စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မယ်သယ်ကြိုးရွာအနီး စုဖွဲ့နေထိုင်သည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် လူငယ်များကို အာဏာသိမ်း စစ်ကောင်စီတပ်များက ယနေ့ မေ ၁၃ ရက် မနက် ၄ နာရီခန့်တွင် ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ် အနေဖြင့် အင်အား ရာဂဏန်းဖြင့် ဝင်ရောက် ပစ်ခတ်ရာမှာ လူငယ်များနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုများ ရှိသော်လည်း ကျဆုံးမှု ရှိ မရှိ အတည်မပြုနိုင်သေးကြောင်း လူငယ်ခေါင်းဆောင်တဦးက ပြောသည်။
“မနက်ထဲက အနုကြမ်းစီးသလို ဝင်လာပြီး တွေ့ကရာ ပစ်ခတ်နေကြတယ်။ လောလောဆယ် ကျနော်တို့ ရဲဘော်တွေကတော့ ပြန်စုနေတာ လူမစုံသေးဘူး၊ ချိတ်ဆက်ရသလောက်တော့ အကျ မရှိဘူး။ မျက်မြင်ကတော့ ရဲဘော် တယောက် အဖမ်းခံရတယ်။ စစ်ကောင်စီဘက်က ၅ ယောက်တော့ ထိမှန်ဒဏ်ရာရတာတွေ့ရတယ်။ သေ မသေ အတည်မပြုနိုင်သေးဘူး” ၎င်းက ပြောသည်။
စစ်ကောင်စီတပ်များ၏ ဝင်ရောက် ပစ်ခတ်မှုကြောင့် မယ်သယ်ကြိုးရွာ အပါအဝင် အနီးပတ်ဝန်းကျင်မှ ရွာသူ/ရွာသားများ အိုးအိမ်ပစ်ကာ ထွက် ပြေး တိမ်ရှောင်နေကြရပြီး လူငယ်များစုဆောင်းထားသည့် ရိက္ခာများအား ယူ ဆောင်သွားသည့်အပြင် နေအိမ်အချို့နှင့် လူငယ်များနေထိုင်သည့် ဘုရားစောင်းတန်းတို့အား မီးရှို့ခဲ့ကြကြောင်းလည်း လူငယ်များက ပြော သည်။
စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်ခံရသည့် ချောင်းဦးလူငယ်များမှလည်း လက်ရှိတွင် အခြားသောမြို့နယ်များမှ ရဲဘော်များအနေဖြင့် ချောင်းဦးမြို့ထံ လာရောက်ကူညီပေးနိုင်ခြင်း မရှိသော်လည်း ထပ်မံပြီးလာရောက်ဖိနှိပ်မည့် စစ်ကောင်စီတပ်များအား လမ်းမှာ တားဆီးပေးကြရန်လည်း တောင်းဆိုထားသည်။
Chaung U GZ ကွန်ရက်စာမျက်နှာမှာတော့ ပစ်ခတ်မှုများအတွင်း စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးကြောင်း သတင်းထုတ်ပြန်ထားပြီး ဧရာဝတီကသီးခြားအတည်ပြုချက်တော့ မရရှိသေးပေ။
လက်ရှိတွင် ချောင်းဦးမြို့နယ်အတွင်း စစ်တပ်များ ဝင်ရောက်လာနိုင်ခြင်း မရှိစေရန် ချောင်းဦး- ရေစကြို- ပခုက္ကူလမ်းမကြီး တလျှောက် သစ်ပင်များ ခုတ်လှဲကာ ပိတ်ဆို့ထားသလို့ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာကြီးများ ဆက်သွယ်သည့် လမ်းများတွင်လည်း သစ်ပင်များ လှဲကာ ပိတ်ဆို့ထားသည်။
You may also like these stories:
တလုပ်မြို့ကို အင်အားသုံးစီးနင်း လူငယ် ၆ ဦးအပါ ရွာသားအများအပြားကို ဖမ်းဆီး
တမူးတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးဟု တမူး PDF ပြော