ချင်းပြည်နယ် မင်းတပ်မြို့တွင် ချင်းဒေသ ကာကွယ်ရေး တပ်ဖွဲ့ (CDF)နှင့် စစ်ကောင်စီ လက်နက်ကိုင်များကြား တိုက်ပွဲ သည် အရှိန်ပိုမြှင့်လာပြီး CDF ဘက်မှ နှစ်ဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။
မင်းတပ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ နှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကြား အပစ်ရပ်ထားသည့် သဘောတူညီမှု ပျက် ပြယ်သွားပြီးနောက် မေ ၁၂၊ ၁၃ ရက်နေ့များတွင် တိုက်ပွဲများ ပြန်စခဲ့ပြီး ယနေ့ မေလ ၁၄ ရက်နေ့တွင်လည်း တနေကုန် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
ချင်းဒေသ ကာကွယ်ရေး တပ်သားတဦးက“ကျနော်တို့ CDF ဘက်က Dead Body နှစ်ယောက် ရပါတယ်။ ဒီနေ့ မနက်က မြို့ ရဲ့ အရှေ့ ဘက် တိုက်ပွဲမှာ ကျသွားတာပါ။ တယောက်ကတော့ ဗုံးဆန်မှန်တယ်။ တယောက်ကတော့ စနိုက်ပါ မှန်သွား တယ်။ စနိုက်ပါ ကျည်မှန်ပြီး ဆုံးသွားတာ”ဟု ပြောသည်။
သေဆုံးခဲ့သူများ၏ အမည်နှင့် နေရပ်လိပ်စာများကို ချက်ချင်း မသိနိုင်ကြောင်း၊ စစ်အာဏာရှင်ကို ဆန့်ကျင်ရန် မင်းတပ်မြို့ ရှိ တမျိုးသားလုံး ထွက်၍ ခုခံ တိုက်ခိုက်နေခြင်းကြောင့် မည်သူမည်ဝါ ဖြစ်ကြောင်း ပြောရခက်သည်ဟု CDF တပ်သားများ က ပြောသည်။
“ကျနော်တို့က မြို့ကို ကာကွယ်နေတဲ့အချိန်မှာ မြို့ကို အရှေ့ဘက်၊ အနောက်ဘက်ကနေ ဝင်လာတယ်။ သူတို့ အလောင်း တွေကို မြို့ ထဲကို ပြန်သယ်လို့တော့ မရသေးဘူး။ မြို့ အရှေ့ဘက် ကျနော်တို့ အသာစီးရတဲ့နေရာမှာလည်း တိုက်ပွဲပြင်း တယ်။ အနောက်ဘက်မှာလည်း တိုက်ပွဲပြင်းတယ်။ မြို့ထဲမှာလည်း ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။
လူမှုကွန်ရက် Facebook စာမျက်နှာတွင် ပျံ့ နှံ့လာသည့် ဗီဒီယိုဖိုင်တခုအရ ယနေ့ မင်းတပ်မြို့ အနီးတွင် စစ်ကောင်စီ လက်နက်ကိုင်တပ်များ ပစ်ထားခဲ့ရသည့် စစ်ကား ၅ စီး သို့မဟုတ် ၆ စီးခန့်မှ လက်နက်နှင့် ရိက္ခာများကို ချင်းဒေသခံ ကာကွယ်ရေး အဖွဲ့များက ယူဆောင်သွားခဲ့ကြသည်ကို တွေ့ရသည်။
“ဒါတွေကိုတော့ ကျနော်တို့ အသေးစိတ် ပြောလို့ မရပါဘူး။ အရှေ့ဘက် မြို့ အထက်ပိုင်းမှာတော့ ကျနော်တို့ အသာစီးရ နေတယ်လို့ပဲ အဲလောက်ပဲ ပြောနိုင်ပါတယ်”ဟု ယင်းဗီဒီယိုဖိုင်နှင့် ပတ်သက်၍ မင်းတပ်ဒေသခံတဦးက ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အခြား ဒေသခံတဦးကလည်း“တိုက်ပွဲအတွင်းမှာဆိုတော့ ကျနော်တို့ဘက်က ကျဆုံးတဲ့သူ တွေကို ဆွဲတယ်။ ဒဏ်ရာရတဲ့သူတွေကို ဆွဲတယ်။ သူတို့ဘက်က ကျသွားတဲ့သူတွေကို မြင်ရတာ အနည်းဆုံး ငါးယောက်၊ ခြောက်ယောက်တော့ ရှိမှာ။ တပ်ဆုတ်ပြီး ပြေးတဲ့လူလည်း ရှိတယ်။ ခံပစ်တဲ့လူလည်း ရှိတယ်”ဟု ပြောသည်။
