည့် စစ်ကောင်စီ လက်နက်ကိုင်တပ်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား ရေကြောင်းတိုက်ပွဲတခု ဖြစ်ပွား ခဲ့သေးသည်။
ကနီမြို့နယ်ရှိ ကင်းရွာ၊ အထက်ကင်းရွာ၊ မိကျောင်းကွင်း၊ ဘင်ရွာ စသည်ရွာနှင့် ထိစပ်သည့် နေရာများတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ယခု နေရာများသို့ပါ ကျယ်ပြန့်လာခြင်း ဖြစ်သည်။
ကနီဒေသတွင် ယခုလို တိုက်ပွဲများ ပေါ်ပေါက်လာရခြင်းမှာ ကနီဘက်သို့ စစ်ကောင်စီက ရိက္ခာနှင့် လက်နက်များ ပေး ပို့မည်ဆိုသော သတင်းကြောင့် ဧပြီလ ၁၅ ရက်နေ့မှ စတင်ကာ ဒေသခံများက မုံရွာ-ယာကြီး-ကလေးဝ လမ်းပေါ်သို့ တက်၍ ကားများကို တားဆီး စစ်ဆေးခဲ့သည်။
ထို့သို့ စစ်ဆေးနေစဉ် ဧပြီလ ၁၅ ရက် နေ့လယ် ၁၂ နာရီခန့်တွင် လင်မယား ၂ ယောက် စီးနင်းလာသည့် ဟွန်ဒါဖစ် ကားတဦးကို ဒေသခံများက အစစ်ဆေးခံရန် တားဆီးသည့်အခါ အစစ်မခံဘဲ နောက်ပြန်လှည့် မောင်းပြေးကြောင်း၊ ဒေသခံများက ဆိုင်ကယ်များဖြင့် လိုက်သည့်အခါ ကားမောင်းလာသူက သေနတ်ထုတ်၍ ပြန်ပစ်ခဲ့ကြောင်း သိရသည်။
ဒေသခံများဘက်မှ ထိခိုက်မှု မရှိသော်လည်း အင်အားများလာသဖြင့် ကားမောင်းလာသူ လင်မယားမှာ ကားကို ရပ်ပြီး နောက် တောထဲသို့ ဆင်းပြေးခဲ့ကြောင်း၊ ကျန်ခဲ့သည့်ကားကို ဒေသခံများက မီးရှို့ ဖျက်ဆီးလိုက်ကြောင်း သိရသည်။
ယင်းကားမောင်းသူများ စစ်တပ်မှ ဗိုလ်မှူးတဦး ဖြစ်ကြောင်း သိရှိရပြီး ယင်းသတင်းကို ရရှိသည့် မုံရွာဘက်မှ စစ်ကောင်စီ က လက်နက်ကိုင်တပ်များကို စေလွှတ်လိုက်သဖြင့် ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းမှ စတင်ကာ နှစ်ဖက် ပစ်ခတ်တိုက် ခိုက်မှုများ စတင်ခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
ကားဖြင့် ဝင်တိုက်ဖမ်းသည့် စစ်ကောင်စီက ဆန္ဒပြပြည်သူကို ဆူပူအကြမ်းဖက်သူများဟု စွပ်စွဲ
DVB သတင်းထောက်များကို မြန်မာပြည်ပြန်မပို့ရန် ထိုင်းမီဒီယာအဖွဲ့အစည်းများ တောင်းဆို
စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့က စစ်ကောင်စီ တော်လှန်ရေး တူမီး တိုက်ပွဲများ