အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ တလုပ်မြို့ကျေးရွာကို မေလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့၌ အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ပြီးနောက် လူငယ် ၆ ဦး အပါအဝင် ရွာသားအမြောက်အမြားကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တလုပ်မြို့တွင် ဒေသခံများ၏ ခုခံမှုကို လာရောက် ပံ့ပိုးပေးနေသည့် မြင်းခြံမြို့မှ အမျိုးသမီး ၁ ဦး အပါအဝင် လူငယ် ၆ ဦးမှာ ရွာအနောက်ဘက် သင်္ချိုင်းမှ ဖမ်းဆီးခံခဲ့ရပြီး ရွာသူရွာသား အနည်းဆုံး ၅ဝ မှ ၁၀၀ ကြား ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။
ထို့နောက် တလုပ်မြို့တွင် ဖမ်းဆီးခံရသည့် လူငယ် ၆ ဦးကို M 16 မောင်းပြန်ရိုင်ဖယ် အပါအဝင် သေနတ်များ၊ လက်ပစ်ဗုံးများဖြင့် ဖမ်းဆီးမိခဲ့သည့် ဓာတ်ပုံ ၁ ပုံ လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့လာခဲ့သည်။
ဒေသခံ တဦးက “အနောက်ရွာ လေးရွာမှာ ပေါက်သွားတော့ ကျနော်တို့ လူတွေမှာ ညှပ်ဝိုင်းခံလိုက်ရပြီး ပြေးပေါက်မရှိတော့ အနောက် ထွက်ပေါက်ကို ထွက်တယ်။ လေးဘက်လေးတန်ညှပ်မိတော့ သင်္ချိုင်းကုန်းမှာ ညှပ်ဝိုင်းမိတယ်လို့ ထင်တယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ရွာသားတွေကို ဖမ်းသွားတာလည်း အချုပ်ကားတောင် မဟုတ်ဘူး။ သူတို့ သွားလာနေတဲ့ စစ်ကားနဲ့ဗျ။ ၂ စီးလို့ ပြောရင်တော့ ၁၀၀ လောက်ရှိမယ်။ ၅၀ အောက်ခံနဲ့ ၁၀၀ ကြားမှာ သေချာပေါက်ရှိတယ်” ဟု ပြောဆိုသည်။
ဖမ်းဆီးခံရသည့် လူငယ်များအနက် မြင်းခြံ တက္ကသိုလ်ကျောင်းသား ကိုကျော်ဇင်ဦးမှာ ပေါင်တွင် သေနတ် ကျည်ထိမှန်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။
တလုပ်မြို့တွင် မေလ ၁၁ ရက်၊ နေ့လယ် ၂ နာရီခန့်ကတည်းက ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ရာ ယနေ့နံနက်ပိုင်း၌ စစ်ကောင်စီဘက်မှ တပ်ကူများ ထပ်မံရောက်ရှိလာပြီး တလုပ်မြို့ ကျေးရွာ အုပ်စုဝင် ရဲတိုင်၊ မြို့ကြီးကုန်း ရွာများကို စီးနင်းပြီးနောက် တလုပ်မြို့ကို ဝိုင်းရံပိတ်ဆို့ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာလမ်းကြောင်းများကို ကြိုတင်သိရှိထားသည့်အပြင် ဒရုန်းများ အသုံးပြု ထောက်လှမ်းပြီး အင်အားအများအပြားဖြင့် ရွာကို ဝင်ရောက်စီးနင်း ပစ်ခတ်ခြင်း၊ ကျေးရွာသားများကို ဖမ်းဆီးခြင်းကြောင့် ရွာလုံးကျွတ်နီးပါး တိမ်းရှောင် ထွက်ပြေးနေရကြောင်းလည်း သိရှိရသည်။
“ဆယ်အိမ်မှာ ၁ အိမ်တောင် လူမရှိတော့ဘူး။ ၁၀၀ မှာ ၁၀ ယောက်လောက်ပဲ ကျန်တော့မယ်။ သူတို့က ရွာကို ဝင်စီးတယ်။ မနက်ပိုင်း ရွာက ကြက်တွေ၊ ဝက်တွေ ယူသွားတယ်။ အရက်ဆိုင်က အရက်တွေ ယူသွားတယ်။ ဘုန်းကြီးကျောင်းမှာ သောက်စားပျော်ပါးပြီး ညနေပိုင်းကျမူးပြီး ရွာထဲလှည့်ပြီးတော့ ပတ်သေးတယ်” ဟု ဒေသခံတဦးက ပြောသည်။
တလုပ်မြို့ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိထားကြောင်း၊ ပြည်သူ ၂ ဦး လက်မောင်းဒဏ်ရာရရှိထားပြီး ၁ ဦး ပေါင်ကို ကျည်ထိမှန် ဒဏ်ရာရရှိထားကြောင်း သိရသည်။
You may also like these stories:
တလုပ်မြို့တွင် စစ်တပ်က ပစ်ခတ်ဖမ်းဆီးမှုများကြောင့် ဒေသခံများ တောထဲသို့ ထွက်ပြေးနေရ
တလုပ်မြို့သို့ စစ်ကောင်စီဘက်က စီးနင်းရန် ကြိုးပမ်းမှု စစ်သား ၁ ဦး သေဆုံး