ယခုအခါ မင်းတပ်တွင် စစ်မျက်နှာ ၃ ခု ဖြစ်ပွားနေပြီး စစ်ကောင်စီ လက်နက်ကိုင်တပ်များ ချီတက်လာသည့် မြို့ ၏ အရှေ့ ဘက်ခြမ်း၊ မြို့၏ အနောက်ဘက်ခြမ်းနှင့် ယခင်က စစ်ကောင်စီတပ်များ အခြေပြုထားသည့် မြို့ ထဲရှိ နေရာ ၃ ခုတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

“အထက ၂ ကျောင်းကို ပစ်တယ်။ လူနေအိမ်တွေထဲကို ပစ်တယ်။ ကျနော်တို့ရဲ့ ထောက်ပို့ကားတွေကိုလည်း ပစ်တယ်။ ကျနော်တို့ရဲ့ လူနာတင်ကားတွေကိုပါ သူတို့ ပစ်နေတာ။ အခုလက်ရှိကို မြို့ထဲမှာလည်း ပစ်ခတ်မှု ရှိတယ်။ မြို့ အရှေ့ ဘက်ခြမ်းကိုတော့ ကျနော်တို့ ထိန်းထားနိုင်ပါတယ်”ဟု မင်းတပ်ဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။
စစ်ကောင်စီလက်နက်ကိုင်တပ်များက မင်းတပ်ဘက်သို့ လက်နက်ကြီး ၁၅၂မမ၊ RPG၊ စစ်သေနတ်များအပြင် အင်အား အဆမတန်သုံး၍ တိုက်ခိုက်နေကြောင်း CDF(မင်းတပ်)က ထုတ်ပြန်ကြေညာချက်တစောင် ထုတ်ပြန်ထားသည်။
လူမှုကွန်ရက်တွင် မတူပီနှင့် ကန်ပက်လက်ဘက်မှလည်း မင်းတပ်ကို ကူညီရန် စစ်ကောင်စီတပ်များကို တိုက်ခိုက်ပေး နေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မဟုတ်မှန်ကြောင်း၊ ၎င်းတို့က အတတ်နိုင်ဆုံး ရပ်တည်ပေးရန် အကြောင်းကြားခဲ့သော်လည်း ကျောက်ထုဒေသဘက်မှ အကူအညီတချို့သာ ရရှိခဲ့ကြောင်း သိရသည်။
“ကျောက်ထုကတော့ ကျနော်တို့နဲ့ အဓိက အချိတ်အဆက် ရှိတယ်။ ကျောက်ထုဘက်ကတော့ စစ်ကူလာတဲ့ကားတွေကို Defense လုပ်ပေးတယ်။ ကာကွယ်ပေးတယ်ပေါ့”ဟု ဒေသခံတဦးက ပြောပြသည်။
၎င်းက ဆက်၍ “ကျနော်တို့ တမြို့တည်းတင် မဟုတ်ဘဲနဲ့ ဒီအချိန်မှာ တနိုင်ငံလုံးအနေနဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေး အကောင်အထည် ဖော်သင့်ပြီလို့ အကြံပေးချင်ပါတယ်”ဟု ပြောသည်။
အာဏာသိမ်းစစ်ကောင်စီကမူ မင်းတပ်မြို့၏ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးအတွက် ပိုမို ထိ ရောက်စွာ ဆောင်ရွက်နိုင်ရန် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကို အာဏာလွှဲလိုက်ပေးလိုက်ပြီး စစ်အုပ်ချုပ် ရေးအာဏာကို ကျင့်သုံးရန် အခွင့်အာဏာပေးကြောင်း မနေ့က ကြေညာသည်။
မင်းတပ်မြို့ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ ဝင်တဦးကမူ စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး ကြေညာချက်မှာ မင်းတပ်ဒေသ အတွက် အကျုံးမဝင်ဘဲ မြို့ ၏ ၆၀ ရာခိုင်နှုန်းကို ပြည်သူများဘက်က ထိန်းချုပ်ထားပြီး ဖြစ်ကြောင်း ပြောသည်။
