မန္တလေးနှင့် မြို့မ၊ မြို့မနှင့် မန္တလေးသည် ခွဲခြားမရဟု အများသိကြသော်လည်း ယနေ့တွင်မူ စစ်ကောင်စီမှ ပြုလုပ်သည့် အခမ်းအနားကို ဖျော်ဖြေရန် မြို့မအဖွဲ့ကြီး လက်ခံလိုက်ခြင်းကြောင့် မန္တလေးလူထု၏ ဝေဖန်ပြစ်တင်မှုကို ခံနေရသည်။
မြို့မတူရိယာအသင်းသည် မေလ ၁၄ ရက်တွင် မန္တလေးမြို့၃၈ လမ်း နှင့် ၇၈ လမ်းထောင့်တွင် ရှိသည့် မျက်ပါးရပ် စစ်တပ် ဝင်းအတွင်း ရတနာပုံခန်းမ ဖွင့်ပွဲတွင် ဖျော်ဖြေရမည်ဖြစ်ရာ ထိုသို့ စစ်ကောင်စီ၏ အခမ်းအနားတခုကို ဖျော်ဖြေရန် လက်ခံ လိုက်ခြင်းမှာ ငွေကြေးကြောင့် မဟုတ်ဘဲ ဖိအားပေးမှုများကြောင့် ဖြစ်ကြောင်း မြို့မတူရိယာအသင်းသား တဦးကပြော သည်။
“သေချာတာ တခုက ကျနော်တို့ကို ဖိအားပေးမှုတွေ ရှိတာပေါ့ဗျာ။ ပြည်သူကလည်း ဒီပွဲကို လက်ခံတီးတဲ့အတွက် ကျနော် တို့အပေါ် ငြိုငြင်တာပေါ့ဗျာ။ ကျနော်တို့က ငွေရေးကြေးရေးကြောင့် မဟုတ်ဘူး။ ကျနော်တို့ မြို့မက ပြည့်စုံပြီးသား။ အနု ပညာသမားဆိုတော့ ကျရာ တာဝန်ထမ်းဆောင်တဲ့ သဘောပေါ့ဗျာ။ ဒီအချိန်မှာ မလုပ်ချင်ပါဘူး။ ဒီကြားထဲမှာ တခြားပွဲ တွေ လာငှားတာတွေ ရှိတယ်။ ကျနော်တို့ လက်မခံဘူး” ဟု မြို့မ တူရိယာအသင်းသား တဦးက ပြောသည်။
ထိုကဲ့သို့ ပွဲဖျော်ဖြေမည့် ကိစ္စရပ်အား မြို့မအမှုဆောင်အဖွဲ့ဝင်များက ဆွေးနွေးကြသည့်အခါတွင် အသင်းသားများ အနေ ဖြင့်တီးခတ်ချင်သည့် ဆန္ဒမရှိပါက မလာရောက်နိုင်ကြောင်းလည်း ပြောဆိုထားသည်ဟု သိရသည်။
“ပြည်သူကလည်း ငြိုငြင်တာတွေ တွေ့ရပါတယ်။ လိုင်းပေါ်မှာ အပြစ်တင် ဝေဖန်တာ တွေ တွေ့ရတယ်။ ဒါလည်း ပြည်သူကို အပြစ်မမြင်ပါဘူး။ ပြည်သူရဲ့ခံစားချက်ကို နားလည်ပါတယ်။ ကျနော်တို့ရဲ့အခက်အ ခဲ အကျပ်အတည်းကို ပြည်သူတွေ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ တကယ် ရင်ဆိုင်ရတဲ့အခါမှာ ကျနော်တို့မှာ ရွေးချယ်ပိုင်ခွင့် များများစားစား မရှိဘူး” ဟု ၎င်းက ဆိုသည်။
မြို့မ အသင်းကြီး အနေဖြင့် ယခုနှစ်သင်္ကြန်တွင် ဖျော်ဖြေတီးခတ်ပေးရန် စစ်ကောင်စီက ငှားရမ်းခဲ့သော်လည်း လက်မခံခဲ့ ကြောင်းလည်း သူကဆိုသည်။
တခြားသော မြို့မအသင်းဝင်တဦးကလည်း စစ်ကောင်စီဘက်က ကမ်းလှမ်းချက်ကို လက်မခံပါက အသင်းကိုချိတ်ပိတ် မည်ဖြစ်ပြီး အသင်းသားများကိုလည်း ၅၀၅ က ဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်မှုများဖြစ်ကြောင်း ပြောဆိုထားသည်။
ဆရာကြီး မြို့မငြိမ်းက ဦးဆောင်တည်ထောင်ခဲ့ကာ ပန်းချီဆရာကြီး ဦးဘသစ်၊ ဓားတန်း ဦး သန်း၊ တောင်မြို့ ဦးကိုလေး၊ ဦးယဉ်လေး အစရှိသည့် လူပုဂ္ဂိုလ် ၁၂ ဦးဖြင့် ၁၉၂၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဘာသာ ရေး၊ သာသနာရေးပွဲများတွင် ဖျော်ဖြေခဲ့ရာမှ မြို့မတူရိယာအဖွဲ့ဟု လူသိများခဲ့ခြင်းဖြစ်သည်။ မြို့မအသင်းကြီးမှာ မန္တလေး မြို့၏ အထင်ကရ အထိမ်းအမှတ်တခုလည်း ဖြစ်သလို နှစ်ကာလသက်တမ်းအရှည်ကြာဆုံးလည်း အသင်းကြီးတခုလည်း ဖြစ်သည်။
You may also like these stories:
မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်
အများနဲ့ မတူ တမူထူးခြားတဲ့ မန္တလေး သင်္ကြန် နဲ့ မြို့မ