မန္တလေးတိုင်း မြင်းခြံမြို့နယ်ရှိ တလုပ်မြို့ကျေးရွာ တွင် ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသား ကိုဇင်ကိုထွန်းသည် ဖမ်းဆီးခံရ ချိန်၂၄ နာရီ မပြည့်ခင်မှာပင် စစ်ကောင်စီ၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးသွားကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
ကိုဇင်ကိုထွန်းကို ယမန်နေ့ (မေလ ၁၂ ) ရက် နေ့လယ်ပိုင်းက အခြားကျောင်းသားလူငယ် ၅ ဦးနှင့် အတူ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီး ယနေ့ (မေ ၁၃ရက်) မနက်တွင်မူ မိသားစုကို အလောင်းလာ ထုတ်ယူရန် ပြောကြားခဲ့ ကြောင်း သိရသည်။
ကိုဇင်ကိုထွန်းနှင့် နီးစပ်သူတဦးက “တလုပ်မှာ ကျည်ထိပြီးတော့ အကြမ်းဖက် ဖမ်းဆီးခံလိုက်ရတယ်။ အဖမ်းဆီး ခံလိုက်ရပြီးတော့ စစ်ကြောရေးမှာ ဆုံးသွားတာ။ မိသားစုကို Dead Body လာထုတ်ခိုင်းတာပေါ့” ဟု ပြောသည်။
တလုပ်မြို့တွင် ကိုဇင်ကိုထွန်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားချိန်တွင် လက်မောင်းကိုသာ ကျည်ထိမှန်ထားခြင်း ဖြစ်သည်။
“လက်မောင်းကို ထိတယ်။ ဖမ်းခေါ်သွားတဲ့ အချိန်အထိ သူအသက် ပါသေးတယ်။ ဖမ်းသွားတဲ့နေရာမှာလည်း စစ်ကောင်စီ တပ်သား ၄၊ ၅၊ ၆ ယောက်လောက်က ဖမ်းခံရတဲ့ ၆ ယောက်လုံးကို သေနတ်ဒင်တွေနဲ့ ရိုက်တာ။ စစ်ကြောရေးမှာ ဆုံးသွားတာပေါ့။ ခြေထောက်ထိထားတဲ့ တယောက်ကလည်း ခြေထောက်ဖြတ်လိုက်ရတယ်လို့ ကြားတယ်” ဟု ကိုဇင်ကိုထွန်းနှင့် နီးစပ်သူ တဦးက ဆိုသည်။
ကိုဇင်ကိုထွန်း အပါအဝင် လူငယ် ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားချိန် ရိုက်ကူးထားသည့် ဓာတ်ပုံ တွင်မူ လက်နက်အနည်းငယ်သာ ပါဝင်သော်လည်း မြဝတီက သတင်းဖော်ပြရာတွင်မူ ကိုဇင်ကိုထွန်း ပါဝင်လာ ခြင်း မရှိတော့ဘဲ လက်နက်ခဲယမ်း အရေအတွက်ကို အမြောက်အများဖော်ပြထားကြောင်း တွေ့ရှိရသည်။
“ပထမ တက်လာတဲ့ ပုံမှာကတည်းကိုက စစ်ကောင်စီဘက်က သူတို့လက်နက်တွေ ထည့်ပြီးရိုက်ထားတဲ့ ပုံတွေ ပါတယ်။ မြဝတီမှာ တက်လာတဲ့ ပုံမှာလည်း လက်နက်တွေ တိုးလာတယ်။ အမှုကို မကြီးကြီးအောင် လုပ်လာတဲ့ သဘောပဲ” ဟု ကိုဇင်ကိုထွန်းနှင့် နီးစပ်သူက ပြောသည်။
တလုပ်မြို့ ဒေသခံ တဦးကလည်း “မြဝတီမှာ တက်လာတဲ့ ပုံတွေကတော့ ဒီအဖွဲ့တွေက လက်နက်မဟုတ်ဘဲနဲ့ ထိုးချတဲ့ အပိုင်းပေါ့။ တအားကြီးတဲ့ ပုံစံမျိုးနဲ့ လုပ်နေတာပေါ့။သူတို့လုပ်တဲ့ ပုံစံကိုက ရွာထဲကို အင်အား ၄၀၀ ကျော်လောက် သုံးပြီးတော့ အင်နဲ့အားနဲ့ လက်နက်မဲ့ ပြည်သူကို ဒီလိုမျိုး နိုင်ထက်စီးနင်း လုပ်နေတယ် ဆိုက တည်းကိုက၊ ဒီလောက် အင်အားသုံးပြီး ဖြိုခွင်းမှု လုပ်တယ်ဆိုကတည်းကိုက တအား ရက်စက်လွန်း အားကြီး တယ်”ဟု ပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် ၆ ဦးတွင် ၅ ဦးသည် မြင်းခြံမြို့မှ ကျောင်းသားများဖြစ်ပြီး ကျန် ၁ ဦးကို စုံစမ်းနေဆဲ ဖြစ် ကြောင်း သိရ သည်။ ဖမ်းဆီးခံရသူများသည် မြင်းခြံနည်းပညာကောလိပ်မှ ကိုဇင်ကိုထွန်း၊ ကိုစိုးရာဇာထွန်း လွင်အပြင် မြင်းခြံ တက္ကသိုလ်မှ ကိုကျာ်ဇင်ဦး၊ ကိုငယ်၊ မကောင်းဝေယံ တို့ ဖြစ်ကြောင်း သိရသည်။
မြင်းခြံနည်းပညာကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ကျောင်းသား ကိုဇင်ကိုထွန်း ၊ ပထမနှစ် IT သည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပြင်းပြင်းထန်ထန် ခုခံနေသည့် တလုပ်မြို့ ဒေသခံများ ခုခံ ကာကွယ်မှုတွင် ပံ့ပိုးပေးရန် တလုပ်မြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တလုပ်မြို့ကျေးရွာကို မေလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့၌ အင်အား သုံး ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အမျိုးသမီး ၁ ဦး အပါအဝင် လူငယ် ၆ ဦး ရွာအနောက်ဘက် သင်္ချိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီး ရွာသူရွာသား အနည်းဆုံး ၅ဝ မှ ၁၀၀ ကြား ဖမ်းဆီးခံခဲ့ရသည်။
တလုပ်မြို့ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိထားကြောင်း၊ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီအင်အား အများအပြားဖြင့် ဝင်ရောက်စီးနင်းခံရသည့် တလုပ်မြို့ ကျေးရွာများရှိ ဒေသခံများသည် နေအိမ်များကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ ထိုကဲ့သို့ တိမ်းရှောင်နေသည့် တော တွင်းများသို့ပင် စစ်ကောင်စီက တောနင်းရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
You may also like these stories:
တမူးတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးဟု တမူး PDF ပြော
ချောင်းဦး GZ လူငယ်များနေရာ စစ်တပ်စီးနင်း၊ ထိခိုက်မှုများရှိ
တလုပ်မြို့ကို အင်အားသုံးစီးနင်း လူငယ် ၆ ဦးအပါ ရွာသားအများအပြားကို ဖမ်းဆီး