မင်းတပ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ နှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကြား အပစ်ရပ်ထားသည့် သဘောတူညီမှု ပျက် ပြယ်သွားပြီးနောက် ယမန်နေ့(မေ ၁၂ ရက်) ညပိုင်းနှင့် ယနေ့ (မေ ၁၃ ရက်)နေ့တို့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လျက်ရှိရာ လက်ရှိတွင် မင်းတပ်မြို့မှာ အမြောက်နှင့် အပစ်ခံနေရကြောင်း သိရသည်။
မင်းတပ်မြို့ အနီးရှိ ကျောက်ထုမြို့ဘက်တွင် ရှိသည့် အမြောက်တပ်မှ လက်နက်ကြီးများဖြင့် မင်းတပ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ရှိနေသည့် နေရာများသို့ ယနေ့ နံနက် ၆ နာရီမှစ၍ ဆက်တိုက် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း ယင်းကာကွယ် ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကောင်စီ လက်နက်ကိုင်တပ်များ၏ ပစ်ခတ်မှုကြောင့် ယနေ့ နံနက် ၆ နာရီခန့်က အသက် ၁၇ နှစ်အရွယ် ချင်းတိုင်းရင်း သားတဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာ ရရှိကြောင်း မင်းတပ် ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။
“ကျသွားတဲ့ တယောက်က အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ လက်နက်ကြီး မှန်တာပေါ့။ အမြောက်နဲ့ လှမ်းထုလို့ ထိသွား တာ။ ကျောက်ထုဘက်ကနေ လက်နက်ကြီးနဲ့ မနက် ၆ နာရီ ကတည်းက ပစ်နေတာ။ အခုထိ ပစ်နေတုန်း။ ကျနော်တို့ ဆီက လေး၊ ငါး၊ ခြောက်ယောက်လောက် ထိတယ်။ တယောက်ကတော့ ကျဆုံးသွားတယ်”ဟု ၎င်းက ပြောသည်။
မနေ့ကညက တိုက်ပွဲဖြစ်ပွားသည့် နေရာများမှာ အမှတ် ၂၇၄ တပ်ရင်း၏ အောက်ဘက်ဂိတ်ရှိ စီးပွားရေးဘဏ်အနီး၊ ဌာနဆိုင်ရာ စုပေါင်းရုံးနှင့် မင်းတပ်မြို့ မ ရဲစခန်းတို့တွင် ဖြစ်ကြောင်း သိရသည်။
“ကျောက်ထုမှာ အမြောက်တပ် ရှိတယ်။ ဆွေးနွေးမှု ပျက်တာက ကျနော်တို့ဘက်က လိုက်လျောပေးတာတွေ ရှိတယ်။ တောင်းဆိုတာတွေ ရှိတယ်။ အဓိက စစ်အင်အား မတိုးချဲ့ ဖို့။ မြို့ ပေါ်မှာ စစ်ကားတွေ ဖြတ်သန်းသွားတာတွေ မလုပ်ဖို့ ဆိုတဲ့ တောင်းဆိုခဲ့တယ်။ အဲဒီ သဘောတူညီချက်နဲ့ အပစ်ရပ်ခဲ့တာ”ဟု မင်းတပ်ဒေသခံတဦးက ပြောပြသည်။
သို့သော် နောက်ပိုင်းတွင် မတူပီဘက်မှ စစ်ကား ၁၇ စီးနှင့် စစ်သား ၂၇၀ ကျော်ကို မင်းတပ်မြို့သို့ ဖြတ်သန်းခွင့် ပေးရ မည်ဟု ပြောဆိုလာကြောင်း၊ ဒေသခံများဘက်က ဖြတ်သန်းခွင့်ပေးရန် သဘောတူပြီး ဖမ်းထားသည့် လူငယ် ၅ ဦးကို လွှတ်ပေးရန် ပြောဆိုရာ ယင်း ၅ ဦးထဲမှ အစိုးရဝန်ထမ်း လူငယ် ၄ ဦးကိုသာ လွှတ်ပေးမည် ဆိုသဖြင့် ညှိနှိုင်းမှုများ ပျက်ပြယ်သွားရကြောင်း သိရသည်။
