သတင်း

NLD ပါတီဝင် ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ ရန်ကုန်မြို့တွင် အဖမ်းခံရ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ နှစ်ဦးကို ယမန်နေ့ (မေလ ၁၂ ရက်) နေ့လယ်ပိုင်းက ရန်ကုန်မြို့ တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“သူ(ဒေါ်နီနီမေမြင့်)အဖမ်းခံရတာ ဟုတ်တယ်။ ကလေးကိုတော့ အမျိုးအိမ်ကို ပြန်လာပို့သွားတယ်။ ချစ်ချစ်ချောလည်း ပါ တယ်လို့ သိရတယ်။ သူ့မောင်လေးတယောက်လည်း ရှေ့ရက်ပိုင်းက အဖမ်းခံရတယ်။ အခု သူပါသွားတာပါ။ ရန်ကုန်မှာ အဖမ်းခံရတာ”ဟု ဒေါ်နီနီမေမြင့်၏ အမျိုးသား ဦးလင်းနိုင်က ပြောသည်။

ဒေါ်နီနီမေမြင့်နှင့် ရင်းနှီးသူ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီး မမိုးဆန်းစုကြည်ကို မေ ၉ ရက်နေ့က ရန် ကုန်မြို့၊ လှည်းတန်းရှိ ၎င်းနေထိုင်ရာ တိုက်ခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ပြီးနောက် ယခု လို အဖမ်းခံရသဖြင့် ဆက်စပ်မှု ရှိနိုင်ကြောင်း ၎င်းက ပြောသည်။

မမိုးဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုလူငယ်တာဝန်ခံ တဦးဖြစ်ပြီး ၎င်း၏ဖခင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာလည်း လက်ရှိအချိန်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားရင်ဆိုင် နေရသည်။

ထို့ပြင် ဒေါ်နီနီမေမြင့်၏ မောင်တော်စပ်သူ NLD လူငယ် လုပ်ငန်း အဖွဲ့ဝင် ကိုဟိန်းမင်းထက်မှာလည်း ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ရန်ကုန်မြို့ ၊ ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်တွင် ပါတီ ဗဟိုကော်မတီဝင်များ ဖြစ်သည့် ဦးဘမျိုးသိမ်း၊ ဦးစိုးလေးတို့ နှင့်အတူ အဖမ်းခံခဲ့ရသည်။

“ဦးဘမျိုးသိမ်းတို့ အဖမ်းခံရတုန်းက သူ(ဒေါ်နီနီမေမြင့်)က နယ်မှာပဲ ရှိသေးတယ်။ အဲဒါနဲ့ ရန်ကုန်ကို ကျနော်ပဲ သွားခေါ် လာခဲ့တာ။ ရန်ကုန်ရောက်တော့ ကျနော်တို့ အတူတူ ရှိမနေဘူး။ သူရန်ကုန်ရောက်တော့ မိုးစန်းတို့ အဖမ်းခံရတယ်။ အဲဒီ နောက်ပိုင်း သူပါ အဖမ်းခံရတာပဲ”ဟု ဦးလင်းနိုင်က ပြောပြသည်။

 

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊ ရခိုင်ပြည်နယ် NLD ဒု-ဥက္ကဌ ဦးစိုးလေး (ခ)ဦးစိုးဝင်းနှင့် ရခိုင် ပြည် နယ် NLD လူငယ် အဖွဲ့ဝင် ကိုဟိန်းမင်းထက်တို့ အဖမ်းခံရပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ NLD လူငယ်များ နေထိုင်ရာ နေရာ များသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိပ်စာ အတိအကျဖြင့် လိုက်လံ ရှာဖွေနေကြောင်း NLD သတင်း ရင်းမြစ်များက ပြော သည်။

ယခု အဖမ်းခံရသည့် ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ နှစ်ဦးသည် ၂၀၂၀ ရွေးကောက်ပွဲကာလ အောက်တိုဘာလ အတွင်းက ပါတီအောင်နိုင်ရေး စည်းရုံးရေးဆင်းနေစဉ် ရက္ခိုင့် စစ်တပ်(AA)၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

ထိုစဉ်က စစ်တပ်ဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးမှု အဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် AA အဖွဲ့ ခေါင်း ဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့ကြား အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးပြီးနောက် အဖမ်းခံထားရသည့် ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချောနှင့် ဦးမင်းအောင်တို့ သုံးဦးစလုံး ပြန်လည် လွတ်မြောက်လာခဲ့သည်။

၎င်းတို့ ၃ ဦးကို တပ်မတော်ဘက်မှ ကိုယ်စားလှယ် ဗိုလ်မှူးချုပ် စိုးတင့်က လက်ခံပြီး ရဟတ်ယာဉ်ဖြင့် တိုင်းစစ်ဌာနချုပ် အမ်းမြို့၊ ထိုမှတဆင့် ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့သို့ ပြန်လာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပနေစဉ် ၎င်းတို့မှာ အဖမ်းခံထားရပြီး စည်းရုံးရေးလည်း မဆင်းနိုင်သဖြင့် ယခင် အနိုင်ရခဲ့သည့် တောင်ကုတ်မြို့နယ်တွင် ၎င်းတို့၏ NLD ပါတီက ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူပြီးသည့်အခါတွင် NLD ပါတီဝင်များ အဖမ်းခံရ ရချိန်တွင် ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့မှာ ယခုတကြိမ် ထပ်မံ အဖမ်းခံရခြင်း ဖြစ်သည်။

“နီနီတို့က ရွေးကောက်ပွဲမှာလည်း AA က ဖမ်းထားလို့ ရှုံးတယ်။ ပြန်လွတ်လာတော့လည်း ရန်ကုန်ဘက်မှာ အနေများ တယ်။ သိပ်အဆင်ပြေလှတယ်လို့တော့ မဟုတ်ဘူး။ စစ်တပ်က အာဏာသိမ်းလိုက်တော့ CRPH တို့မှာ မပါပေမယ့် အ ကုန်လုံးက သူ့မိတ်ဆွေတွေပဲလေ။ အဆက်အစပ်လည်း ရှိရင် ရှိမှာပေါ့။ အခုလည်း ဖမ်းပြန်ပြီဆိုတော့ နိုင်ငံရေးပဲ ပြော ရမှာပေါ့”ဟု ဒေါ်နီနီမေမြင့်၏ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တဦးက ပြောသည်။

လက်ရှိအချိန်တွင် NLD ပါတီခေါင်းဆောင်များ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာ ဇော်မြင့်မောင် တို့ အပါအဝင် ပါတီစီအီးစီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားပါတီဝင်များလည်း ထိန်းသိမ်းခံထားရပြီး ပုဒ်မ အမျိုးမျိုးတပ်၍ အရေးယူခံနေရသည်။

You. may also like these stories:

မောင်တောတွင် နယ်ခြားစောင့်ရဲနှင့် ARSA တို့ကြား တိုက်ပွဲဖြစ်

ရခိုင်ဝန်ကြီးချုပ်သမီးနှင့်အတူ NLD လူငယ် ၃ ဦးပါ အဖမ်းခံထားရ

CDM ဆရာ၊ ဆရာမများနေရာ အစားထိုးခန့်ရန် စစ်ကောင်စီ ကြိုးပမ်း

Loading