“မာရှယ်လောဆိုတာ ဒီဘက်မှာ အကျုံးမဝင်ပါဘူး။ ပြည်သူတွေကလည်း လက်မခံပါဘူး။ လောလောဆယ်တော့ တိုက်ပွဲ မှာ အာရုံစိုက်နေရတယ်။ မြို့ တွင်း အုပ်ချုပ်ရေးကတော့ တော်တော်များများကို ကျနော်တို့ အုပ်ချုပ်နိုင်ပြီ။ ပစ်ခတ်နေတဲ့ ရဲစခန်းနေရာနဲ့ ကျန်တဲ့နေရာတချို့ ကတော့ ကျနော်တို့ မထိန်းသိမ်းနိုင်သေးဘူးပေါ့”ဟု ၎င်းက ရှင်းပြသည်။
အုပ်ချုပ်ရေးကိစ္စများကိုမူ အသေးစိတ် မပြောနိုင်သေးကြောင်း၊ လက်နက်ကြီးများဖြင့် မြို့ထဲသို့ ဆက်တိုက် ပစ်နေသဖြင့် မြို့ ကာကွယ်ရေး အရင်လုပ်နေရကြောင်း၊ ဒဏ်ရာရသူများကို ဆေးကုသပေးနိုင်ရေးနှင့် စားသောက်ရေး ကိစ္စများ အဓိက စီမံပေးနေကြောင်း သိရသည်။
“သူတို့က အကြမ်းဖက်ပြီးသား။ ရမ်းကားပြီးသား။ မာရှယ်လော ထုတ်လည်း မထူးပါဘူး။ သူတို့ ပစ်လို့ ဝန်ထမ်းလိုင်းခန်း မှာနေတဲ့ မိသားစုတွေလည်း ထိတယ်။ CDM ရော၊ None CDM ဝန်ထမ်းတွေရော ထိတယ်။ သူတို့က အဲဒီဘက်ကိုပါ လက်နက်ကြီးတွေနဲ့ ပစ်တာ။ မဲမဲမြင်ရာ ပစ်နေတာ”ဟု အထက်ပါ မြို့ အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောသည်။
သို့သော် ယခု တိုက်ပွဲများသည် ချင်းအမျိုးသား တပ်ဦး (CNF)နှင့် လုံး ပတ်သက်မှု မရှိကြောင်း၊ စစ်ရေးအရ ဖြစ်စေ၊ နိုင် ငံရေးအရ ဖြစ်စေ CNF နှင့် လုံးဝ ပတ်သက်မှု မရှိကြောင်း ၎င်းတို့က အခိုင်အမာ ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြရင်း အဖမ်းခံရသူ လူငယ် ၇ ဦးကို ပြန်လွှတ်ပေးရန် ရဲစခန်းသို့ သွားရောက် တောင်းဆိုခဲ့ရာမှ ညှိနှိုင်းမှု မပြေလည်ဘဲ ညပိုင်းတွင် တိုက်ပွဲ စတင် ဖြစ်ပွားခဲ့သည်။
ဧပြီလ ၂၅ ရက်နေ့တွင် တိုက်ပွဲ မရှိသေးဘဲ ဧပြီလ ၂၆ ရက်နေ့မှစ၍ စစ်ကောင်စီ၏ ယာဉ်တန်းများကို မင်းတပ်ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက စုဖွဲ့ တိုက်ခိုက်ခြင်း၊ ဧပြီ ၂၇ ရက်နေ့တွင် စစ်တပ်၏ ခြေလျင် စစ်ကြောင်းကို ဝင်တိုက်ခြင်း စသည်တို့ ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။
နောက်ပိုင်းတွင် နှစ်ဖက် အပစ်ရပ်ထားရန် ညှိနှိုင်းခဲ့သော်လည်း မေလ ၁၂ နေ့မှ စတင်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က မင်းတပ်မြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
You may also like these stories:
ကနီမြို့ အထက်ပိုင်း ချင်းတွင်းမြစ်တွင် ရေကြောင်းတိုက်ပွဲ ဖြစ်
မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်
မုဒုံတွင် မီးနေသည်အမျိုးသမီးနှင့် ရက် ၂၀ အရွယ်ကလေးအား ဓားစာခံအဖြစ်ဖမ်းဆီး