“အဲဒီမှာ ညှိနှိုင်းတာ အဆင်မပြေဘူး။ မင်းတပ်မှာ တောက်လျှောက် အခုချိန်အထိ ထိတွေ့ မှု ရှိတယ်။ ကျောက်ထုကနေ တောက်လျှောက် ပစ်နေတာတွေ ရှိတယ်။ လေယာဉ်သံတွေလည်း ကျနော်တို့ ကြားနေရတယ်”ဟု မင်းတပ်ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။
၎င်းတို့အဖွဲ့သည် ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အဖြစ် ရပ်တည်နေသည့် အဖွဲ့ မျိုး မဟုတ်ဘဲ မြို့ကို ကာကွယ်သည့် အဖွဲ့ တခုသာ ဖြစ်ကြောင်း၊ ယခုလို လက်နက်ကြီးများဖြင့် မြို့ကို တိုက်ခိုက်လာခြင်းသည် ပြည်သူများကို လူမျိုးတုန်း သတ် ဖြတ်ရန် ရည်ရွယ်နေသလားဟု မေးခွန်းထုတ်လိုကြောင်း မင်းတပ်ဒေသခံများက ပြောသည်။
“ကျနော်တို့အနေနဲ့ ဆွေးနွေးစရာ အကြောင်း မရှိတော့ပါဘူး။ ကျနော်တို့ မြို့ကို တတ်နိုင်သလောက် ကာကွယ်သွားမှာပါ” ဟု မင်းတပ် ကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ဆန္ဒပြရင်း အဖမ်းခံရသူ လူငယ် ၇ ဦးကို ပြန်လွှတ်ပေးရန် ရဲစခန်းသို့ သွားရောက် တောင်းဆိုခဲ့ရာမှ ညှိနှိုင်းမှု မပြေလည်ဘဲ ညပိုင်းတွင် တိုက်ပွဲ စတင် ဖြစ်ပွားခဲ့သည်။
ဧပြီလ ၂၅ ရက်နေ့တွင် တိုက်ပွဲ မရှိသေးဘဲ ဧပြီလ ၂၆ ရက်နေ့မှစ၍ စစ်ကောင်စီ၏ ယာဉ်တန်းများကို မင်းတပ်ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက စုဖွဲ့ တိုက်ခိုက်ခြင်း၊ ဧပြီ ၂၇ ရက်နေ့တွင် စစ်တပ်၏ ခြေလျင် စစ်ကြောင်းကို ဝင်တိုက်ခြင်း စသည်တို့ ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။
သို့သော် စစ်ကောင်စီပိုင် သတင်းစာများတွင် ဧပြီလ ၂၆ ရက်နေ့ ရက်စွဲဖြင့် မင်းတပ်တွင် ၎င်းတို့၏ တပ်ဖွဲ့ ဝင်များ တူမီး သေနတ်၊ မောင်းပြန် သေနတ်များဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာ ရကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ သုံး မော်တော်ယာဉ်တစီး မီးလောင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
နောက်ပိုင်းတွင် စစ်ကောင်စီဘက်က ညှိနှိုင်းမှုများ ပြုလုပ်လိုကြောင်း၊ အပစ်ရပ်လိုကြောင်း ညှိနှိုင်းလာပြီးနောက် မေ လဆန်းပိုင်းတွင် စစ်ကားများ မင်းတပ်မြို့ကို ဖြတ်၍ သွားလာခွင့်များ ဒေသခံများဘက်က ခွင့်ပြုပေးခဲ့ဖူးသည်။
You may also like these stories:
တလုပ်မြို့၌ ဖမ်းခံရသည့် ကျောင်းသား စစ်ကြောရေးတွင် ညတွင်းချင်း သေဆုံး
အသက်မပြည့်သေးသည့် ထားဝယ်လူငယ် ၃ ဦးကို ခံဝန်ဖြင့် ပြန်လွှတ်ပေး
DVB ပြည်သတင်းထောက် ကိုမင်းညို ထောင် ၃ နှစ်ချမှတ်ခံရ