တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း မေလ ၁၁ ရက် နံနက်ပိုင်းက ဆန္ဒပြသပိတ်စစ်ကြောင်း ဖြိုခွင်းစဉ် ဖမ်းဆီးခံ ခဲ့ရသူများအနက် အသက်မပြည့်သေးသည့် ယောကျ်ားလေး ၃ ဦးကို ယင်းနေ့ညပိုင်း၌ ခံဝန်ဖြင့် ပြန်လွှတ်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ၃ ဦးမှာ အသက် ၁၅နှစ်ရှိ မောင်လရောင်သွေး၊ မောင်ကောင်းဆက်ဟိန်းနှင့် မောင်ဝေလွင်ဦး တို့ဖြစ်ပြီး ၎င်းတို့ ၃ ဦးအား ခံဝန် ဖြင့် ပြန်လွှတ်ပေးလိုက်သော်လည်း ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ဂ)၊ ပုဒ်မ ၁၄၅ တို့ဖြင့် ဆက်လက် တရားစွဲဆိုထားဆဲ ဖြစ်ရာ အမှုရင်ဆိုင်ရအုံးမည် ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
ဆက်လက်၍ ၎င်းက “ထိခိုက်ဒဏ်ရာကတော့ မောင်လရောင်သွေးရဲ့ မျက်နှာမှာ ညိုမဲနေတယ်။ ကျန်တဲ့ ၂ ယောက် ကိုတော့ သူတို့မိဘတွေက ထုတ်မပြောတော့ ကျနော်တို့လည်း မသိရဘူး။ ခံဝန်အတွက် ပိုက်ဆံတွေ ပေးရလား၊ မပေးရ လား ဆိုတာကို မပြောပါဘူး။ သူတို့ရဲ့ ပါစင်နယ်ကိစ္စ သူတို့မပြောဘူးဆိုလို့ ကျနော်တို့ မေးလို့မရပါဘူး” ဟု ဆိုသည်။
ထားဝယ်မြို့တွင် မေလ ၁၁ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြရန် နံနက် ၈ နာရီခွဲခန့်တွင် လူစုနေသည့် သပိတ်စစ်ကြောင်းကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားများဖြင့် လာရောက်ဖြိုခွင်းပြီးနောက် ပြည်သူ ၁၅ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးခံရသူများကို ဆူပူအကြမ်းဖက်သူများအဖြစ် ပုံဖော်ပြီး အကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟုဆိုကာ ဓာတ်ပုံများနှင့်တကွ စစ်ကောင်စီက ၎င်း၏ မီဒီယာများမှတဆင့် စွပ်စွဲထုတ် ပြန်ထားပြီးနောက် အသက်မပြည့်သေးသည့် လူငယ် ၃ ဦးကို ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
အလားတူ တနင်္သာရီတိုင်း ထားဝယ်မြို့တွင် မတ်လအတွင်းက ဇာနည်အောင်ဆိုသည့် အသက် ၁၈နှစ်အောက် ကလေးငယ်တဦးကို စစ်တပ်နှင့် ရဲ့ အသားလွတ်ပစ်သတ်သည့် ဗီဒီယိုသည် နိုင်ငံတကာတွင် ပျံ့နှံကာ သတင်းဌာနများတွင် ဖော်ပြခြင်း ခံခဲ့ရသည်။
You may also like these stories:
ကားဖြင့် ဝင်တိုက်ဖမ်းသည့် စစ်ကောင်စီက ဆန္ဒပြပြည်သူကို ဆူပူအကြမ်းဖက်သူများဟု စွပ်စွဲ